သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား အစ္စရေးလ်သို့ သွားမည်


အစ္စရေးလ်ဝန်ကြီးချုပ် နတန်ယာဟု နဲ့ အမေရိကန်သမ္မတ အိုဘားမား
အစ္စရေးလ်ဝန်ကြီးချုပ် နတန်ယာဟု နဲ့ အမေရိကန်သမ္မတ အိုဘားမား
သမ္မတ အိုဘားမားအနေနဲ့ သူ့ရဲ့ အခု ဒုတိယသမ္မတ သက်တမ်းအတွင်း ပထမဆုံး ခရီးစဉ်အဖြစ်နဲ့ အစ္စရေးလ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ အဲ့ဒီကနေ ဂါဇာအနောက်ဘက်ကမ်းနဲ့ ဂျော်ဒန်တို့ကို သွားဖို့ရှိပါတယ်။

ခရီးစဉ်အတွင်း ဆွေးနွေးမယ့် အကြောင်းအရာတွေထဲ ဆီးရီယားနဲ့ အီရန်ကိစ္စအပါအဝင် ကိစ္စရပ် အတော်စုံစုံလင်လင်ကို ဆွေးနွေးမယ်လို့ သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ ဘယ်ရက် ခရီးစတင်မယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ကြေညာတာမရှိပါဘူး။

သမ္မတ အိုဘားမားနဲ့ အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ဂျမင် နတန်ယာဟု (Benjamin Netanyahu) ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ဖုန်းဆက်စကားပြောကြရာမှာ အခုလာမယ့် ခရီးစဉ်အတွက်ကို ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေး ကာနေး (Jay Carney) က ပြောပါတယ်။

သမ္မတ ဒုတိယသက်တမ်း အစနဲ့ အစ္စရေးလ်အစိုးရသစ် စတင်ဖွဲ့စည်းတဲ့အချိန်ဟာ အမေရိကန်နဲ့ အစ္စရေးလ်နိုင်ငံအကြား ဆက်ဆံရေး ပိုပြီး နီးကပ်ခိုင်မာစေဖို့ အခွင့်အလန်း ဖြစ်တယ်လို့လည်း ပြောခွင့်ရသူ မစ္စတာ ကာနေး က ပြောပါတယ်။ အီရန်နဲ့ ဆီးရီယားအရေး အပါအဝင် နှစ်ဘက် ပူပန်စရာ ကိစ္စရပ်တွေအားလုံးကို ဖြေရှင်းကိုင်တွယ်ဖို့ကိစ္စ ဆွေးနွေးကြဖို့ ပြောခဲ့တဲ့အကြောင်း မစ္စတာ ကာနေး က ပြောပါတယ်။

ဒါ့အပြင် သမ္မတ အိုဘားမား ဟာ ပါလက်စတိုင်း အာဏာပိုင်တွေ၊ ဂျော်ဒန်တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံပြီး နှစ်ဘက်ကိစ္စ၊ ဒေသတွင်းကိစ္စတွေကို အပြန်အလှန် ဆွေးနွေး တိုင်ပင်ကြမှာ ဖြစ်တယ်လို့ လည်း ပြောခွင့်ရသူက ပြောပါတယ်။


အမေရိကန်နဲ့ အစ္စရေးလ် ဆက်ဆံရေးဟာ အရင်ကထက်ပိုပြီး ခိုင်မာလာတယ်လို့ သမ္မတ အိုဘားမားရော အိမ်ဖြူတော် တာဝန်ရှိသူတွေကပါ မကြာခဏ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့လည်း အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင် နတန်ယာဟု (Benjamin Netanyahu) နဲ့ သမ္မတ အိုဘားမား ဆက်ဆံရေးဟာ ခက်ခဲတင်းမာတဲ့ သဘောတော့ တွေ့ရပါတယ်။

၂၀၀၈ ခုနှစ်တုန်းက သမ္မတ အိုဘားမားဟာ အစ္စရေးလ်နဲ့ ဂါဇာအနောက်ခြမ်းကို သွားရောက်ခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက သူဟာ သမ္မတကိုယ်စားလှယ်လောင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီတုန်းကတော့ အစ္စရေးလ်ကို အကာအကွယ်ပေးဖို့ အီရန် နျူကလီးယားလက်နက် မပိုင်ဆိုင်နိုင်ဖို့ ကိစ္စတွေကို အမေရိကန်ဘက်က ဆောင်ရွက်မယ်လို့ ကတိပေးခဲ့ပါတယ်။
XS
SM
MD
LG