သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥက္ကံအကြမ်းဖက်မှု တစ်ဦးသေဆုံး


ဥက္ကံမြို့က အကြမ်းဖက်အဓိကရုဏ်းဖြစ်ရပ် (၁ မေ ၂၀၁၃)
ဥက္ကံမြို့က အကြမ်းဖက်အဓိကရုဏ်းဖြစ်ရပ် (၁ မေ ၂၀၁၃)
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ဒီနေ့အစောပိုင်းက အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ အစ္စလာမ်ဘာသာဝင် တစ်ဦး သေဆုံးခဲ့ရပြီးတော့ ကျန်နှစ်ဦးဟာလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ် ကုသမှု ခံယူနေကြရတယ်လို့ ဥက္ကံဒေသခံ ရဲစခန်းက ပြောပါတယ်။

မနေ့က ဖြစ်ခဲ့တဲ့ ဥက္ကံမြို့က အကြမ်းဖက်မှုကြောင့် အိမ်ခြေ ရာဂဏန်းနီးပါး ပျက်စီးခဲ့ရပြီး ဒေသတွင်းနေထိုင်သူ ၅၀၀ ကျော်ဟာလည်း နေအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကူညီပေးရေးအဖွဲ့အစည်းတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် ဥက္ကံမြို့က အကြမ်းဖက်မှုကြောင့် အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်နိုင် သေဆုံးသွားခဲ့ပြီး ကျန်အစ္စလာမ်ဘာသာဝင် ၂ ဦးဖြစ်တဲ့ ကိုတင်ဝင်းနဲ့ ကိုအီစမိုင်တို့ဟာလည်း အရေးပေါ် ကုသမှုတွေ ခံနေရဆဲ ဖြစ်တယ်လို့ ဥက္ကံမြို့နယ် ရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးက ဗွီအိုအေ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။

“ကိုတင်ဝင်းရယ်၊ ကိုအီစမိုင်ရယ်က အခုလက်ရှိ ဆေးရုံမှာရှိတယ်။ ကိုဇော်ဇော်နိုင် ၂၉ နှစ်ကတော့ ဆုံးသွားပြီ။”

မနေ့က ဆူပူမှုတွေနဲ့ သွေးထွက်သံယို ဖြစ်ရပ်တွေအပြီး ဒီနေ့ အစောပိုင်းက လူတစ်ဦး သေဆုံးခဲ့ရတဲ့ ဥက္ကံမြို့နယ်အတွင်းမှာ လုံခြုံရေးအခြေအနေတွေ တိုးမြှင့်ထားပြီးတော့ ဒေသဆိုင်ရာ အခြေအနေကလည်း တည်ငြိမ်မှုတွေ ရှိတယ်လို့ တာဝန်ကျ ရဲအရာရှိက အခုလို ပြန်လည်ဖြေကြားခဲ့ပါသေးတယ်။

မနေ့ကမနက် အစောပိုင်း ၉ နာရီလောက်က ဗုဒ္ဓဘာသာ ကိုယ်ရင်ငယ်တစ်ပါးဖြစ်တဲ့ အရှင်ပုည ကို ဈေးဝယ်သူ မူဆလင် အမျိုးသမီး မဝင်းဝင်းစိန် က မော်တော်ဆိုင်ကယ်နဲ့ မတော်တဆ ပွတ်တိုက်မိရာကနေ တောက်လျှောက်ဆိုသလို ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ စတင်ဖြစ်ပွားလာခဲ့ရတာပါ။

ဆူပူလှုပ်ရှားပြီး အကြမ်းဖက် လုပ်ရပ်တွေမှာ ပါဝင်ခဲ့တဲ့ လူ ၁၅ ဦးကိုလည်း မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတာ တွေ့ရတယ်လို့ ဥက္ကံမှာ ဒုက္ခသည်အရေး ကူညီနေတဲ့ BG လူမှုအဖွဲ့အစည်းရဲ့ ဥက္ကံမြို့နယ် တာဝန်ခံ ကိုသက်ဦး က ပြောပါတယ်။

ဆိုင်ကယ်နဲ့ ပွတ်တိုက်လိုက်တဲ့ မဝင်းဝင်းစိန်ကိုလည်း ဥက္ကံမြို့နယ် ရဲစခန်းက ပြစ်မှုအမှတ် ၁၁၂/၂၀၁၃၊ ရာဇဝတ်မှုပုဒ်မ ၂၉၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ဗုဒ္ဓဘာသာ အများစုက အဲ့ဒီဒေသအတွင်းမှာရှိတဲ့ မူဆလင်လူနည်းစုတွေရဲ့ နေအိမ်တွေကို ဖျက်စီးတာတွေ လုပ်ဆောင်လာပြီးတော့ ဗလီ၊ စာသင်ကျောင်း၊ ဈေးဆိုင်နဲ့ နေအိမ်အချို့ကိုလည်း ဖျက်စီးခဲ့တယ်လို့ ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ တိုက်ကြီးဒေသခံ ကိုသက်ဦး က ပြောပါတယ်။

“အပျက်အစီးစာရင်းကတော့ ဈေးဆိုင် ၂၃ ဆိုင် ပျက်စီးတယ်။ နောက် ဗလီတစ်လုံးပေါ့။ စာသင်ကျောင်းက ၂ ကျောင်း၊ နေအိမ် ၅၃ လုံး ပျက်စီးတယ် အဲ့ဒါတွေက ကျနော်တို့ မြို့ပေါ်မှာပေ့ါနော်။”

ဥက္ကံမြို့က မူဆလင် ဈေးဆိုင်ပိုင်ရှင်တဦးနဲ့ ဗုဒ္ဓဘာသာဝင် ဇနီးသည်တို့ကတော့ မနေ့တုန်းက တိုက်ခိုက်ဖျက်စီးမှုတွေအတွက် တုန်လှုပ်မိတဲ့အကြောင်း ပြောပါတယ်။

