သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုဘားမားခရီးစဉ် ကြိုတဲ့ မြန်မာ့မီဒီယာ


မြန်မာပြည်တွင်းသတင်းဂျာနယ်များတွင် ဝေဝေဆာဆာ တွေ့ရတဲ့ အမေရိကန်သမ္မတအိုဘားမားဓာတ်ပုံ။
မြန်မာပြည်တွင်းသတင်းဂျာနယ်များတွင် ဝေဝေဆာဆာ တွေ့ရတဲ့ အမေရိကန်သမ္မတအိုဘားမားဓာတ်ပုံ။
အမေရိကန်သမ္မတ ဘာရပ်အိုးဘားမား မြန်မာနိုင်ငံကို ရောက်လာမယ့် ရက် နီးကပ်လာတာနဲ့အမျ မြန်မာသတင်းမီဒီယာတွေမှာ အမေရိကန်သမ္မတခရီးစဉ်နဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာသလို သမ္မတဆိုက်ရောက်လာမယ့် ရန်ကုန်မြို့မှာလည်း လုံခြုံရေးတင်းကျပ်မှုတွေ ရှိနေပါတယ်။ ဒီအကြောင်း ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

အမေရိကန်သမ္မတ ဘရပ်အိုဘားမားဟာ မြန်မာနိုင်ငံကို ဒီရက်ပိုင်းအတွင်းမှာပဲ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ အခုလိုမျိုး အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းခေါင်းဆောင်သမ္မတတဦးရဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာမယ့် သမိုင်းဝင်ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံသတင်းမီဒီယာတွေမှာ လည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေပါတယ်။ ဒါပေမယ့် ပုဂိုလပိုင် သတင်းဂျာနယ်တွေမှာပဲ ဝေဝေဆာဆာဖော်ပြနေပြီးတော့ အစိုးရပိုင် သတင်းမှာတော့ သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုတာမရှိဘူးလို့ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဥက္ကဌ မောင်ဝံသက ဗွီအိုအေမြန်မာပိုင်းက ပြောပါတယ်။

“သတင်းကတော့ ပြည်တွင်းလို ပုဂ္ဂလိကမီဒီယာတွေကတော့ အကုန်လုံးက အသားပေးပြီးတော့ ထည့်ကြပါတယ်။ သေချာလေးလေးစားစားထည့်တယ်။ အသားပေးပြီးတော့ ထည့်ပါတယ်။ အစိုးရသတင်းစာမှာတော့ အခုအချိန်အထိ အကျယ်တဝင့်ကြီးတော့ မထည့်သေးဘူး။ အဲ့သလိုသိရတယ်။ ပုဂ္ဂလိကသတင်းစာတွေကတော့ သူတို့ရတဲ့ Sources တွေကတော့ နိုင်ငံခြားသတင်းတွေကရတာတွေ၊ အွန်လိုင်းမီဒီယာကတဆင့် ရတာတွေ၊ နောက် ဒေါ်အောင်ဆန်းစုကြည် ရဲ့ NLD Source က ရတာပေါ့လေ။”

သမ္မတအိုဘားမားရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုလည်း သတင်းစာဆရာမောင်ဝံသက အခုလိုသုံးသပ်ပါတယ်။

“တကယ်တမ်းပြောမယ်ဆိုရင် မြန်မာနိုင်ငံကို အမေရိကန်က ထိပ်သီးတယောက်၊ နိုင်ငံအကြီးအကဲ
တယောက် မလာတာဆိုရင် သိရသလောက်ဆိုရင် ရာစုနှစ် တဝက်လောက်ကို ရှိသွားပါပြီ။ ဒါကြောင့် အင်မတန်မှ ထူးခြားတဲ့ ခရီးစဉ်ဖြစ်တယ်။ သူလာတာ တရက်ပဲပြည့်ပြည့် မပြည့်ပြည့်ပေါ့။ မြန်မာနိုင်ငံံံကို အမေရိကန်သမ္မတကြီးတယောက်၊ အခုလောလောဆယ် ပူပူနွေးနွေး ဒုတိယသက်တမ်းအတွက် အနိုင်ရထားတဲ့ သမ္မတရောက်လာတာဟာ တိုင်းပြည်အတွက်ရော၊ လက်ရှိအစိုးရအတွက်ရော၊ နောက် မြန်မာနိုင်ငံမှာ ရှိတဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေ၊ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေ၊အတွက် အင်မတန်မှ တွန်းအားပေးတဲ့ အားဆေးကြီးတခုလိုပါပဲ။"

