သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OIC အဖွဲ့ မြန်မာနိုင်ငံ လာရောက်မည်


အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အတွင်းရေးမှူးချုပ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းကျရင် မြန်မာနိုင်ငံဆီ ရောက်လာ မှာ ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ဆီသွားဖို့ စီစဉ်ထားပေမဲ့လည်း ရခိုင်ပြည်သူလူထုက ကိုယ်စားလှယ်အဖွဲ့ကို လက်မခံနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ ရခိုင်ပြည်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

OIC အတွင်းရေးမှူးချုပ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့မှာ အဖွဲ့ဝင် ခုနစ်နိုင်ငံက ဝန်ကြီးဌာနတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်မှာဖြစ်ပြီး အတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့မနက် ၆ နာရီခွဲမှာ ရန်ကုန်လေဆိပ် ရောက်လာမှာဖြစ်ပေမဲ့ ဒီကနေ့ အင်္ဂါနေ့မှာတော့ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့က ကိုယ်စားလှယ်အဖွဲ့ဝင်တွေ ရောက်လာနိုင်တယ်လို့ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ လိုက်ပါလာမယ့် OIC ဂျာနယ်ရဲ့ အယ်ဒီတာ မစ် မာဟာ အာကီးလ် (Maha Akeel) က ဗွီအိုအေကို ပြောပါတယ်။

OIC အတွင်းရေးမှူးချုပ်နဲ့အဖွဲ့ မြန်မာနိုင်ငံဆီ ရောက်မလာခင် တစ်ရက်မှာကိုပဲ ဒီကနေ့ ရန်ကုန်မြို့မှာ ကန့်ကွက် ဆန္ဒပြခဲ့ကြတဲ့ သတင်းကို သူတို့သိထားပါတယ်လို့ မစ် မာဟာ က ပြောပါတယ်။ အဲဒီလို ကန့်ကွက်ဆန္ဒပြတာနဲ့ပတ်သက်ပြီး သူ့အနေနဲ့ အဖွဲ့ရဲ့ တရားဝင် ပြောရေးဆိုခွင့်ရှိသူ မဟုတ်တဲ့အတွက် အဖွဲ့ကိုကိုယ်စားပြုပြီး မပြောနိုင်ပေမဲ့ သူ့တစ်ဦးတည်းအမြင်ကိုတော့ မစ် မာဟာ က အခုလို ပြောပါတယ်။

“ကျမရဲ့ ပုဂ္ဂလိကအမြင်ကတော့ ဆန္ဒပြတာ၊ ဒါမှမဟုတ် တစ်ခုခု အကြမ်းဖက် လုပ်ဆောင်တာမျိုးထက် ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးပြောဆိုဖို့၊ အမြင်တွေကို အပြန်အလှန်ဖလှယ်ဖို့ အခွင့်အရေး ရှိသင့်ပါတယ်။”

ကိုယ်စားလှယ်အဖွဲ့ဟာ သောကြာနေ့မှာ ရခိုင်ပြည်နယ်ဆီ သွားရောက်ဖို့ စီစဉ်ထားတယ်လို့ မစ် မာဟာက ပြောပါတယ်။ ဒါပေမဲ့လည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်ကတော့ ရခိုင်ပြည်နယ်က လူထုအနေနဲ့ OIC အဖွဲ့ကို သူတို့ဒေသဆီ မလာစေချင်ဘူးလို့ ပြောပါတယ်။ ဒါဟာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ သဘောထား မဟုတ်သလို ပြည်ထောင်စုအစိုးရရဲ့ အစီအစဉ်နဲ့ လာကြမယ်ဆိုရင်လည်း ဆန္ဒပြတာတွေနဲ့ ကြုံရနိုင်တယ်လို့ ပြောပါတယ်။

