သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား ခရီးစဉ်အကြို ရန်ကုန်လုံခြုံရေး တင်းကျပ်


ရန်ကုန်တက္ကသိုလ် အဝင်ပေါက်မှာ တွေ့ရတဲ့ လုံခြုံရေး အစောင့်တဦး။ (နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၁၂)။
ရန်ကုန်တက္ကသိုလ် အဝင်ပေါက်မှာ တွေ့ရတဲ့ လုံခြုံရေး အစောင့်တဦး။ (နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၁၂)။
အမေရိကန်သမ္မတ ဘရက်အိုဘားမား ထိုင်းနိုင်ငံကနေတဆင့် မြန်မာနိုင်ငံကို မနက်ဖြန်မှာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ သမ္မတ အိုဘားမား အကြို ခရီးစဉ်အတွက် ရန်ကုန်မြို့မှာ ဘာတွေ ပြင်ဆင်ထားသလဲ ဆိုတာကို ဒီခရီးကို သတင်းယူဖို့အတွက် အခု ရန်ကုန်မြို့ကို ရောက်နေပြီဖြစ်တဲ့ ဗွီအိုအေ ဝိုင်းတော်သူ မစုမြတ်မွန်ကို ကိုသားညွှန့်ဦးက ဆက်သွယ် မေးမြန်းတဲ့အခါ မစုမြတ်မွန်က အခုလို စပြောပါတယ်။

“ကျမ ဒီနေ့ ရောက်လာတာကတော့ ရန်ကုန်လေဆိပ်ကို အရင် စရောက်တဲ့အခါ ကျတော့ ဘာမှ ထူးထူးခြားခြား သမ္မတ အိုဘားမား လာမှာမိုလို့ဆိုပြီး ပြင်ထားဆင်ထား တာကိုတော့ မမြင်ခဲ့ရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံကို အရင်တခေါက်တွေ ရောက်တုန်းကလည်း ရန်ကုန်လေဆိပ်ကို တွေ့ရတာလည်း ဒီအတိုင်းပဲ။ အခုလည်း ဒီအတိုင်းပဲ။ ဘာမှ ထူးထူးခြားခြား ဧည့်သည်တော်တယောက် လာမှာမိုလို့ ပြင်ဆင်ထားတာမျိုး မတွေ့ရဘူး။ ဒါပေမဲ့ လမ်းတွေမှာတော့ ပိုပြီးတော့ ရှင်းနေလင်းနေတာ တွေ့ရတယ်။ ဒါပေမဲ့ အလံတွေ လွှင့်ထားတာမျိုးတို့၊ ဆိုင်းဘုတ်တွေ ထောင်ပြီးတော့ ကြိုဆိုပါတယ် ဆိုတာမျိုး အခြားနိုင်ငံတွေမှာ လုပ်သလိုမျိုးတော့ ဘာမှ မတွေ့ခဲ့ရပါဘူးရှင်။”

ရန်ကုန်မှာ လုံခြုံရေး အနေအထားရော ဘယ်လိုရှိလဲ။ လုံခြုံရေး အခြေအနေပေါ့။ -

“လုံခြုံရေး အခြေအနေကတော့ ဒီကနေ့ ရန်ကုန် ရောက်ရောက်ချင်းပဲ သမ္မတ အိုဘားမား သွားမယ့်နေရာတွေပေါ့။ အထူးသဖြင့် လွှတ်တော် အဆောက်အဦးဘက်တို့၊ နောက်ပြီးတော့ တက္ကသိုလ် ရိပ်သာလမ်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံရှေ့တို့၊ နောက်တခါ အမေရိကန် သံရုံးဝန်းဘက်တွေ၊ ရန်ကုန်တက္ကသိုလ်ဘက်။ အဲဒါတွေကို လိုက်ပြီးတော့ ကြည့်ဖြစ်ပါတယ်။ သတိထား ပြောနိုင်တာကတော့ လေဆိပ်ကနေ ထွက်ကတည်းက လမ်းပေါ်တလျှောက် လုံးမှာ ယူနီဖောင်း ဝတ်ထားတဲ့ ရဲတပ်ရင်းက ရဲသားတွေ၊ လုံခြုံရေးတွေ နေရာတိုင်းမှာ တွေ့ရတယ်။ ဒါကတော့ မြင်သာထင်သာ ရှိပြီးတော့ နေရာတိုင်းမှာ လုံခြုံရေး အစောင့်တွေ ချထားတာ တွေ့ရတယ်။

