သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEAN လူငယ်ခေါင်းဆောင်မှု အိုဘားမားချီးကျူ း


YSEALI ခေါ် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှု ရှေ့ရှုဆောင်ရွက်တဲ့အစီအစဉ်နဲ့ ရောက်နေကြတဲ့ မြန်မာအပါအဝင် အာဆီယံ ဆယ်နိုင်ငံလူငယ်ခေါင်းဆောင်တွေနဲ့ သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံနေတဲ့ သမ္မတအိုဘားမား။
YSEALI ခေါ် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှု ရှေ့ရှုဆောင်ရွက်တဲ့အစီအစဉ်နဲ့ ရောက်နေကြတဲ့ မြန်မာအပါအဝင် အာဆီယံ ဆယ်နိုင်ငံလူငယ်ခေါင်းဆောင်တွေနဲ့ သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံနေတဲ့ သမ္မတအိုဘားမား။

အမေရိကန်သမ္မတ Barack Obama ဟာ YSEALI ခေါ် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှု ရှေ့ရှုဆောင်ရွက်တဲ့အစီအစဉ်နဲ့ ရောက်နေကြတဲ့ မြန်မာနိုင်ငံအပါအဝင် အာဆီယံ ၁၀ နိုင်ငံက လူငယ်ခေါင်းဆောင်တွေနဲ့ သမ္မတအိမ်ဖြူတော်မှာပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ထူထောင်ရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့အကြောင်း၊ အဲဒီလူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း အမေရိကန် ပြည်ထောင်စုအနေနဲ့ ထောက်ပံ့ ကူညီပေးနေကြောင်း ထည့်သွင်း ပြောကြားသွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအရေးကိုလည်း သမ္မတ အိုဘားမားက အလေးပေး ပြောကြားသွားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ ဇွန်လ ၁ ရက်နေ့ နေ့လည်က ပြုလုပ်သွားတဲ့ သမ္မတ အိုဘားမားနဲ့ YSEALI ခေါ် အရှေ့တောင်အာရှ လူငယ် ခေါင်းဆောင်မှု ရှေ့ရှုဆောင်ရွက်တဲ့ အစီအစဉ်နဲ့ ရောက်နေကြတဲ့ လူငယ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ မြန်မာ အမျိုးသမီးလူငယ်တဦးဖြစ်တဲ့ မဇင်မာမြင့်က သမ္မတအိုဘားမားနဲ့ ပရိသတ်ကို မိတ်ဆက်စကား ပြောကြားပေးခဲ့ပါတယ်။

“မင်္ဂလာပါ။ ကျမနံမည်က ဇင်မာမြင့်ပါ။ ကျမကတော့ မြန်မာနိုင်ငံ ရန်ကုန်မြို့က ဖြစ်ပါတယ်။ ကျမဟာ ချမ်းသာကြွယ်ဝတဲ့ မိသားစုက ဆင်းသက်လာတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီကနေ့မှာတော့ အမေရိကန်သမ္မတရဲ့အိမ်ကို ရှင်တို့အားလုံးနဲ့အတူ ရောက်နေပါတယ်။ ကျမ မိဘတွေဟာ အစိုးရဝန်ထမ်းတွေပါ။ ကျမဟာ ဘာကိုကျက်ရမယ်ဆိုတဲ့ ညွန်ကြားမှုပေးတဲ့ ပညာရေးစံနစ်နဲ့ ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။”

အရှေ့တောင် အာရှတိုက်အတွင်း လူဦးရေ သန်း ၆ဝဝ လောက်ရှိတဲ့အထဲက ၃ ပုံ ၂ ပုံဟာ အသက် ၃၅ အောက် လူငယ်တွေဖြစ်တဲ့အတွက် လူငယ်တွေကို ပြုစုပျိုးထောင်ဖို့ YSEALI ခေါ် အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်မှု အစီအစဉ်ကို စတင်လိုက် ဖြစ်ပါတယ်။ ဒီ YSEALI လူငယ်ခေါင်းဆောင်မှု အစီအစဉ်အတွက် လူငယ်တွေ အမေရိကန်နိုင်ငံမှာ လာရောက် လေ့လာနိုင်ဖို့ မြန်မာနိုင်ငံမှာ စတင် ကြေညာလိုက်တာလို့ သမ္မတ အိုဘားမားက ဒီအခမ်းအနားမှာ ပြန်လည် ပြောကြားခဲ့ပါတယ်။

