သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OIC ကိုယ်စားလှယ် အဖွဲ့ မြန်မာ သမ္မတနဲ့ တွေ့ဆုံ ဆွေးနွေး


အဖွဲ့ဝင် ၅၇ နိုင်ငံပါ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကိုယ်စားလှယ်များရဲ့ မြန်မာပြည်ခရီး။
အဖွဲ့ဝင် ၅၇ နိုင်ငံပါ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကိုယ်စားလှယ်များရဲ့ မြန်မာပြည်ခရီး။
မြန်မာနိုင်ငံမှာရောက်နေတဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ OIC ရဲ့ အတွင်းရေးမှူးချုပ် ပါမောက္ခ အက်ခ်မယ်လက်ဒင်န် အီဆာနိုဂလူ (Ekmeleddin Ihsanoglu) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ စနေနေ့ မနက်ပိုင်းက နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ OIC နဲ့ မြန်မာအစိုးရကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စ အပါအဝင် ကိစ္စရပ် အများအပြားကို ဆွေးနွေးခဲ့ကြပြီးတော့ မြန်မာနိုင်ငံမှာ OIC ရုံးခွဲ ဖွင့်လှစ်ဖို့ မရှိသေးပါဘူးလို့ အတွင်းရေးမှူး ချုပ်က ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကိုတော့ OIC အတွင်းရေးမှူးချုပ်ကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

ဗုဒ္ဓဟူးနေ့ကတည်းက မြန်မာနိုင်ငံမှာရောက်နေတဲ့ OIC ကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ခရီးစဉ်အဆုံးမသတ်ခင် တစ်ရက်မှာ ပဲ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခွင့် ရခဲ့တာပါ။ အဲဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံနဲ့ OIC အကြားဆက်ဆံရေးကိစ္စ၊ ပူးပေါင်းဆောင်ရွက် ရေးကိစ္စနဲ့ တခြားကိစ္စရပ်အများအပြားကို ဆွေးနွေး ပြောဆိုခဲ့ တယ်လို့ OIC အတွင်းရေးမှူးချုပ်က ဗွီအိုအေကို ပြောပါတယ်။

“ဒုက္ခသည်စခန်းမှာ မနေ့က ကျနော်တို့တွေ့ခဲ့တာနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ အတွေးစိတ်ကူးကို ပြောပြပါတယ်။ ပုံမှန် အခြေအနေ ပြန်ရောက်အောင် လုပ်နေတဲ့ အစိုးရရဲ့လုပ်ငန်းစဉ်အောင်မြင်စေဖို့ ကျနော်တို့ ဆုတောင်းပေးပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ အင်မတန်ခက်ခဲပြီး စိတ်ရှည်သည်းခံမှုနဲ့ ဂရုတစိုက်ရှိဖို့ လိုတယ်လို့ ကျနော်တို့ ထင်ပါတယ်။ တစ်ချိန်တည်းမှာပဲ မတူကွဲပြားတဲ့အစုတွေကြား ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ဖို့လိုပါတယ်။ ရခိုင်ပြည်နယ်မှာ ပဋိပက္ခကို ကျော်လွှား နိုင်အောင် ပြည်နယ်တစ်ခုလုံးကို အကူအညီပေးချင်တယ်ဆိုတာ ပြောခဲ့ပါတယ်။

မတူကွဲပြားတဲ့ လူမှု အဝန်းအဝိုင်း နှစ်ခုအကြား ယုံကြည်မှုတည်ဆောက်ဖို့ လိုတယ်ဆိုတာကို ကျနော်တို့ ပြောခဲ့ပါတယ်။ ဒါဟာ အင်မတန် အကျိုးရှိတဲ့ ဆွေးနွေးပွဲဖြစ်ပြီး သိပ် အောင်မြင်တဲ့ခရီးစဉ်လို့ ကျနော်ထင်ပါတယ်။”

သမ္မတဦးသိန်းစိန်က ဘာတွေ ပြန်ပြီး ဆွေးနွေးခဲ့တယ်ဆိုတာကို OIC အတွင်းရေးမှူးချုပ်က မပြောပါဘူး။ သမ္မတရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါ တနင်္ဂနွေနေ့မှာ ကြေညာချက်ထုတ်ပြန်မယ်ဆိုတာကိုပဲ ပြောခဲ့ပါတယ်။ OIC ကိုယ်စားလှယ် အဖွဲ့ဟာ ကြာသပတေးနေ့က ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့နယ်တွေက ဒုက္ခသည်စခန်းတွေဆီ သွားရောက်ပြီး နှစ်ဘက်စလုံးက လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုတွေကနေ သူတို့သိခဲ့ရတာကို အတွင်းရေးမှူးချုပ်က အခုလိုပြောပါတယ်။

“တကယ့်အစစ်အမှန် ပြဿနာ ဘယ်ကလာတယ်ဆိုတာကို ကျနော်တို့ တွေ့ခဲ့ပါတယ်။ ဒီလူတွေဟာ ရာစုနှစ်ပေါင်းများစွာ ကြာအောင် ငြိမ်းချမ်းစွာနဲ့ လိုက်လျောညီထွေစွာ နေထိုင်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့နှစ်ကဖြစ်ခဲ့တဲ့ ရာဇဝတ်ပြစ်မှု ဆိုင်ရာ ကျူးလွန်မှုတွေကနေ အခြေအနေတစ်ခုလုံးဟာ လူမှုအဝန်းအဝိုင်း ပဋိပက္ခဆီ ကူးပြောင်းသွားခဲ့တာပါ။ ကျနော်တို့နားလည်ချက်အရ ဒါဟာ အစ္စလာမ်တွေ၊ မူဆလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေ အကြားမှာဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက် ဘာမှမရှိပါဘူး။ အဲဒီဖြစ်ရပ်တွေဟာ တရားရုံးတင် ဖြေရှင်းရမှာ ဖြစ်ပြီး လူမှုအဝန်းအဝိုင်းနှစ်ခုအကြား နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်သင့်ပါဘူး။ ဒီလူတွေကြားမှာ ငြိမ်းချမ်းစွာ ပြန်ပြီး အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် ကျနော်တို့ ကူညီ လုပ်ဆောင်သွားဖို့ ဆန္ဒရှိတယ်ဆိုတာ ပြောခဲ့ပါတယ်။”

