သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၅၉(စ) ဆိုင်းငံ့ရေးအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေ အမြင်


တပ်မတော်သား ကိုယ်စားလှယ်များ ဒုတိယအကြိမ် သက်တမ်း လွှတ်တော်တက်လာစဉ်။
တပ်မတော်သား ကိုယ်စားလှယ်များ ဒုတိယအကြိမ် သက်တမ်း လွှတ်တော်တက်လာစဉ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး တားဆီးထားတဲ့ ပုဒ်မ ၅၉(စ) ဆိုင်းငံ့ရေး အဆိုကို NLD ပါတီ ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်ကို တင်ပြဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် တပ်မတော်သား ကိုယ်စားလှယ်တွေ ကတော့ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပဲ သူတို့ဘက်က တုန့်ပြန်သွားမယ်လို့ ပြောနေပါတယ်။ တချိန်တည်းမှာတော့ ၅၉(စ) အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်းခဲ့ရာမှာ ဦးဆောင်သူဖြစ်တဲ့ ဦးထွန်းထွန်းဟိန်ကိုတော့ ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဒီကနေ့ ခန့်အပ်ခဲ့ပါတယ်။ ဒီအကြောင်းတွေ ကိုတော့ နေပြည်တော် လွှတ်တော်မှာ သတင်းယူနေတဲ့ မမေခက စုံစမ်း မေးမြန်း သတင်းပေးပို့ထားပါတယ်။

အမျိုးသားလွှတ်တော်
အမျိုးသားလွှတ်တော်

ဒီကနေ့မှာ NLD ပါတီက ဦးဆောင် ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေကို စတင်ကျင်းပနေပြီဖြစ်ပါတယ်။ လက်ရှိချိန်မှာ လွှတ်တော်တွေ စတင် ကျင်းပနေတာ မှာ NLD ပါတီက ကိုယ်စားလှယ် အများဆုံးတက်ရောက်နေကြတာပါ။

ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော်

ဒီပြင် လက်ရှိမှာလည်း အစိုးရဖွဲ့နိုင်လောက်တဲ့ အထိအနိုင်ရထားတာကြောင့် သမ္မတ တင်မြောက်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ဖို့မျှော်မှန်းနေကြပါတယ်။

ဒါပေမယ့် လက်တွေ့မှာ အခြေခံဥပဒေမှာ ပါတဲ့ ပုဒ်မ ၅၉(စ)ကြောင့် သမ္မတ ဖြစ်လို့ မရနိုင်ပါဘူး။ ဒီမှာဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး တားဆီးထားတဲ့ ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေး ကို လုပ်ဆောင်ဖို့ NLD ပါတီဝင်တွေက ပြင်ဆင်နေကြ တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီသတင်းတွေအပေါ်မှာ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်တောက်ထွန်းက အခုလိုပြောဆိုခဲ့ပါတယ်။

" ကျနော်တို့ လက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံ ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပါပဲ။ ဒီအတိုင်းပဲ ကျနော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။:

ပုဒ်မ ၅၉ စ ဆိုင်းငံ့ရေး ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဗွီအိုအေမေးမြန်းမှုကို ဗိုလ်ချုပ်တောက်ထွန်းက အခုလိုဖြေကြားခဲ့တာပါ။

ဒီ ၅၉(စ) ပြင်ဆင်ရေးနဲ့ပတ်သတ်ပြီး တပ်မတော်ကိုယ်စားလှယ်တွေဘက်က အခုလိုပြောဆိုခဲ့သလို မကြာသေးခင်ကလည်း တပ်မတော်ကထုတ်ပြန်တဲ့ မြဝတီ သတင်းစာတွင် ပုဒ်မ ၅၉ (စ) မပြင်ဆင်သင့်ဆိုသည့် ဆောင်းပါးများကို ထည့်သွင်းဖော်ပြပြီး သဘောထားဖော်ပြမှုတွေရှိခဲ့ပါတယ်။

၅၉(စ) ဆိုင်းငံ့ရေးအပေါ် တိုင်းရင်းသားတွေမှာလည်း အမြင်အမျိုးမျိုးရှိနေပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် က စိုင်းသီဟကျော် က ၅၉(စ) ဆိုင်းငံ့ရေး၊ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

" ကျနော်တို့ နိုင်ငံအတွက်ပေါ့နော် နိုင်ငံအတွက် ရှေ့ဆက်သွားရမယ့် ခရီးလမ်းကြောင်း ဖြောင့်ဖြူးဖို့အတွက် အဓိက ဦးစားပေး စဉ်းစားရမှာ။ ကောင်းမွန်တဲ့ အချက်ဖြစ်မယ်ဆိုရင် ကျနော်တို့ အားလုံး ဝိုင်းစဉ်းစားပြီးတော့ ထောက်ခံ သင့်ရင် ထောက်ခံပေးရမှာဖြစ်ပါတယ်။

တကယ်တမ်း ကျနော့်သဘောထား ကျနော့်တဦးတည်းရဲ့ သဘောထားကကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဋ္ဌာန်းပြီးတဲ့နောက် မလိုအပ်တဲ့ ပုဒ်မတွေကို ဆိုင်းငံ့တဲ့ ကိစ္စကတော့ ကျနော်တို့ နည်းနည်းစဉ်းစားသင့်တယ်လို့ပေါ့နော် နောက်ပိုင်းတွေမှာ တကယ်လို့ တခြားသောအစိုးရ တခြားသော အစုအဖွဲ့တခုက ထပ်ပြီး တက်လာမယ် ဥပဒေအရ ကန့်သတ်တားမြစ်ထားတဲ့ ကိစ္စရပ်ကို ကျော်လွှားချင်တယ်ဆိုရင် အလွယ်တကူပေါ့နော် ဒီလိုကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာကိုတော့ ကျနော်တို့ နည်းနည်း စိုးရိမ်တာပေါ့နော်။ "

