သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OIC ကိုယ်စားလှယ်အဖွဲ့ မြန်မာအမတ်တွေနဲ့တွေ့


မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ OIC ကိုယ်စားလှယ်အဖွဲ့။
မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ OIC ကိုယ်စားလှယ်အဖွဲ့။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အစ္စလာမ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ခရီးစဉ်အတွင်း ကြာသပတေးနေ့မှာတော့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက အထင်အမြင် လွဲမှားနေတဲ့ ယူဆချက်တွေ ရှိနေတယ်ဆိုပြီး ရှင်းပြခဲ့သလို၊ မွတ်ဆလင် ကိုယ်စားလှယ်တွေကတော့ ကန့်သတ်မှုတွေ ရှိနေဆဲ အခြေအနေတွေကို တင်ပြခဲ့ကြတာပါ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ရခိုင်နဲ့ မွတ်စလင် လွှတ်တော် အမတ်တွေနဲ့ နိုင်ငံတကာ အစ္စလာမစ် ပူးပေါင်းအဖွဲ့(OIC) က ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ ရခိုင်ပြည်နယ်တွင်း လူမျိုးတုန်း သတ်ဖြတ်မှုတွေ လုံးဝမရှိဘူးလို့ ရခိုင်ပြည်နယ် လွှတ်တော် အမတ်တွေက အဓိကထား ပြောဆိုခဲ့တယ်လို့ OIC နဲ့တွေဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြေပုံ မဲဆန္ဒနယ် က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကပြောပါတယ်။

“ အခုလက်ရှိလည်း ရခိုင်ပြည်နယ်မှာ တည်တည်ငြိမ်ငြိမ်ပဲ ရှိပါတယ်။ အင်တာနက်ပေါ်မှာ မမှန်မကန် လုပ်ကြံပြီးတော့ ဓာတ်ပုံတွေတင်တယ်။ ဥပမာဆိုရင် ပဋိပက္ခဖြစ်တဲ့ လူသေအလောင်းတွေကို ဒုက္ခသည်တွေကို မြန်မာနိုင်ငံမှာ လူမျိုးတုန်း သတ်ဖြတ်နေပါတယ် ဆိုပြီး၊ နောက်ပြီးတော့ တခြားနေရာတွေမှာ သဘာဝ ဘေးအန္တရာယ်တွေကြောင့် ဖြစ်တဲ့ လူသေမှုတွေကိုလည်း အင်တာနက်ပေါ်တင်ပြီးတော့ ပုံကြီးခဲျ့လွန်းလို့ ကမ္ဘာက သိနေတဲ့အတိုင်း ကျနော်တို့နိုင်ငံမှာ မဖြစ်ပါဘူး။"

OIC အဖွဲ့ကတော့ အခုခရီးစဉ်အတွင်း အပြန်အလှန် နားလည်မှု ရရှိပြီး အကျိုးဖြစ်ထွန်းမယ်လို့ မျှော်လင့်တဲ့ အကြောင်းနဲ့ ခရီးစဉ်အပေါ် အထင်အမြင် လွဲမှားနေတာတွေကိုလည်း ရှင်းလင်းနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ကြာသပတေးနေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့အတူ OIC က ဥရောပသမဂ္ဂနဲ့ ပူးပေါင်းပြီး ဆုံးဖြတ်ချက် မူကြမ်းတရပ် ရေးဆွဲနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

OIC ရဲ့ အထွေထွေ အတွင်းရေးမှူးကတော့ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ OIC ရဲ့ ခရီးစဉ် ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံတွင်းက ပြည်တွင်းရေး အခြေအနေတွေကို ဝင်စွက်ဖို့မဟုတ်ပဲ အကူအညီ လိုနေတဲ့ ဒုက္ခသည်တွေကို ကူညီပေးဖို့ ဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။

လွှတ်တော်အမတ်တွေနဲ့ OIC ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦး ဖြစ်တဲ့ ဘူးသီးတောင်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်းကတော့ နှစ်ဖက်လူမျိုးစု ၂ စု အကြား တန်းတူ အခွင့်အရေးတွေ ရဖို့နဲ့ ဒေသတွင်းမှာ လွတ်လပ်စွာ သွားလာခွင့်တွေရဖို့ လိုအပ်နေသေးတယ် ဆိုတာကို ထောက်ပြခဲ့တယ်လို့ သူကပြောပါတယ်။