OIC ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံဆီ ရောက်မလာသေးခင်မှာရော ရောက်လာပြီးတဲ့နောက်ပိုင်းမှာရော ရန်ကုန်မြို့နဲ့ တခြား နေရာတချို့မှာ OIC ကိုယ်စားလှယ်အဖွဲ့ကို ကန့်ကွက် ဆန္ဒပြတာတွေရှိခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး လူထုရဲ့ ဆန္ဒပြပိုင်ခွင့် ဆန္ဒ ထုတ်ဖော်ပိုင်ခွင့်ကို သူတို့အနေနဲ့ လေးစားတဲ့ အကြောင်းနဲ့ ဒါဟာ ဒီမိုကရေစီနည်းလမ်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်ကို ကျင့်သုံးတာဖြစ်တဲ့အတွက် အရေးကြီးပါတယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ OIC ဟာ ဒီမိုကရေစီကို ထောက်ခံအား ပေးတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်လို့လည်း သူကပြောပါတယ်။

ဆန္ဒပြသူတွေ အဓိက ကန့်ကွက်ကြတဲ့ကိစ္စထဲမှာ အတည်မပြုနိုင်တဲ့ သတင်းတွေပေါ် အခြေခံထားတဲ့ မြန်မာနိုင်ငံမှာ OIC ရုံးခွဲ ဖွင့်လှစ်မယ်ဆိုတာကို အဓိက ကန့်ကွက်ကြတာပါဝင်ပါတယ်။ ရုံးဖွင့်ဖို့ကိစ္စဟာ နားလည်လွဲမှု အများအပြားကြောင့် ပြောဆိုရတဲ့ ကိစ္စတစ်ခု ဖြစ်လာတာပါလို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ တခြားလူတွေကို တိုက်ခိုက်ဖို့အတွက် OIC အဖွဲ့က မူစလင်တွေ ကို ငွေတွေပေးနေတယ်ဆိုတာမျိုး မှားယွင်းတဲ့ သတင်းတွေကို ယုံကြည်တဲ့လူ အနည်းစု ရှိနေတယ်ဆိုတာကို သူက ထောက်ပြပြီး တော့ သူတို့အနေနဲ့ ငွေတပြားတချပ်မှ ပေးမနေပါဘူးလို့ အခိုင်အမာပြောပြီး လက်ရှိအချိန်မှာ OIC ရုံးခွဲဖွင့်လှစ်ဖို့ မရှိပါဘူးလို့ ဗွီအိုအေကိုပြောပါတယ်။

“လူတွေရဲ့ တောင်းဆိုချက်ကို ကျနော် လေးစားပါတယ်။ အဲဒါကို သူတို့ မလိုချင်ပါဘူး။ လက်ရှိအချိန်မှာ ဘယ်လိုရုံးမျိုးမှ ကျနော်တို့ဖွင့်ဖို့မရှိပါဘူး။ တစ်ကမ္ဘာလုံးမှာ ကျနော်တို့ရုံးတွေ ရှိပါတယ်၊ နယူးယောက်မှာရှိပါတယ်၊ ဂျီနီဗာမှာရှိပါတယ်၊ ဘရပ်ဆဲလ်မှာရှိပါတယ်။ ကမ္ဘာပေါ်က နေရာအများအပြားမှာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကျနော်တို့ရုံးခွဲ မရှိသေးဘဲ ဒီ နားလည်လွဲမှားမှုတွေ ကျော်လွန်သွားတဲ့အထိ ကျနော်တို့ စောင့်နိုင်ပါတယ်။”

OIC အဖွဲ့ဝင်ခုနစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး၊ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးငါးဦးနဲ့ OIC အတွင်းရေးမှူးချုပ်တို့ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ထားခဲ့ပေမဲ့ သူတို့ တွေ့ဆုံပွဲတွေက နေပြည်တော်မှာပဲ ဖြစ်ခဲ့ပြီး အဲဒီအချိန် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့မှာရှိနေခဲ့တာကြောင့် တွေ့ဆုံဖို့ မဖြစ်ခဲ့ပါဘူးလို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

သူတို့အဖွဲ့ဟာ တနင်္ဂနွေနေ့မနက်ပိုင်းမှာ ရန်ကုန်လေဆိပ်ကနေ ပြန်လည် ထွက်ခွာမှာဖြစ်ပြီး မထွက်ခွာခင် မနက် ၆ နာရီ ၄၅ မိနစ် မှာ လေဆိပ်မှာပဲ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ရှိတယ်လို့ ကိုယ်စားလှယ်အဖွဲ့မှာပါလာတဲ့ OIC ရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သံအမတ် အူဖုခ် ဂေါ့က်ဆင်န် (Ufuk Gokcen) က ဗွီအိုအေကို ပြောပါတယ်ခင်ဗျား။
XS
SM
MD
LG