ရခိုင်အမျိုးသားပါတီက ဦးဦးလှစောကလည်း သူ့ထင်မြင်ချက်ကို အခုလိုပေး ခဲ့ပါသေးတယ်။

" အဲ့တော့ ကျနော်တို့ကတော့ ဝေဖန်ရခက်ပါတယ်နော်။ ဒါပေမဲ့ တခုတော့ ပြောချင်တာ ကတော့ ကျနော်တို့ ပုဂ္ဂိုလ်အရ အမြင်ကတော့ ၅၉ စ တွေ ဘာတွေတော့ ကျနော်ကတော့ မဝေဖန်ချင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတဖြစ်ထိုက်ပါတယ်နော်။ ကျနော်တို့ ပုဂ္ဂိုလ်ရေးဆန္ဒပေါ့။

အခု ကျနော်တို့သွားတဲ့ အလှည့်အပြောင်းဆိုတာက ဘယ်လောက်ပဲ ဆန္ဒရှိရှိပေါ့နော်။ ဒါ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ညှိနှိုင်းသွားမယ့် လုပ်ရပ်ပေါ့လေ။ အဲ့ဒီ့ သိပ်ပြီးတော့ Risk များတဲ့ လုပ်ရပ်ကိုတော့ လူကြီးတွေ လုပ်မယ်တော့ မထင်ပါဘူး။"

NLD ပါတီကနေ ၄၃၆ ဥပဒေနဲ့ အခြားသော ဖွဲ့စည်းပုံအခြေခံဥပဒေတွေပြင်ဆင်ရေး ကြိုးပမ်းခဲ့တာမှာ ဦးဆောင် ပါဝင်ခဲ့သူ NLD ပါတီ ဗဟိုအလုပ် အမှုဆောင် ဦးထွန်းထွန်းဟိန်ကို ဒီကနေ့မှာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအနေနဲ့ ခန့်အပ်လိုက်ပါတယ်။ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးထွန်းထွန်းဟိန်က ၅၉(စ) ပြင်ဆင်ရေး ဒါမှမဟုတ် ဆိုင်းငံ့ရေး နဲ့ အပေါ် အခုလိုပြောထားပါတယ်။

" ဒီပုဒ်မ ၅၉ (စ) ကို အန်ကယ်လ်တို့က ဆိုင်းငံ့တယ် ဆိုတာပေါ့နော်။ နိုင်ငံသမိုင်းမှာ ဒီလိုဆိုင်းငံ့တဲ့သာဓကများ ရှိဖူးပါတယ်။ ၅၉ (စ) ကို ပြည်သူအများ စိတ်ဝင်စားတယ် ဆိုတာကိုလည်း အန်ကယ်လ်တို့ သိနေပါတယ်။ ကြားလည်း ကြားနေတာပေါ့လေ။ ဒီအကူးအပြောင်း transition အချိန်ပေါ့လေ ညှိနှိုင်းရေးက အတော်လေးကို complicated ဆိုတာကိုလည်း အန်ကယ်လ်တို့ သဘောပေါက်ပါတယ်။ "

တည်ဆဲဥပဒေတွေအရ လွှတ်တော်တွင်းက ၇၅ရာခိုင်နှုန်းအထက်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေသဘောတူမှသာ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေကိုပြင်ဆင်နိုင် ဆိုင်းငံ့နိုင်မှာပါ။ အခုလက် ရှိချိန်မှာတော့ NLD ပါတီကိုယ်စားလှယ်အများစု လွှတ်တော်တက်နေရပေမယ့် ၇၅ရာခိုင်နှုန်း အထက်မရှိသေးတာကြောင့် ဒီဥပဒေကို ပြင်ဆင်ဖို့ ဒါမှမဟုတ် ဆိုင်းငံ့ ဖို့အတွက်က အခြားသော တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ တပ်မတော်က ပါဝင်မှသာ ပြင်ဆင် ဒါမှမဟုတ် ဆိုင်းငံ့နိုင်မှာပါ။

ပြင်ဆင်လိုတဲ့ ၅၉(စ) ဥပဒေဟာ သမ္မတဖြစ်နိုင်ဖို အရည်အချင်း သတ်မှတ်ထားတဲ့ဥ ပဒေတခုဖြစ်ပါတယ်။ သမ္မတ ဖြစ်မယ့်သူအနေနဲ့ ကိုယ်တိုင် ဒါမှမဟုတ် မိဘ၊ဆွေမျိုး၊သားသမီး၊ ခင်ပွန်း၊ ဇနီး စတဲ့သူတွေက နိုင်ငံခြားသား တိုင်းတပါးသား ခံယူသူ မဖြစ်စေရလို့ ဖော်ပြထားတာပါ။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား၂ဦးစလုံးဟာ ဗြိတိန် နိုင်ငံသားအဖြစ်သာ ရှိနေပါသေးတာကြောင့် ဒီဥပဒေအရ ညှိစွန်းနေတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် ဟာ သမ္မတဖြစ်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ လက်ရှိမှာ NLD ပါတီဘက်ကနေ ၅၉(စ)ကို ပြင်ဆင်ဖို့ ဆိုင်းငံ့ဖို့ လုပ်ဆောင်နေတယ် လို့ သတင်းတွေထွက်ပေါ်နေပေ မယ့် NLD ပါတီကတော့ ဒါကိုငြင်းဆိုတာ ထောက်ခံတာ ဒီဟာကို လုပ်ဆောင်နေတာ ဟုတ် မဟုတ်ကို လည်း တိကျစွာပြောဆိုခြင်း မရှိသေးပါဘူး။

XS
SM
MD
LG