သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OICရုံးဖွင့်ခွင့် ပြည်တွင်း ငြိမ်းချမ်းမှု မထိခိုက်သင့်


အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ် အတွင်းရေးမှူး ဦးဝဏ္ဏရွှေ
အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ် အတွင်းရေးမှူး ဦးဝဏ္ဏရွှေ
မူဆလင်အဖွဲ့တွေဘက်က သဘောထားကို သိရအောင်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ ဌာနချုပ်က ဦးဝဏ္ဏရွှေကို ဗွီအိုအေမြန်မာပိုင်းက မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ OIC ရုံးဖွင့်မယ့်ကိစ္စကို ကန့်ကွက်ဆန္ဒပြမှုတွေကလည်းရှိနေတယ်။ အခုဆိုရင် အစိုးရကလည်း တရားဝင် ထုတ်ပြောလိုက်ပြီပေါ့နော်။ ရုံးခန်းဖွင့်ဖို့ကိစ္စကို ဖွင့်ခွင့်မပြုဘူးဆိုတာ ပြောလိုက်ပါတယ်။ အဲ့ဒီ့တော့ ဦးဝဏ္ဏရွှေတို့လို မြန်မာနိုင်ငံထဲမှာ ရှိတဲ့ မူဆလင် အသင်းအဖွဲ့တွေအနေနဲ့ အခု OIC ရုံးခန်းလာဖွင့်ဖို့ စီစဉ်တဲ့အပေါ်မှာဦးဝဏ္ဏရွှေတို့ရဲ့ နားလည်မှုက ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ OIC နဲ့ပတ်သက်လို့ ပြောရရင် နံပတ်တစ်က OIC နဲ့ ကျနော်တို့အဖွဲ့ချုပ်တွေနဲ့က အဆက်အသွယ်မရှိဘူးနော်။ OIC ဆိုတာ သိတဲ့အတိုင်းပဲ သူက အစ္စလာမ်နိုင်ငံ ၅၇နိုင်ငံနဲ့ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်တယ်။ အစိုးရတွေနဲ့ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်တဲ့အတွက် အန်ကယ်လ်တို့အဖွဲ့တွေနဲ့တော့ အဆက်အသွယ်တော့ မရှိဘူး။ ဒီနိုင်ငံက နိုင်ငံတော်အစိုးရတွေနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့ ကိစ္စကလည်း အန်ကယ်လ်တို့ အနေနဲ့က အသေးစိတ် မသိရပါဘူး။

ယေဘူယျ ကြားရတာကတော့ လူမှုအထောက်အကူပြုလုပ်ငန်းတွေ လုပ်မယ်ဆိုပြီးတော့ အန်ကယ်လ်တို့ကတော့ လူမှုအထောက်အကူပြုလုပ်ငန်းတွေ လုပ်မယ်ဆိုရင် လူမျိုးမရွေး၊ ဘာသာမရွေး လူမှုရေးလုပ်မယ်ဆိုရင် ဘယ်အဖွဲ့အစည်းမဆို အန်ကယ်လ်တို့က ကြိုဆိုပါတယ်။ ဒါကတော့ အန်ကယ်လ်တို့ရဲ့ သဘောထားပေါ့လေ။

မေး။ ။ အခုအခြေအနေမှာ ဦးဝဏရွှေတို့အနေနဲ့ရော OIC ရုံးဖွင့်ဖို့၊ မဖွင့်ဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဖြစ်စေချင်ပါလဲရှင့်။

ဖြေ။ ။ ကျနော်တို့ဖြစ်စေချင်တာကတော့ OIC ရုံးလာဖွင့်တာနဲ့ပတ်သက်လို့ OIC မှမဟုတ်ဘူး နိုင်ငံတကာအဖွဲ့အစည်းတွေက ကျနော်တို့ နိုင်ငံထဲမှာရှိတဲ့ ဒုက္ခရောက်နေတဲ့ပြည်သူတွေကို လူမျိုးမရွေး၊ ပြည်သူမရွေး အကူအညီပေးမယ်ဆိုရင် ကျနော်တို့က ကြိုဆိုပါတယ်။ ဒါပေမယ့် တခုရှိတာပေါ့နော်။ ဘာလဲဆိုတော့ ကျနော်တို့ နိုင်ငံတွင်းမှာ ရှိနေကြတဲ့ ဘာသာတခုနဲ့တခု လူမျိုးတခုနဲ့တခု အေးချမ်းစွာနေနေတဲ့အခြေအနေ ပျက်ယွင်းမယ်ဆိုရင်တော့ ကျနော်တို့က ဒါမျိုးတော့ မလိုလားပါဘူး။

မေး။ ။ ဟုတ်ကဲ့။ ဗုဒ္ဓဘာသာတွေပေါ့နော်။ အဓိက OIC ရုံးလာဖွင့်မယ့်ကိစ္စကို အကြီးအကျယ် ဆန့်ကျင်တာတွေလည်း ရှိနေပါတယ်။ ဆိုတော့ ဒါဟာ အစ္စလာမ်တွေကို ဆန့်ကျင်တယ်လို့ရော ယူဆပါသလား။ ဘယ်လိုမျိုး ထင်ပါသလဲရှင့်။

ဖြေ။ ။ အဲ့ဒီ့ဟာပဲ။ ပြောရတာ ဒီလိုလေ။ ဒီလူတယောက် လူတစုလုပ်တာနဲ့ ကျနော်တို့က လူမျိုး ဘာသာတခုကို ကောက်ချက်ချ ပြောဖို့တော့ ခက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ မနေ့ကပဲ ကျနော်တို့ ရန်ကုန်တိုင်း ဂိုဏ်းပေါင်းစုံ ဥက္ကဌဆရာတော် နဲ့ ကျနော်တို့ တွေ့ဆုံပြီးပြီ။ ဆရာတော်တွေနဲ့ ဒီအကြောင်းလည်း ပြေပြလည်လည်ရှိတယ်။ အခုကိစ္စတွေတင်မဟုတ်ဘူး အရင်ကိစ္စတွေမှာလည်း ကျနော်တို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေအနေနဲ့က ဒီမှာ ဗုဒ္ဓဘာသာအကြီးအကဲ ဆရာတော်တွေနဲ့ အမြဲထိတွေ့မှုရှိပါတယ်။ ကျနော်တို့ကြားမှာ နားလည်မှုရှိပါတယ်။ ဒါပေမဲ့ အားလုံးက နားလည်မှုကတော့ မသက်ရောက်ဘူးပေါ့နော်။ ကျနော်တို့ တနိုင်ငံလုံးမှာ ကျနော်တို့ ဘာသာရေးအကြီးအကဲတွေ တဘက်နဲ့တဘက် နားလည်မှုရှိသလိုတော့ လူတိုင်းတော့ မရှိဘူးပေါ့နော်။ အဲ့သလိုရှိအောင်လည်း ကျနော်တို့က ကြိုးစားသွားရမှာပေါ့နော်။

မေး။ ။ ဟုတ်ကဲ့။ ဦးဝဏ္ဏရွှေ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
XS
SM
MD
LG