“လိုအပ်ချက်ဖြစ်နေတာဘာလဲဆိုတော့ Equal Right ပဲ။ အခုပြဿနာဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ Equal Right လေးကို ဆောင်ရွက်ပေးမယ်။ Freedom Movement ကိုလည်း အရေးတကြီးလုပ်ဆောင်ပေးဖို့ဖြစ်တယ်။ ဒီလိုကိစ္စတွေကို နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုနဲ့ လွှတ်တော်အပါအဝင်၊ အခုရောက်ရှိလာတဲ့ OIC အဖွဲ့က ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင် ကျနော်တို့ နိုင်ငံတခုလုံးအတိုင်းအတာနဲ့ အကျိုးရှိမယ်။ အမျိုးသားအကျိုးစီးပွားကိုလည်း အထောက်အကူဖြစ်မှာဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ ကြိုဆိုပါတယ်ဆိုတဲ့အကြောင်း ဖြည့်စွက်ပြီးတော့ တင်ပြချင်ပါတယ်ခင်ဗျ။”

လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့တွေ့ဆုံခဲ့တဲ့ အချိန်မှာ OIC အနေနဲ့ သူတို့ရဲ့ ပကူအညီပေးရေး လုပ်ငန်းစဉ်တွေကို အစိုးရက တစ်ဆင့် ပေးသွားမှာ ဖြစ်ပြီးတော့ မကြာသေးခင် မြန်မာနိုင်ငံတွင်းက လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေ ရဲ့ အခြေအနေတွေကို သိရှိနိုင်အောင် လာရောက်ခဲ့တာလို့ ပြောဆိုခဲ့တယ်လို့လည်း ဦးဖေသန်း ကပြောပါတယ်။

လက်ရှိအချိန်မှာတော့ OIC ရဲ့ မြန်မာနိုင်ငံတွင်း ခရီးစဉ်တွေ အတွင်းမှာ ဗုဒ္ဓဘာသာ ရဟန်းသံဃာ တော်အချို့က ဦးဆောင်ပြီး ကန့်ကွက်မှုတွေ ရှိနေခဲ့တာပါ။

ရခိုင်ပြည်နယ်တွင်း လူမျိုးရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေဟာ ၂၀၁၂ ခုနှစ် တွင်းမှာ စတင်ခဲ့ပြီးတော့ ၂၀၁၃ ခုနှစ်မှာ မိထ္ထီလာ၊ လားရှိုး၊ ဥက္ကံ၊ တိုက်ကြီး စတဲ့ ဒေသတွေမှာလည်း လူမျိုးရေး အသွင်ဆောင်တဲ့ ပြဿနာတွေဖြစ်ခဲ့တာပါ။

လူမျိုးရေး အသွင်ဆောင် အကြမ်းဖက်မှုများ ဆိုးဆိုးရွားရွားဖြစ်ခဲ့သည့် ရခိုင်ပြည်နယ် အတွင်း ဒုက္ခသည် ဦးရေ ၁၄၀၀၀၀ နီးပါးရှိနေပြီး ပြဿနာများ ဖြစ်ပွား ခဲ့သော နေရာများ ထဲက မြေပုံ ပေါက်တော ဒေသတွေမှာ ကျန်းမာရေးဆိုင်ရာ အကူအညီ ပေးနိုင်မှုတွေ၊ ပညာရေးဆိုင်ရာ လိုအပ်ချက်တွေ ကြီးကြီးမားမား လိုအပ်နေတာတွေ့ရှိရတယ်ဆိုပြီးတော့လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက ထုတ်ပြန်ကြေငြာချက်ထဲမှာ ဖော်ပြလာခဲ့တာပါ။

ပြည်သူ့လွှတ်တော် ဒုတိယ နာယက ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်နိုင်ငံ တကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ရခိုင်ပြည်နယ် မှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ပုဏ္ဍားကျွန်းမဲဆန္ဒနယ်က ဦးထွန်းအောင်ကျော်၊ ရသေ့တောင် မဲဆန္ဒနယ်က ဒေါ်ခင်စောဝေ၊ မြေပုံ မဲဆန္ဒနယ်မှ ဦးဖေသန်း၊ ဘူးသီးတောင်မဲဆန္ဒနယ်က ဦးရွှေမောင်၊ မောင်တော မဲဆန္ဒနယ်မှ ဦးအောင်ဇော်ဝင်းနဲ့ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(ရ)က ဦးဋ္ဌေးဝင်းတို့ နဲ့ နိုင်ငံတကာအစ္စလာမစ်ပူးပေါင်းအဖွဲ့(OIC) က ကိုယ်စားလှယ်တွေဟာ ၁ နာရီနီးပါးကြာတွေ့ဆုံခဲ့ကြတာပါ။
XS
SM
MD
LG