သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား နိုဝင်ဘာလအတွင်း မြန်မာပြည် သွားမည်


မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန်
သမ္မတနဲ့ မြန်မာသမ္မတ တွေ့ဆုံ။ (နိုဝင်ဘာ ၁၉၊ ၂၀၁၄။)
မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန် သမ္မတနဲ့ မြန်မာသမ္မတ တွေ့ဆုံ။ (နိုဝင်ဘာ ၁၉၊ ၂၀၁၄။)
အမေရိကန် သမ္မတအိုဘားမားအနေနဲ့ လာမယ့် နိုဝင်ဘာလထဲ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ ရန်ကုန်ရောက်နေတဲ့ အာရှ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ အာရှ ပစိဖိတ်ဒေသ တည်ငြိမ်ရေးနဲ့ဖွံဖြိုးရေးဟာ အမေရိကန်ပြည်ထောင်စုအတွက် အတော်လေး အရေးကြီးတာမို့၊ ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲကို တတ်ရောက်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။ ရန်ကုန်ရုံးခွဲကနေ ကိုသားညွန့်ဦး သတင်းပေးပို့ထားပါတယ်။

သမ္မတအိုဘားမား တာဝန်ယူပြီးနောက်ပိုင်းကတည်းက နိုင်ငံခြားရေးမူဝါဒ Asia Pivot အာရှကိုအလေးပေးတဲ့ မူဝါဒ ချမှတ်ခဲ့တဲ့နောက်။ မြန်မာအပါအဝင် အာရှ ပစိဖိတ်ဒေသနဲ့ ဆက်ဆံရေးတွေမှာ အထူးပဲ အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။ အာရှ ပစိဖိတ်ဒေသဟာ အမေရိကန်ပြည်ထောင်စုအနာဂတ်အတွက် တကယ့်ကို အရေးပါ အရာရောက်နေတာမို့၊ မြန်မာအနေနဲ့ အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ယူချိန်မှာ မြန်မာနဲ့ တွဲဖက်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံကို နှစ်ရက်ကြာရောက်ရှိ ခဲ့တဲ့ အာရှ ပစိဖိတ်ဒေသ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Russel က ပြောသွားတာပါ။

“၂၀၁၄ အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူချိန်မှာ မြန်မာနိုင်ငံနဲ့ တွဲကူဖို့ ကျနော်တို့ ဆန္ဒရှိပါတယ်။ ခိုင်မာအားကောင်း တက်ကြွပြီး တစည်းတလုံး တည်းရှိတဲ့ အာဆီယံအသင်းကြီးဟာ အာရှ ပစိဖိတ်ဒေသအတွက် တကယ့်ကို အရေးပါတဲ့ အဖွဲ့အစည်းဖြစ်လာဖို့ပါ။ အာရှ ပစိဖိတ်ဒေသ အတွင်း နိုင်ငံရေးတည်ငြိမ်မှုနဲ့ စီးပွားရေးဖွံဖြိုးမှုဟာ အမေရိကန်ပြည်ထောင်စု အနာဂတ်အတွက်လည်း အတော့်ကို အရေးကြီးပါတယ်။”

အာရှ ပစိဖိတ်ဒေသရဲ့ အရေးပါမှုကို အလေးအနက်ထားတာကြောင့်လည်း၊ အခု မြန်မာနိုင်ငံမှာ ဒီနှစ်ကုန်ပိုင်းပြုလုပ်မယ့် ဒေသတွင်း ထိပ်သီးအစည်းအဝေးကို သမ္မတအိုဘားမား တက်ရောက်ဖို့ရှိတယ်လို့ Mr.Russel က ပြောပါတယ်။

“ဒါကြောင့်လည်း သမ္မတအိုဘားမားအနေနဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် စာချုပ်ကို လက်မှတ်ထိုးဖို့နဲ့၊ အမေရိကန်နဲ့ အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံတဲ့ နှစ်စဉ်ကျင်းပနေကြ အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှာ နှစ်စဉ်ပါဝင်တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီအတွက် သမ္မတအိုဘားမားအနေနဲ့ အခုနှစ် နိုဝင်ဘာလ မြန်မာနိုင်ငံ မှာ မြန်မာသမ္မတ ဦးသိန်းစိန် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပမယ့် အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲကို ပါဝင်တက်ရောက်ဖို့ ကျနော်တို့ အပြည့်အဝမျှော်မှန်းထားပါတယ်။ ”

အမေရိကန်ပြည်ထောင်စုအနေနဲ့ Asia Pivot ခေါ်တဲ့ အာရှဒေသကို အလေးထားတဲ့ နိုင်ငံခြားရေးမူဝါဒ ချမှတ်ချိန်မှာပဲ၊ တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံမှာလည်း စစ်ခေါင်းဆောင်တွေဖက်က အပြောင်းအလဲတွေ လုပ်တာနဲ့ ဆုံခဲ့ပါတယ်။ ဒါကြောင့်လည်း အမေရိကန် မြန်မာဆက်ဆံရေးဟာ အရင်ဆယ်စုနှစ်တွေထက်ကို သိသိသာသာ တိုးတက်ပြောင်းလဲခဲ့တာပါ။

သမ္မတအိုဘားမားအနေနဲ့ မြန်မာနိုင်ငံကို ၂၀၁၂ နိုဝင်ဘာလထဲမှာ လာရောက်ခဲ့ပြီးတဲ့နောက်ပိုင်း၊ မြန်မာနဲ့ အမေရိကန် နှစ်ဖက်စလုံးက အစိုးရတာဝန်ရှိသူတွေ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အသင်းအပင်းတွေ အပြန်အလှန် ကူးလူးဆက်ဆံမှုတွေ အတော့်ကို အားကောင်း လာပါတယ်။ မြန်မာနိုင်ငံ အပေါ်မှာ စီးပွားရေးအရ ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုတွေ ရှိထားပေမယ့်၊ သမ္မတ လုပ်ပိုင်ခွင့်အမိန့်နဲ့ အရေးယူမှုတွေကို ဆိုင်းငံ့ထားခဲ့ပါတယ်။

အမေရိကန်လွှတ်တော်ဘက်မှာတော့ အမေရိကန်အစိုးရပိုင်းက အခုလို မြန်မာနိုင်ငံအပေါ် ချည်းကပ်မှုဟာ မြန်ဆန်လွန်းတယ်ဆိုပြီး လွှတ်တော်အမတ်အချို့ရဲ့ ဝေဖန်မှုရှိပါတယ်။ Mr.Russel ကတော့ အပြုသဘောတိုးတက်မှုတွေအတွက် မြန်မြန်ဆန်ဆန်ဆောင်ရွက်ရမှာဖြစ်သလို၊ ပြုပြင်ပြောင်းလဲရေးနောက်ကြောင်းပြန်လှည့်သွားနိုင်တဲ့ အခြေအနေတွေ အပေါ်မှာတော့ သတိကြီးကြီးထားပြီး ခပ်နှေးနှေးချည်းကပ်သွားမယ်လို့ တုန့်ပြန်ထားပါတယ်။
XS
SM
MD
LG