“အရှေ့တောင်အာရှတိုက်အတွင်းက လူငယ်တွေရဲ့ အရည်အသွေးကို မြှင့်တင်ပေးဖို့အတွက် အဲဒီ လူငယ်တွေကို အမေရိကန်နိုင်ငံကို ခေါ်လာပေးမယ့် Fellowship အစီအစဉ်ကို မနှစ်က မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ လူထုတွေ့ဆုံပွဲအတွင်း အစောပိုင်းက ဇင်မာ ပြောခဲ့သလိုပဲ ကျနော် ကြေညာခဲ့ပါတယ်။ အဲဒီ ၇၅ ယောက်စာ ပထမအသုတ်အတွက် လူပေါင်း ၁,ဝဝဝ ကျော် လျှောက်ခဲ့ကြပါတယ်။ သူတို့ အကြိတ်အနယ် ပြိုင်ဆိုင်ခဲ့ရပါတယ်။ ဒီကနေ့ ခင်ဗျားတို့ကို YSEALI အစီအစဉ်ရဲ့ ပထမအသုတ်အဖြစ်နဲ့ လက်ခံကြိုဆိုပါတယ်။ ခင်ဗျားတို့အတွက် ဂုဏ်လည်း ယူပါတယ်။ ခင်ဗျားတို့တတွေ လုပ်ဆောင်နေကြတဲ့ အံ့သြဖွယ်ရာ လုပ်ငန်းတွေကို ကျနော်ဖတ်ခွင့် ရခဲ့ပါတယ်။”

ဒီ အာရှလူငယ်ခေါင်းဆောင် အစီအစဉ်ထဲမှာ ပါလာကြတဲ့ လူငယ်တွေ ကိုယ့်တိုင်းပြည်အသီးသီးမှာ လုပ်ဆောင်နေကြတဲ့ လုပ်ငန်းစဉ်တွေကို လေ့လာ၊ ဖတ်ကြည့်ခွင့်ရကြောင်း သမ္မတ အိုမားမားက ပြောကြားပြီးတဲ့နောက် လူငယ်ခေါင်းဆောင်တချို့ရဲ့ နာမည်ကိုခေါ်ပြီး သူတို့လုပ်နေတဲ့ လုပ်ငန်းစဉ်တွေကို သမ္မတက မီးမောင်းထိုးပြောကြားခဲ့တာမှာ မြန်မာနိုင်ငံက ဒေါက်တာ ခိုင်သစ္စာမောင် လုပ်နေတဲ့လုပ်ငန်းတွေကိုလည်း ထည့်သွင်း ပြောကြားသွားပါတယ်။

ဒီအစီအစဉ်အရ အာဆီယံ အဖွဲ့ဝင် နိုင်ငံအချင်းချင်းကြားမှာလည်း အတွေ့အကြုံတွေ ဖလှယ်လို့ ရနိုင်တဲ့အကြောင်း တခြား အိမ်နီးချင်း နိုင်ငံတွေမှာ ပြုလုပ်ခဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ဥပမာပေး မြန်မာနိုင်ငံရဲ့ လက်ရှိ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှု အခြေအနေတွေကို သမ္မတ အိုဘားမားက အခုလို ပြောပါတယ်။

“လူ့အခွင့်အရေး၊ ဒီမိုကရေစအရေး စတဲ့ကိစ္စတွေမှာ တိုင်းပြည်အတွင်း ကောင်းမွန်တဲ့ အလေ့အထတွေ ရှိလာရေး လုပ်ဖို့ဟာ အတော်အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရှိနေတဲ့ ရွေးကောက်ပွဲဟာ အင်ဒိုနီးရှားနိုင်ငံမှာလုပ်ဆောင်ခဲ့တဲ့ အသွင်ကူးပြောင်းရေး အစီအစဉ်သာ မရှိခဲ့ရင် ဖြစ်မယ်မထင်ဘူးလို့ ပြောရင် မှားမယ် မထင်ပါဘူး။ နောက် တခြား အာဆီယံအဖွဲ့ဝင် နိုင်ငံတွေထဲမှာလည်း စစ်အာဏာရှင်စံနစ်ကနေ ဒီမိုကရေစီစံနစ်ကို အသွင်ကူးပြောင်း သွားတဲ့ သင်ခန်းစာတွေ အရှေ့မှာ ရှိထားတော့ သမ္မတ ဦးသိန်းစိန်အနေနဲ့လည်း မြန်မာနိုင်ငံမှာ ဒီလို လုပ်ရင် ရနိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေ ရရှိသွားခဲ့ပါတယ်။ ဒါကြောင့် ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက် အစိတ်အပိုင်းတခုက တိုင်းပြည်တခုချင်းစီကနေ ဥပဒေတွေ၊ လူ့အခွင့်အရေးအခြေအနေတွေကို စောင့်ကြည့်ပြီး ကောင်းမွန်တဲ့ အလေ့အထတွေ ကျင့်ကြံ ဆောင်ရွက်ကြဖို့ပါ။ နောက် တိုင်းပြည်တခုက အမှားအယွင်းလုပ်နေပြီဆိုရင်လည်း တခြား တိုင်းပြည်တခုက အပြုသဘောဆောင်တဲ့ ဝေဖန်မှုလုပ်ပြီး တိုးတက် ကောင်မွန်တဲ့ လမ်းကြောင်းပေါ် ရောက်လာအောင် လုပ်ဆောင်ကြဖို့ပါ။ အာဆီယံ အနေနဲ့ ဒီကိစ္စကို ထူးခြားစွာ ဆောင်ရွက်နိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း မိတ်ဆွေအဖြစ် ပါဝင် ဆောင်ရွက်သွားမှာပါ။ ကျနော်တို့အနေနဲ့ ဒီတိုင်းပြည် တခုချင်းစီနဲ့ ထိတွေ့ ဆက်ဆံမှုတွေ ရှိနေပြီးသားပါ၊ ဒါပေမယ့် ရှေ့ရှောက်မှာ အာဆီယံတဖွဲ့လုံးနဲ့လည်း ဒီ ပူးပေါင်းဆောင်ရွက်ရေး ပုံစံကို ချမှတ် ကျင့်သုံးသွားချင်ပါတယ်။”

