သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥက္ကံအခြေအနေ ငြိမ်သက်


ဥက္ကံမြို့က အကြမ်းဖက် အပျက်အစီးတွေအကြား ကလေးငယ်များ သွားလာနေစဉ်။ (မေလ ၁ ရက်၊ ၂၀၁၃)။
ဥက္ကံမြို့က အကြမ်းဖက် အပျက်အစီးတွေအကြား ကလေးငယ်များ သွားလာနေစဉ်။ (မေလ ၁ ရက်၊ ၂၀၁၃)။
ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့မှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဆီးခံထားရသူ ၁၈ ဦးကို ရုံးတင် စစ်ဆေးနိုင်ဖို့ အာဏာပိုင်တွေ စုံစမ်း စစ်ဆေးမှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။ သူတို့ကိုတော့ လူသတ်မှု၊ မီးရှို့မှု စတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီး ထိန်းသိမ်းထားတာလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

လူတဦးသေဆုံးတဲ့အထိ ဖြစ်သွားခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က ဥက္ကံမြို့ အကြမ်းဖက် ဆူပူမှုတွေမှာ ပါဝင်ပတ်သက်သူလို့ မသင်္ကာသူ ၁၈ ဦးကို မေလ ၁ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းလိုက်တာပါ။ သူတို့အပေါ် တင်ထားတဲ့ စွဲချက်တွေ၊ အာဏာပိုင်တွေဘက်က ဆက်လက် လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတဦးက အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ဆီမှာ ဥက္ကံနဲ့ပတ်သက်ပြီး ဖွင့်ထားတဲ့အမှုရှိပါတယ်။ မီးရှို့တဲ့အမှုပေါ့ ၄၃၆ ရယ်၊ သေသွားတဲ့အတွက် ၃၀၂၊ ၄၀၂၊ ၃၂၅၊ ၃၂၆။ အဲဒါတွေနဲ့ဖွင့်ပြီးတော့ ဖမ်းဆီး စစ်ဆေးနေပါတယ်။ အားလုံး ကျနော်တို့ ၁၈ ယောက်ရှိပါတယ်။ အခု သူတို့ရဲ့ အထောက်အထား ရှိတဲ့အတွက် အဲဒီအထောက်အထားရဲ့ ကျနော်တို့က မျက်မြင်သက်သေတို့၊ သက်ဆိုင်ရာအထောက်အထားတို့၊ မှတ်တမ်းတို့နဲ့ ကျနော်တို့ ဖမ်းဆီးဆောင်ရွက်တာပါ။ သူတို့ ရမန်ယူတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ကျနော်တို့ အမှုတွဲတည်ဆောက်ရမှာပါ။ ရုံးမထုတ်နိုင်သေးပါဘူး။ ရမန် နှစ်ပတ်ပေါ့နော်။ ရမန် နှစ်ပတ်ပြည့်ရင်တော့ သူတို့ကို ရုံးထုတ်ဖို့ဆောင်ရွက်မှာပါ။

"ဖမ်းတာက ၁ ရက်နေ့က ဖမ်းတာပေါ့။ ကျနော်တို့ တိုက်ကြီးမှာ ခေါ်ထားပါတယ်။ တိုက်ကြီးမှာ စစ်ဆေးနေတာပါ။ တိုက်ကြီးတို့၊ မင်္ဂလာဒုံတို့၊ အင်းစိန်တို့မှာ ခွဲစစ်နေပါတယ်။ ဖမ်းတာတော့ ဗမာတွေပါပဲ။ နံမည်စာရင်းကတော့ လောလောဆယ် ကျနော်တို့ သိတော့သိတယ်။ အပြည့်အစုံ မပြောနိုင်ဘူးဖြစ်နေတယ်။ အဲဒီရုံးမှာပဲရှိမှာပါ။ သက်ဆိုင်ရာစခန်းမှာ ရှိပါတယ်။ အမှုတွဲရှိတဲ့ဆီမှာ နံမည်တွေရှိပါတယ်။”

သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်ကလည်း လူမျိုးရေး၊ ဘာသာရေးကို အခြေခံတဲ့ ပြဿနာတွေ ထပ်မဖြစ်ဖို့နဲ့ လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြုပြီး ဆူပူအောင် လှုံ့ဆော်သူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူမယ်ဆိုပြီးတော့လည်း တရားဝင် ပြောထားတာလည်း ဖြစ်ပါတယ်။

လုံခြုံရေးအင်အားတွေ တိုးမြင့် ချထားတာကြောင့် ဥက္ကံမြို့ရဲ့ ဒီကနေ့ အခြေအနေဟာ တည်ငြိမ် အေးချမ်းနေတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူက ဆိုပါတယ်။

“လက်ရှိကတော့ အေးဆေးပါတယ်။ ကျနော်တို့ အဲဒီမှာ လုံခြုံရေးကတော့ အင်အားအနေနဲ့ အင်အား ၅၀၀ ကျော်နဲ့ ဆောင်ရွက်နေပါတယ်။ အေးအေးဆေးဆေး ရှိပါတယ်။ ဘာမှ ထူးထူးခြားခြား တက်လာတာဘာမှမရှိပါဘူး။ မနေ့ကအထိတော့ နည်းနည်း ခုနကပြောတဲ့ ကောက်ရိုးပုံ မီးရှို့တာ ဘာတာရှိပေမဲ့ ဒီနေ့တော့ ဘာမှမရှိဘူး။ အေးအေးဆေးဆေး ရှိပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း ဒီနေ့ ဝန်ကြီးချုပ်လည်း သွားပါတယ်။ လွှတ်တော်ဥက္ကဋ္ဌတို့ကလည်း သွားပြီးတော့ လိုအပ်တာတွေ ပံ့ပိုးဆောင်ရွက်နေတာတွေ ရှိပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌ တို့ပါ။”

ဧပြီလ ၃၀ ရက်နေ့က ဖြစ်သွားခဲ့တဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေကြောင့် ပျက်ဆီး ဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့လည်း အခုလို ရှင်းပြပါတယ်။

“အိမ်ခြေကတော့ မီးလောင်ဆုံးရှုံးတာရောဘာရော ဆိုတော့ အိမ်ခြေ၊ ရွာအားလုံး စုစုပေါင်းက ၁၀၀ ပတ်ဝန်းကျင်လောက်တော့ ရှိတယ်။ မူစလင် စာသင်ကျောင်းတကျောင်း ပါပါတယ်။ ဗလီနှစ်လုံး ပါပါတယ် မြို့ပေါ်က။ ကြည့်ရတာကတော့ ဆိုင်ဆိုလည်း အမိုးတွေ အဖီတွေ၊ တံခါးတွေ၊ အတွင်းပစ္စည်းတွေ ပျက်စီးတာလောက်ပါ။ အကုန်လုံး ဆုံးရှုံးပျက်စီးသွားတာကြီးရယ်လို့ မရှိပါဘူး။ အိမ်ပျက်တာလည်း အဲဒီလိုပါပဲ။ မီးရှို့တဲ့အိမ်လောက်ပဲ ဆုံးရှုံးတာ။ ကျန်တဲ့ပျက်တယ်ဆိုတာလည်း အမိုးအကာလောက်ပဲ ဖျက်တာများပါတယ်။”

အကြမ်းဖက်မှုတွေကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြသူတွေ ဘယ်အချိန် နေရပ်ပြန်နိုင်မယ် ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

အကြမ်းဖက်မှုတွေကြောင့် လူတဦးသေဆုံးပြီး လူအတော်များများလည်း ထိခိုက် ဒဏ်ရာရခဲ့တာမှာ အဲဒီထဲက ၂ ဦးဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်လူနာအဖြစ်နဲ့ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ဥက္ကံမြို့မှာ ဆွမ်းခံထွက်လာတဲ့ သံဃာတော်တပါးကို မူစလင်အမျိုးသမီးက ဆိုင်ကယ်နဲ့ ဝင်တိုက်မိရာက ဒီအကြမ်းဖက် ဆူပူမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
XS
SM
MD
LG