"နောက်တခါ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင် ခမ်းမနားမှာ ဆိုရင်တော့ ဘာတွေ သိသိသာသာ တွေ့ရသလဲ ဆိုရင်တော့ ဘွဲ့နှင်းသဘင် ခမ်းမကို ပြင်နေဆင်နေတာတွေ အထဲထဲမှာ မြင်ရတယ်။ နောက်တခါ လုံခြုံရေးဆိုရင်လည်း အဲဒီအနားမှာ ချထားတာ မြင်ရတယ်။ နောက်တခါ သံရုံးရှေ့တို့၊ တက္ကသိုလ် ရိပ်သာလမ်းပေါ့လေ၊ သမ္မတ အိုဘားမား သွားမယ့်လမ်းတွေမှာ ဆိုရင်လည်း လုံခြုံရေးတွေကို တော်တော်လေး မြင်သာထင်သာ ချထားတာ တွေ့ရပါတယ်။

“နောက် အဓိက ပေါ့နော်၊ သမ္မတ အိုဘားမားက ရန်ကုန်တက္ကသိုလ်ထဲမှာ မိန့်ခွန်းပြောမှာ ဖြစ်တဲ့အတွက်တော့ အဲဒီမှာတော့ ဘာတွေ မြင်ရသလဲ ဆိုတော့ generator တွေ ချထားတာ တွေ့ရတယ်။ နောက်တခါ မီးသတ်ကားတို့ ဘာတို့၊ အဲဒီနားတဝိုက် အင်းလျားလမ်း၊ တက္ကသိုလ် ရိပ်သာလမ်းနဲ့ ပြည်လမ်းနဲ့ အဲဒီလို ပတ်ဝန်းကျင်တဝိုက်မှာတော့ လုံခြုံရေးတွေ သေသေချာချာ ချထားတာ တွေ့ရပါတယ်ရှင်။”

အခု သမ္မတ အိုဘားမား လာမယ့်ကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ခံတွေကရော ဘယ်လောက်ထိ စိတ်ဝင်စားမှု တွေ့ရလဲ။ -

“ရန်ကုန်မြို့ခံတွေကတော့ အဓိက စိတ်ဝင်စားတယ် ဆိုတာက ဘယ်လိုလဲဆိုတော့ ပုံမှန် သာမန် ပြည်သူတွေကတော့ အမေရိကန် သမ္မတ တယောက် လာမယ်။ သူ့ကို မြင်ဖူးချင်တယ်။ နောက်တခါ မြန်မာနိုင်ငံမှာ မိန့်ခွန်းပြောမယ် ဆိုတာကြောင့်မိုလို့ သူ့မိန့်ခွန်းက သူ ဘာတွေ ပြောမလဲဆိုတာကို ကြားချင်တယ်။ တော်တော်များများကတော့ အဲဒီလို စိတ်ဝင်တစား ရှိနေကြပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက ကျတော့ သမ္မတ အိုဘားမား လာတဲ့အတွက်ကြောင့်မိုလို့ မြန်မာနိုင်ငံမှာ ဒီထပ်ပိုပြီး အပြောင်းအလဲတွေ ထပ်ဖြစ်သွားမလဲ၊ ဒီထပ် တိုးတက်မှုတွေ ဘာတွေ ရှိလာမလဲ၊ နောက်တခါ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ကို ဘာတွေ ထပ်ပြီးတော့ ပေးနိုင်မလဲ ဆိုတဲ့ မျှော်လင့်ချက်မျိုးတွေ ရှိလာတာ တွေ့ရပါတယ်ရှင့်။”

မစုမြတ်မွန်ရေ… ကျေးဇူးပါခင်ဗျာ။
XS
SM
MD
LG