တွေ့ဆုံပွဲအတွင်း မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မှာ ခရီးသွားလုပ်ငန်းတွေ တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်နေတဲ့ ဆလိုင်းမွန်ပီးကလည်း သမ္မတ အိုဘားမားကို မေးခွန်း မေးခွင့်ရခဲ့တာမှာ - သမ္မတအနေနဲ့ ဘယ်ကဏ္ဍတွေက အရေးပါတယ်လို့ ထင်သလဲ၊ မြန်မာနိုင်ငံကို စီးပွားရေးအရ ဘယ်လို အကူအညီပေးနိုင်မလဲဆိုတဲ့ မေးခွန်းကို မေးခဲ့ပါတယ်။

“စီးပွားရေးကို အတင်းအကြပ် ချုပ်ကိုင်ထားတာ၊ စွန့်ဦးထွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူတွေကို လုပ်ပိုင်ခွင့် မပေးခဲ့တာတွေကြောင့် မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ အတွင်း အချိန်တွေ အများကြီး ဆုံးရှုံးခဲ့ပါတယ်။ ကျနော် မြန်မာနိုင်ငံကို ရောက်သွားတဲ့အချိန်မှာ အရမ်းကို အံ့သြသွားတဲ့အချက်က - မြန်မာနိုင်ငံဟာ ကျနော် အင်ဒိုနီးရှားနိုင်ငံကို စရောက်တဲ့ ၁၉၆၇ ခုနှစ်က အနေအထားကို ပြန်သတိရသွားစေတယ်။”

ဒါ့အပြင် သမ္မတ အိုဘားမားက မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေကို စင်္ကာပူနဲ့ တခြား အိမ်နီးချင်းနိုင်ငံတွေက အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီးတော့ ကျယ်တဝင့် ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ လူကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေသူတဦးရဲ့ မေးခွန်းကို ဖြေကြားတဲ့အခါမှာလည်း လတ်တလော ဖြစ်ပေါ်နေတဲ့ ရိုဟင်ဂျာတွေအရေးကို သမ္မတ အိုဘားမားက ထည့်သွင်း ပြောကြားသွားပါတယ်။ YSEALI - အရှေ့တောင် အာရှ လူငယ်ခေါင်းဆောင်မှု အစီအစဉ်ကို အမေရိကန်အစိုးရက လွန်ခဲ့တဲ့ ၂ နှစ်တုန်းက စတင်ခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်ရဲ့အောက်မှာ အရပ်ဖက် ထိတွေ့ ဆက်ဆံမှုလုပ်ငန်း၊ သဘာဝ ပတ်ဝန်းကျင်နဲ့ သဘာဝ သယံဇာတ အရင်းအမြစ် စီမံခန့်ခွဲမှု လုပ်ငန်း၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ စတဲ့ ကဏ္ဍအသီးသီးခွဲပြီး အမေရိကန် နိုင်ငံအတွင်းမှာရှိတဲ့ အရပ်ဖက်နဲ့ အစိုးရ အဖွဲ့အစည်းတွေမှာ သီတင်းပတ် ၄ ပတ်ကနေ ၆ ပတ်လောက်အထိ လာရောက် လေ့လာကြတာ ဖြစ်ပါတယ်။

လူငယ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ လေ့လာမှုအစီအစဉ်ပြီးခါနီး ရက်ပိုင်းအလိုမှာ သမ္မတ အိုဘားမားနဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံကြတာလည်း ဖြစ်ပါတယ် ခင်ဗျား။

XS
SM
MD
LG