သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အစွန်းရောက်တွေ အပေါ် စစ်ဆင်နွဲှနေကြောင်း ကန် ကြေညာ


အမေရိကန် အိမ်ဖြူတော် ပြောခွင့်ရ Josh Earnest။
အမေရိကန် အိမ်ဖြူတော် ပြောခွင့်ရ Josh Earnest။

Al-Qaida နဲ့ al-Qaida အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အဖွဲ့တွေအပေါ် စစ်ဆင်နွှဲမှု ပြုလုပ်နေသလိုပဲ ISIL လို့ခေါ်တဲ့ အစ္စလာမ် စစ်သွေးကြွတွေနဲ့ အမေရိကန်ပြည်ထောင်စုက စစ်ဆင်နွှဲနေတယ်လို့ အစိုးရဌာနကြီး ၃ ခုက အရာရှိတွေက ပြောပါတယ်။

အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ အခြေစိုက်တဲ့ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေတာကို စစ်ဆင်နွှဲနေတယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ အမေရိကန် အစိုးရဌာန တခုထက် ပိုတဲ့ ဌာနတွေက အရာရှိတွေက ပထမဆုံး အကြိမ် ထုတ်ဖော် ပြောဆိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ သောကြာနေ့မှာ သီးခြားစီ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေအတွင်း သမ္မတ အိမ်ဖြူတော်၊ ပင်တဂွန် စစ်ဌာနချုပ်နဲ့ နိုင်ငံခြားရေးဌာနတွေက အဲဒီလို စတင် သုံးနှုန်းလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့ ဖွဲ့စည်းပြီး Islamic State အစ္စလာမ် စစ်သွေးကြွတွေကို တိုက်ခိုက်သွားမယ်လို့ ဗုဒ္ဓဟူးနေ့က ရုပ်မြင်သံကြားကတဆင့် တိုင်းပြည်ကို ပြောကြားတဲ့ မိန့်ခွန်းထဲ သမ္မတ Barack Obama က ထည့်သွင်း ပြောဆိုသွားပေမယ့် ခြေလျင် တပ်သားတွေတော့ စေလွှတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှု၊ တန်ပြန် ထောက်လှမ်းရေး၊ လူသားချင်းစာနာတဲ့ အကူအညီပေးမှု၊ စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အီရတ်နဲ့ ဆီးရီးယားနိုင်ငံအတွင်းက တပ်ဖွဲ့တွေကို ထောက်ပံ့ပေးမှု စတဲ့ အဆင့် ၄ ဆင့်ခွဲ အကူအညီပေးနေတာကိုတော့ စစ်ဆင်နွဲတယ်လို့ သမ္မတ သူ့မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပါဘူး။

အမေရိကန်က အီရတ်မှာ လေကြောင်းက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်တာအပြင် ဆီးရီးယားနိုင်ငံအတွင်းကိုပါ တိုးချဲ့လုပ်ဆောင်ပြီး အစ္စလာမ် အစွန်းရောက်တွေ အင်အားနဲသွားအောင် လုပ်ဆောင်ပြီး အဆုံးသတ်မှာ သူတို့ကို အပြီးသတ် ခြေမှုန်းမယ့် အစီအစဉ်ကို သမ္မတ အိုဘားမားက အခုသီတင်းပတ်အတွင်း တိုင်းပြည်ကို ချပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG