သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OIC ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ် လေ့လာ


ရခိုင်ပြည်နယ် စစ်တွေမြို့ ဘာဒူတ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ
ရခိုင်ပြည်နယ် စစ်တွေမြို့ ဘာဒူတ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ
OIC လို့ခေါ်တဲ့ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ကိုယ်စားလှယ်အဖွဲ့တွေဟာ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မူကိုလေ့လာဖို့အတွက် မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ စစ်တွေမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ OIC ရဲ့ အထွေထွေအတွင်းရေးမှူး မြန်မာနိုင်ငံကို မလာခင်မှာ ရှေ့ပြေးအဖြစ်နဲ့ ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို လေ့လာဖို့အတွက် မြန်မာအစိုးရထံမှာ ခွင့်ပြုချက်ရယူပြီး အခုလိုရောက်လာတာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

OIC ရဲ့ အထွေထွေအတွင်းရေးမှူး Ekmeleddin Ihsanoglu မြန်မာနိုင်ငံကို ကိုယ်တိုင်မသွားရောက်ခင် ရှေ့ပြေးအဖြစ်နဲ့ OIC ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ် Ufuk Gokcen ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ အချက်အလက် ရှာဖွေစုဆောင်းဖို့ မြန်မာနိုင်ငံကို တနင်္ဂနွေနေ့က ရောက်လာကြတာဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ပဋိပက္ခ အစိုးရ သတင်းထုတ်ပြန်ရေးကော်မီတီဥက္ကဌ ဦးလှသိန်းက ပြောပြပါတယ်။

“ ကျနော်တို့ သူတို့နဲ့ တွေ့ဆုံတယ်။ သူတို့နဲ့ မျက်နှာခြင်းဆိုင် ပြောကြတဲ့ အခါမှာတော့ သူတို့ပြောတဲ့စကားအတိုင်းဆိုရင် သူတို့က လာတဲ့ရည်ရွယ်ချက်ကတော့ ဖြစ်ပျက်တာတွေကို သူတို့ သိပ်ပြီးတော့ လုပ်ဖို့မဟုတ်ပါဘူးတဲ့။ ဖြစ်ပျက်ပြီးရင် ရှေ့ဆက်ပြီးတော့ သူတို့ ဘာတွေ လိုသလဲ။ သူတို့ဘက်က ဘာတွေ လုပ်ပေးရမလဲလို့ ကျနော်တို့ကို စပြီး ဆွေးနွေးတာလေ။ ဆိုတော့ ကျနော်တို့ကလည်း သူတို့ OIC နဲ့ တွေ့တဲ့နေ့မှာ မူစလင်ဘက်က သူတို့ခေါင်းဆောင်တွေရော စစ်တွေက မြို့မိမြို့ဖတွေရော လိုအပ်တာလေးတွေ ပြောကြဆိုကြတာပေါ့ဗျာ။ ဒီလောက်ပါပဲ။ ကျနော်တို့ဘက်က သူတို့နဲ့ တွေ့တဲ့အချိန်မှာ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ဦးဆောင်ပြီး ရခိုင်ပြည်နယ် အစိုးရဝန်ကြီးချုပ်ရယ် အစိုးရဗိုလ်ချုပ်ကြီး သိန်းဌေးရယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရယ် ပါတယ်ခင်ဗျ။”

ဒီခရီးစဉ်ဟာ တကယ်တော့ အစ္စလာမ်ဘာသာကိုးကွယ်တဲ့နိုင်ငံအများစုနဲ့ ဖွဲ့စည်းထားတဲ့ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အနေနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေးအဓိကရုန်းတွေမှာ ဒုက္ခရောက်နေသူတွေကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ စီစဉ်နေတာရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာပြည်ကိုရောက်လာတဲ့ ဒီရှေ့ပြေးအဖွဲ့ဟာ ဘယ်လို အကူအညီတွေပေးရမလဲဆိုတဲ့အပေါ်မှာ အခြေအနေတွေကို လာရောက် လေ့လာခြင်း ဖြစ်တယ် ဦးလှသိန်းက သုံးသပ်ပါတယ်။

“ လေ့လာတဲ့သဘောမျိုးပဲ ပြောရမယ်ခင်ဗျ။ သူတို့ အကူအညီပေးမယ်ဆိုရင်လည်း ဘာတွေမှာ ဘယ်လိုပေးမယ်ဆိုတာကို သူတို့အနေနဲ့ ဆုံးဖြတ်ချက်ချလို့ရနိုင်အောင် လေ့လာတယ်လို့ပဲ ကျနော် ယူဆပါတယ်။

သမ္မတ ဦးသိန်းစိန်အစိုးရဖက်ကလည်း သူတို့အနေနဲ့ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးချင်ရင် ကူညီဆောင်ရွက်ပေးဖို့ ပြောထားတယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“အဓိက ကျနော်တို့က ဘာလုပ်လည်းဆိုတော့ သူတို့က Humanitarian Assistants ပေးရင်လည်း ပေးပါ။ တရားဝင်လမ်းကြောင်းကနေပြီးတော့ ကျနော်တို့လက်ဝယ်ကနေ ကူညီပြီးတော့ ဖြန့်ဖြူးပေးပါမယ် ဆိုတဲ့ဟာမျိုးပေါ့။ ဒါကျနော်တို့ ချမှတ်ထားတဲ့ မူဝါဒ ဟိုမှာသွားကြည့်မယ်ဆိုရင်လည်း ကြည့်ပါပေါ့နော်။ ဒါပေမယ့် မျှမျှတတဖြစ်အောင် သူတို့ကို ဖြစ်စဉ်အမှန်အတိုင်း သိအောင် ပြပါဆိုပြီး ကျနော်တို့ဘက်က ပြောထားတာရှိတယ်။”

မေလအတွင်း ဖြစ်ပွားခဲ့တဲ့ ဆူပူ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ် ပျက်ဆီးဆုံးရှုံးပြီး ဒုက္ခရောက်နေသူတွေအတွက် ပြန်လည် နေရာချထားရေး အစီအစဉ်တွေကို မြန်မာအစိုးရက ဦးဆောင်ပြီး လုပ်ပေးနေတာမှာ ဒုက္ခသည်အရေအတွက်နဲ့ ရနေတဲ့ အကူအညီက မမျှတဘူးဖြစ်နေတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မီတီဥက္ကဌ ဦးလှသိန်းက ဆက်ပြောပြပါတယ်။

“ကျနော်တို့ ရခိုင်ဒုက္ခသည်တွေကတော့ တည်ငြိမ်သွားလို့ အိုးအိမ်ဖျက်တဲ့အထဲမှာ နည်းနည်းပါးပါးပဲ ပျက်တယ်ဆိုရင် ပြုပြင်ပြီး ပြန်နေဖို့ ပြန်သွားတဲ့သူတွေလည်း ရှိတယ်လေ။ နောက်ပြီးတော့ ရခိုင်ဒုက္ခသည်တွေအတွက် ကမ့်တွေရှိတဲ့နေရာကို ကမ့်နှစ်ခုမှာ ဒုက္ခသည်တွေ ပြန်နေရာချထားပေးနိုင်ပြီဗျ။ ဘုန်းကြီးကျောင်းတွေမှာလည်း ကျန်တာတော့ ကျန်ပါသေးတယ်။ မူစလင်ဒုက္ခသည်တွေကလည်း ကမ့်ကို လိုက်ဆောက်ပေါ့နော်။ နောက်ပြီးတော့ ယာယီတဲလေးတွေ လုပ်ပေးတာလည်း ကျနော်တို့ရှိပါတယ်။ သို့သော်လည်း လက်တွေ့အားဖြင့်က ဒုက္ခသည်အရေအတွက်နဲ့ ကျနော်တို့ ဆောက်ပြီးတဲ့ အဆောက်အဦးတွေပေါ့ ယာယီအဆောက်အဦးတွေဟာ ညီမျှမူတော့ နည်းနေသေးတယ်။နည်းတယ်ဆိုတာ တော်တော်လေး လိုပါသေးတယ်။”

သြဂုတ်ဆန်းပိုင်းတုန်းကတော့ OIC အဖွဲ့ရဲ့ အလှည့်ကျဥက္ကတာဝန်ကိုယူထားတဲ့ တူရကီနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး Ahmed Davutoglu နဲ့ ဝန်ကြီးချုပ် Recep Tayyap Erdogan ရဲ့ ဇနီးတို့ မြန်မာနိုင်ငံကို ရောက်လာခဲ့ကြပါတယ်။ တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်ကိုသွားရောက်ပြီး ဒုက္ခသည်တွေနဲ့ ကိုယ်တိုင် တွေ့ဆုံခဲ့တဲ့အပြင် သူတို့နဲ့အတူ ပါလာတဲ့ မီးဖိုချောင် ပစ္စည်းတွေကိုလည်း လှုဒါန်းခဲ့ကြတာပါ။

တူရကီနိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွေ့အကြုံတွေကို OIC ကို ပြန်လည် တင်ပြခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အစိုးရ စာရင်းဇယားတွေအရ ဒုက္ခသည် စခန်းအသီးသီးမှာ ဒုက္ခသည်ပေါင်း ခုနှစ်သောင်းကျော် ရှိနေသေးတယ်လို့လည်း ဦးလှသိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း လူမျိုးမတူသူ ဘာသာမတူ လူမျိုးစု ၂ ခုအကြား အတူယှဉ်တွဲ နေထိုင်နိုင်ရေးနဲ့ ဒီကိစ္စ ရေရှည်မှာ ပြေလည်အောင် ဘယ်လို ဆောင်ရွက်ကြမလဲဆိုတဲ့ နည်းလမ်းရှာဖွေဖို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Joseph Yun ဦးဆောင်တဲ့ ကိုယ်စားလှယ်ဖွဲ့ဟာလည်း ရခိုင်ပြည်နယ်အတွင်းကို အခုလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ သွားရောက်လေ့လာခဲ့ကြပါတယ်။
XS
SM
MD
LG