“အရင်တခါလည်း လာမယ်လို့ လေသံပေးတာနဲ့ သံတွဲမှာ ပြဿနာဖြစ်တယ်။ ဟိုးအရင်အရင်ကလည်း လာမယ်လို့ပြောရင် ကျနော်တို့ IDP Camp တွေမှာ ပြဿနာတွေ ဖြစ်ကြပါတယ်။ ဆိုတော့ ကျနော်တို့အနေနဲ့ကတော့လေ ပြည်နယ်အစိုးရအနေနဲ့ မဟုတ်တောင်မှ ဒီက ရခိုင်ပြည်သူတွေကတော့ လက်မခံနိုင်တဲ့ အခြေအနေမှာရှိပါတယ်ခင်ဗျ။ ဒီ OIC က ကျနော်တို့ဆီမှာ တရားဝင် အဖွဲ့အစည်းလည်း မဟုတ်ဘူး။ ဘာမှန်းလည်းမသိတဲ့အတွက် တရားဝင် အကြောင်းကြားတာတော့ မရှိဘူး။ မဖြစ်မနေလာမယ်လို့ သူတို့က ပြည်ထောင်စုအစိုးရနဲ့ ဒါကို တဘက်က ဖိအားပေးလို့ ဘာလို့ လာမယ်ဆိုရင်လည်း ဒီကတော့ ဆန္ဒပြသွားကြမှာပဲ။ သူတို့ကတော့ ဒီမှာ အဲ့ဒီလို စီစဉ်နေပါတယ်။”

ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံဆီ မရောက်ခင်ကတည်းက ဆန္ဒပြ ကန့်ကွက်တာမျိုး ရှိနေတဲ့အချိန်မှာ ဒီခရီးစဉ် အောင်မြင်မှုရဖို့ ဘယ်လောက်ထိ အကောင်းမြင် မျှော်လင့်ချက် ရှိထားပါသလဲဆိုတဲ့အပေါ်မှာ မစ် မာဟာရဲ့အမြင်ကတော့ -

“ကိုယ်စားလှယ်အဖွဲ့ရဲ့ အခု မြန်မာနိုင်ငံ ခရီးစဉ်ဟာ အချိန်ကောင်းဖြစ်တယ်လို့ ကျမ မြင်ပါတယ်။ ရလဒ်ကောင်းတွေ ရလာဖို့ ကျမတို့ မျှော်လင့်ထားပါတယ်။”

OIC ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာအစိုးရ အဆင့်မြင့် တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိပါတယ်။ ဆွေးနွေးမှုတွေအတွင်း အဓိကပါဝင်မယ့် အကြောင်းအရာတွေထဲမှာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ အနေအထား၊ သူတို့ရဲ့ လူသားဆိုင်ရာ လိုအပ်ချက်တွေ၊ အခြေစိုက် ရွှေ့ပြောင်းရေးအစီအစဉ်၊ အခြေခံ လူ့အခွင့်အရေးနဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ အခွင့်အရေးတွေ ပါဝင်မယ်လို့ နိုဝင်ဘာလ ၆ ရက်နေ့စွဲနဲ့ OIC အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပါတယ်။

OIC အဖွဲ့ရဲ့ ကိုယ်စားလှယ်ရုံးခွဲ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ဖို့ကိစ္စ ထည့်သွင်း ဆွေးနွေးဖို့ ရှိ - မရှိ အတိအကျ မသိရပေမဲ့ ရုံးခွဲဖွင့်ဖို့ကိစ္စ သဘောတူထားတာမျိုး လုံး၀ မရှိသလို ဖွင့်ဖို့ရှိတယ်ဆိုရင်တောင်မှ အစိုးရအနေနဲ့ တားမှာဖြစ်တယ်လို့ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန် က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ရယူမှာဖြစ်တာနဲ့အမျှ အဲဒီလိုအခြေအနေဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာလူထုရဲ့ ယဉ်ကျေးမှုနဲ့ လူမှုအခွင့်အရေးတွေကို ပံ့ပိုးကာကွယ်ဖို့ မြန်မာအစိုးရကို အားပေးလိမ့်မယ်လို့ OIC က မျှော်လင့်ကြောင်း အတွင်းရေးမှူးချုပ်က ထောက်ပြထားတာကိုလည်း OIC ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

OIC အတွင်းရေးမှူးချုပ်ဟာ ဗုဒ္ဓဟူးနေ့မနက် ၆ နာရီခွဲမှာ ရန်ကုန်လေဆိပ်ရောက်တာနဲ့ သတင်းမီဒီယာတွေကို ခဏတာ စကားပြောဖို့ ရှိတယ်လို့ မစ် မာဟာ က ပြောပါတယ်။
XS
SM
MD
LG