“နေ့လည် ၁ နာရီဝန်းကျင်ပေါ့ ရွာခံနဲ့ ဘေးလူက ဒီလောက်မဟုတ်ပါဘူး။ ရွာခံက များတာကိုး။ ရွာခံနဲ့ဆိုရင် အယောက် ၄၀၊ ၅၀ လောက်ရှိမယ်။ ဘယ်လိုမှလည်း မပြောပြတတ်ပါဘူး။ ဘယ်သူနဲ့မှလည်း ရန်ငြိုးမရှိပါဘူး။ ကိုယ့်ဗုဒ္ဓဘာသာ ကိုယ်လုပ်၊ အဖိုးကြီးကလည်း သူ့ မူဆလင်အလုပ်ကို သူ့ဟာသူ လုပ်ဆိုတော့။ အကုန်လုံးလိုက်လျောပေးတယ် ကိုယ်တွေကို။ သားတွေ ရှင်ပြု၊ ပဉ္ဇင်းခံ၊ ပဉ္ဇင်းခံတာတောင်မှ နှစ်ခါရှိသွားပါပြီ။”

ဥက္ကံမြို့ပေါ်မှာ အပျက်အစီးတွေ ရှိခဲ့လိ့ု ဥက္ကံမြို့နဲ့ ဆက်စပ်နေတဲ့ ခြောက်တဲပင်ရွာ၊ ကျွဲပုံးရွာနဲ့ ပနီပင်ရွာတွေကတော့ မီးရှို့ခံခဲ့ရတယ်လို့လည်း ကိုသက်ဦး က ပြောပါတယ်။

“ရွာက ခြောက်တဲရွာမှာရှိတဲ့ ၁၅ လုံးက မီးလောင်တယ်။ နောက်တခါ ကျွဲပုံးက ၅၆ လုံး၊ ပနီပင်က ၇ လုံး၊ နောက်တခါကျတော့ အဲ့ဒီ ပနီပင်မှာက အိမ် ၆ လုံး အဖျက်စီးခံရတယ်။”

ဥက္ကံမြို့အတွင်းမှာ အခုလို အကြမ်းဖက်မှု ဖြစ်ရပ်တွေ တင်းမာနေချိန်မှာပဲ ရန်ကုန်က ရွှေညဝါ ဆရာတော်ကြီးကိုယ်တိုင်က နှစ်ဘက်အကြား ပြေလည်မှု ရရှိဖို့အတွက် ကြားဝင် ညှိနှိုင်းပေးတာတွေလည်း ဆောင်ရွက်ပေးခဲ့ရတာပါ။ နှစ် ဘက်ဘာသာဝင်တွေအကြား အခုလို ဘာသာရေးပေါ် အခြေပြုထားတဲ့ အမုန်းတွေ နဲ့ ရန်ငြိုးတွေ ရှိနေရင် တိုင်းပြည်ရှေ့ခရီးအတွက် စိုးရိမ်ကြောင်းလည်း ရွှေညဝါ ဆရာတော်ကြီးက မိန့်ပါတယ်။

“ဒီလိုမျိုး လူမျိုးရေး ပဋိပက္ခတွေက ဆက်လက်ဖြစ်ပွားနေမယ်ဆိုရင် နေရာ အနှံ့အပြား မီးကူးသွားရင် ငါတို့လည်း မတတ်နိုင်တော့ဘူး။ အဲ့ဒါဆိုရင်တော့
နောက်ပြန်လှည့်သွားမယ့် လမ်းစဉ်ကြီးက အကြိုက်တွေ့သွားမှာပေ့ါ။ အဲ့တော့ ပြောချင်တာက စစ်ဖိနပ်အောက် မင်းတို့ ပြန်ရောက်ချင်သလား။ မင်းတို့ သားသမီးတွေကို အဲ့ဒီ စစ်ဖိနပ်အောက် ထိုးထည့်ပြီး သေသွားချင်သလား။ ကျုပ်တို့ ဒီပဋိပက္ခတွေဟာ သေကြေမှု အဆိုးတွေဘက်ကို မရောက်စေချင်ဘူးလေ။”

နောက်ဆုံး အခြေအနေအရ တိုက်ကြီးမြို့ပေါ်မှာ ရှိနေတဲ့ စစ်တပ်နဲ့ ရဲတွေကပဲ ဒေသတွင်း လုံခြုံရေးတွေကို အဓိက တာဝန်ယူထားပြီးတော့ ဆူပူမှုတွေ ထပ်မဖြစ်အောင် လုံခြုံရေးကို ထိန်းသိမ်းနေရတယ်လို့လည်း ဥက္ကံဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း မိတ္ထီလာမြို့မှာ ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့အထိ ဆူပူမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမှာလည်း ဖြစ်ပွားခဲ့တာပါ။

အဲ့ဒီတုန်းက ဆူပူအကြမ်းဖက် လုပ်ရပ်အချို့ကို စတင် ဖန်တီးခဲ့သူတွေနဲ့ ကိုယ်တိုင် ကျူးလွန်ခဲ့သူတွေကို အာဏာပိုင်တွေက အရေးယူမှုတွေ ဆောင်ရွက်နေသ လို၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း လူမျိုးရေး၊ ဘာသာရေးကို အခြေခံတဲ့ ပြဿနာတွေ ထပ်မဖြစ်ဖို့နဲ့ လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြုပြီး ဆူပူအောင် လှုံ့ဆော်သူတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူမယ်ဆိုပြီးတော့လည်း တရားဝင် ပြောထားတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG