သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥက္ကံအကြမ်းဖက်မှု သံသယရှိသူ ၁၇ ဦး ဖမ်းဆီး


ဥက္ကံမြို့က အကြမ်းဖက်မှု အဓိကရုဏ်းဖြစ်ပြီးနောက် တွေ့မြင်ရတဲ့မြင်ကွင်း (၁ မေ ၂၀၁၃)
ဥက္ကံမြို့က အကြမ်းဖက်မှု အဓိကရုဏ်းဖြစ်ပြီးနောက် တွေ့မြင်ရတဲ့မြင်ကွင်း (၁ မေ ၂၀၁၃)
ပြီးခဲ့တဲ့လထဲ လူအသေအပျောက်တွေ ရှိခဲ့တဲ့အထိ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဥက္ကံမြို့မှာ ဆူပူလှုပ်ရှားသူ ၁၇ ဦးကျော်ကို ဖမ်းဆီးထိန်းသိမ်းထားပြီးတော့ ကျန် ၈ ဦးကိုတော့ ပြန်လွှတ်ပေးထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက အဆင့်မြင့် ရဲအရာရှိကြီးတစ်ဦးက ပြော ပါတယ်။ ဒေသဆိုင်ရာ အခြေအနေ တည်ငြိမ်နေပေမဲ့ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားသေးတဲ့အတွက် ဒေသခံတွေ ရောင်း ဝယ်ဖောက်ကားမှုတွေတော့ အဆင်မပြေဘူးလို့ ဥက္ကံမြို့ အနီးအနားနေသူတွေ က ပြောပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ (မြန်မာပိုင်း) အစီအစဉ်သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

ဧပြီလ ၃၀ ရက်နေ့က ဆွမ်းခံလာတဲ့ ကိုယ်ရင်ငယ်လေးတစ်ပါးကို မူဆလင် အမျိုးသမီးတစ်ဦးက ဆိုင်ကယ်နဲ့ တိုက်မိတဲ့ဖြစ်စဉ် ဖြစ်ပွားပြီးတဲ့နောက်မှာ နှစ်ဘက် ဘာသာဝင်တွေအကြား လူအသေအပျောက်ရှိတဲ့အထိ အဓိကရုဏ်းတွေ ဖြစ် ပွားခဲ့တာပါ။

ပဋိပက္ခတွေ ဖြစ်ပွားပြီး ရက်သတ္တပတ် အကြာမှာတော့ အကြမ်းဖက်မှုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တဲ့လူတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး သက်လွင် က ပြောပါတယ်။

အခုလို ဖမ်းဆီးထိန်းသိမ်းထားသူ တချို့ကို ပြန်လွှတ်ပေးခဲ့ပြီးတော့ ကျန် ၁၇ ဦးကိုတော့ စစ်ဆေးဆဲ အဆင့်မှာပဲ ရှိနေသေးတယ်လို့လည်း သူက ပြောပါတယ်။

“၂၅ ယောက်ဖမ်းပါတယ်ခင်ဗျ။ ၈ ယောက်ကို ပြန်လွှတ်ပေးလိုက်တော့ ၁၇ ယောက် ကျန်ပါတယ်ခင်ဗျ။ သူတို့ကိုတော့ ကျနော်တို့ ရဲတပ်ဖွဲ့က စစ်ဆေးဆဲပဲ ရှိပါသေးတယ်။ ရုံးထုတ်တာကတော့ သူ့ သတ်မှတ်ထားတဲ့ ကျနော်တို့ တရားသူကြီးရဲ့ ရမန် တပတ်အတွင်းမှာ ထုတ်နိုင်အောင် ကျနော်တို့လည်း ဒီမှာ တရားစွဲတင်နိုင်အောင် ဆောင်ရွက်နေပါတယ်ခင်ဗျ။ ကိုးကွယ်တဲ့ဘာသာသည် အရေးမကြီးပါဘူး။ ဘယ်ဘာသာပဲ ကိုးကွယ် ကိုးကွယ် ပြစ်မှုကျူးလွန်တယ်ဆိုရင် ကျူးလွန်တဲ့သူကိုတော့ ပြစ်မှုကြောင်းအရ အရေးယူရမှာပဲ ဖြစ်ပါတယ်။ ဘယ်ဘာသာပဲ ကိုးကွယ် ကိုးကွယ် အခြားဘာသာ ကိုးကွယ်လည်း ပြစ်မှု ကျူးလွန်ရင်တော့ ကျနော်တို့ဘက်က ဖမ်းဆီး အရေးယူရမှာပါပဲ။ ဘာသာကိုးကွယ်တာနဲ့ မဆိုင်ဘူးပေါ့။ ပြစ်မှုကျူးလွန်ရင်တော့ တည်ဆဲဥပဒေကို ဖောက်ဖျက်တယ်ဆိုရင်တော့ ဘယ်ဘာသာဝင်မဆို မည်သူမဆို အဓိကအရေးကြီးတာက ပြစ်မှုကျူးလွန်တာ ပေါ်ပေါက်ဖို့ မှန်ကန်တယ်ဆိုလို့ရှိရင် ကျနော်တို့ ရဲတပ်ဖွဲ့က ဖမ်းဆီးဖော်ထုတ် အရေးယူရမှာပါပဲ။ နိုင်ငံသားတွေကိုယ်စား ကျနော်တို့က ဖော်ထုတ် ဖမ်းဆီးရမှာပေါ့။”

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့က အကြမ်းဖက်မှုကြောင့် အစ္စလာမ်ဘာသာဝင် နှစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်နိုင်နဲ့ ကိုစမိုင်တို့ဟာ ရန်ကုန်ဆေးရုံကြီးမှာ မေလ ၁ ရက်နေ့က ကွယ်လွန်သွားခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ဥက္ကံမြို့အတွင်းမှာ အခြားဆူပူ အကြမ်းဖက်မှု အရိပ်အယောင် တစ်ခုမှ မရှိဘဲ ဒေသတွင်း အခြေအနေတွေလည်း တည်ငြိမ်နေတယ်လို့ ဒုတိယရဲမှူးကြီး သက်လွင် က ပြောပါတယ်။

မေး။ ။ ရောင်းဝယ်ဖောက်ကားတဲ့ အခြေအနေတွေက ပုံမှန်ပါပဲလား အန်ကယ်လ်။
ဖြေ။ ။ “ပုံမှန်ပါပဲ။ လာကြည့်ပါ။ လာကြည့်လို့ရပါတယ်။ အဲ့ဒါကတော့ ဟိုဟာပေါ့ဗျာ။ 1, 8 ကတော့ ကျနော်တို့ လုံခြုံရေးနဲ့ တိုက်ရိုက်မပတ်သက်ဘူး
ပေါ့နော်။ ဒါကတော့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်တဲ့ အမိန့်ပါခင်ဗျ။ ရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အမိန့်မဟုတ်ပါဘူး။ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ပိုပြီးတော့ သက်ဆိုင်မှာပါ။”

နောက်ဆုံးအခြေအနေအရ ဆူပူမှုတွေရှိခဲ့တဲ့ ဥက္ကံကို လုံခြုံရေးအခြေအနေတွေ ဒီနေ့အထိ တိုးချထားပြီးတော့ စစ်တပ်နဲ့ ရဲတွေကပဲ ဒေသတွင်း လုံခြုံရေးတွေကို အဓိက တာဝန်ယူထားပြီး ဆူပှုမှုတွေ ထပ်မဖြစ်အောင် လုံခြုံရေးကို ထိန်းသိမ်းနေရတယ်လို့ ဥက္ကံဒေသခံတွေက ပြောပါတယ်။ ဥက္ကံအပါအဝင် သူနဲ့ဆက်စပ်နေတဲ့ တိုက်ကြီးမြို့မှာလည်း လုံခြုံရေးအခြေအနေတွေ တိုးမြှင့်ထားပြီးတော့ မနက် ၅ နာရီကနေ ညနေ ၅ နာရီအထိ လူစုလူဝေးမလုပ်ရတဲ့ ပုဒ်မ ၁၈၈ ကိုလည်း ဆက်လက်ထုတ်ထားတယ်လို့ ဥက္ကံမြို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုသက်ဦး က ပြောပါတယ်။

“188 က မရုပ်သိမ်းသေးပါဘူး။ အခု အကိုရောက်တဲ့ရွာကလေးဆိုရင် ညဘက်ဆို သူတို့ ရဲတွေလာတယ်ပေါ့လေ။ ရဲတွေလာတဲ့အခါကျတော့ သူတို့က ကြောက်ရွံ့ ထိတ်လန့်တယ်ပေါ့။ တချို့ရွာသားတွေကလည်း အများစုက တိမ်းရှောင်နေကြ တယ်။”

ဥက္ကံအပါအဝင် တိုက်ကြီးမြို့နယ်မှာ ဆူပူအကြမ်းဖက်မှုတွေမရှိဘဲ ပုံမှန်ရောင်းဝယ် ဖောက်ကားမှုတွေကို နေ့အချိန်မှာ လုပ်နိုင်ပေမဲ့ ညပိုင်းမှာ ဈေးသည်တွေ ဈေးမရောင်းရတော့တဲ့အတွက် အခြေခံ လက်လုပ်လက်စားတွေအတွက် အနည်းငယ် အခက်အခဲတော့ ရှိနေတယ်လို့ ကိုသက်ဦးက ပြောပါတယ်။

“မနက်ကတော့ တည်ဆဲဥပဒေအရ အုပ်စုလိုက်သော်လည်းကောင်းပေါ့ ညနေ ၅ နာရီထိုးပြီဆိုရင် တိုက်ကြီးမှာ အခုဆိုရင် နေ့လည် ၂ နာရီထိုးတာနဲ့ ဈေးဆိုင်တွေက အကုန်ပိတ်ကုန်ကြပြီ။ ၅ နာရီဆိုရင် လူတွေ မရှိကြတော့ဘူး။ ကျန်တာကတော့ မနက် ၅ ညနေ ၅ အပြင်မထွက်ရဘူးပေါ့။ တောသူ တောင်သားတွေကျတော့ စားရေးသောက်ရေးကျတော့ ညနေ ၅ နာရီ ၆ နာရီမှ လုပ်ငန်းခွင်သိမ်းတယ်။ အဲ့လိုမျိုးလူတွေ လှမ်းဆက်ပြန်ရင်လည်း ရပါတယ်ဗျာ။ ဘယ်သူတွေရှိနေတာပဲ။ ဘယ်ဝါတွေရှိနေတာပဲ။ ဒါပေမဲ့ ဘယ်သူက အာမခံမှာလဲဗျာ။ ဒီကြေညာတဲ့ပုံစံကြီးက အများစုပေါ့ အခု ကျနော်တို့ ဒီတိုက်ကြီးမှာဆိုရင် ည ၁၂ နာရီ ၁ ချက်မှာ ညဈေးတန်း ကုန်ဈေးတန်းရှိတယ်။ ကုန်စိမ်းသည်တွေ အများကြီး ဒုက္ခရောက်တယ်။ ကျနော်တို့ ဒီ ညဈေးတန်းလေးရှိတယ်။ ၅ နာရီထိုး ပိတ်ဆိုကတည်းက ညဈေးတန်းဆိုတာက ၅ နာရီလောက်က စဖွင့်တာလေ။ မရှိတဲ့ လက်လုပ်လက်စားသမားတွေကတော့ အများကြီး ဒုက္ခရောက်တယ်ပေါ့။”

ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း မိတ္ထီလာမြို့မှာ ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့အထိ ဆူပူမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမှာလည်း ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီတုန်းက ဆူပှုအကြမ်းဖက် လုပ်ရပ်တချို့ကို စတင် ဖန်တီးခဲ့သူတွေနဲ့ ကိုယ်တိုင် ကျူးလွန်ခဲ့သူတွေကို အာဏာပိုင်တွေက အရေးယူမှုတွေ ဆောင်ရွက်နေသ လို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကလည်း လူမျိုးရေး၊ ဘာသာရေးကို အခြေခံတဲ့ ပြဿနာတွေ မတက်ဖို့နဲ့ လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြုပြီး ဆူပူအောင် လှုံ့ဆော်သူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူမယ်ဆိုပြီးတော့ သူ့ရဲ့ လစဉ်မိန့်ခွန်းတွေမှာ ပြောဆိုနေတာလည်း ဖြစ်ပါ တယ်။
XS
SM
MD
LG