ရုပ်ရှင်သရုပ်ဆောင်လူမင်းကလည်း အခုလို အမေရိကန်သမ္မတဦး ရန်ကုန်ကို လာရောက်တာဟာ ပြုပြင်ပြောင်းလဲရေးကိုလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်ကို ပိုပြီးတော့ရလာစေမယ်လို့ ဆိုပါတယ်။

“ကျနော်တို့တိုင်းပြည်အတွက်၊ ကျနော်တို့ပြည်သူတွေအတွက်၊ ကမ္ဘာက ကျနော်တို့ပြည်သူတွေဘက်မှာရှိတယ်ဆိုတာ အခုလက်တလော ပူပူနွေးနွေး ဒုတိယသက်တမ်းထမ်းဆောင်ခွင့်ရတဲ့ သမ္မတကြီးဟာ ကျနော်တို့ ပြည်သူတွေဆီကို လာတယ်ဆိုတာ ကျနော်တို့ပြည်သူတွေရဲ့ လိုလားချက်၊ ကျနော်တို့ပြည်သူတွေရဲ့ တောင်းဆိုချက်တွေ၊ နောက် လက်ရှိအစိုးရက နောက် ဘယ်တော့များ နောက်ကြောင်းပြန်လှည့်မလည်းဆိုတဲ့၊ စိုးရိမ်ပူပင်နေတဲ့ သံသယတွေကို ဖယ်ရှားပေးနိုင်မယ့်၊ ကျနော်တို့ပြည်သူဘက်က အားရှိစေမယ့်၊ ခရီးစဉ်တခုလို့ ကျနော်တို့ ဝမ်းသာအားရ သုံးသပ်မိပါတယ်။”

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးတွေကို လက်ရှိအစိုးရကနေ လုပ်ပေးနေတယ်ဆိုတဲ့အချိန်မှာပဲ အခြေခံပြည်သူတွေမှာ ပြောင်းလဲမှု တစုံတရာမရှိသေးတာကို အမေရိကန်သမ္မတတယောက်အနေနဲ့ ပြည်သူတွေရဲ့ အဓိကအခက်အခဲတွေကို နားလည်သင့်တယ်လို့ လယ်သိမ်းယာသိမ်းပြဿနာတွေနဲ့ လုပ်ခ လစာနစ်နာကြေးတွေအတွက် တောင်းဆိုဆန္ဒပြနေတဲ့ တောင်သူလယ်သမားရေးနဲ့ အလုပ်သမားရေးကူညီဆောင်ရွက်ပေးနေတဲ့ ဦးဝင်းချိုက ပြောပါတယ်။

“အမေရိကန်သမ္မတလာတာကို ကျနော်တို့မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေမှန်တွေကိုလည်း သူသိစေချင်ပါတယ်။ ကျနော်တို့ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတယ်လို့ အစိုးရက ထပ်ခါတလဲလဲ ပြောနေသော်လည်းဘဲ အောက်ခြေအဆင့်မှာကတော့ အရင်လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၊ ၄၀လောက်ကို ဖျက်ဆီးခံထားရတဲ့၊ ခေါက်ရိုးကျိုးနေတဲ့ အပြုအမူတွေဟာ ယနေ့အချိန်အထိ အောက်ခြေပြည်သူတွေကို နှိပ်စက်နေဆဲဘဲဆိုတဲ့ အကြောင်းအရာကို အမှန်အတိုင်း သိတော့ သိစေချင်ပါတယ်။”

အမေရိကန် သမ္မတရန်ကုန်ခရီးစဉ်အတွင်း ရန်ကုန်မြို့တွင်း လုံခြုံရေးနဲ့ ဟိုတယ်လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားတယ်လို့လည်း ဟိုတယ်မှာ လက်ဆောင်ပစ္စည်း အရောင်းဆိုင်ဖွင့်လှစ်ထားတဲ့ ဦးဝင်းချိုကလည်း ဆိုပါတယ်။

အခုလက်ရှိ သမ္မတအိုဘားမားရဲ့ ရန်ကုန်ခရီးစဉ်အတွင်း အစိုးရအကြီးအကဲတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နဲ့ လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး ရန်ကုန်မြို့မှာ မြန်မာပြည်သူတွေကို မိန့်ခွန်းပြောမှာဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော်နဲ့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကနေ သတင်းတွေထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG