သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေးပွင့်ဆိုင် တနှစ်ပြည့် ကျောင်းသားတွေ လွှတ်ဖို့ တောင်းဆို


ပညာရေးပြုပြင်ပြောင်းလဲပေးဖို့ ငြိမ်းချမ်းစွာဆန္ဒြုပသူတွေကို ဖမ်းဆီးချုပ်နှောင်ခြင်း မပြုပါဘူးဆိုတဲ့ အစိုးရ၊ လွှတ်တော်နဲ့ ကျောင်းသားတွေ သဘောတူညီ လက်မှတ်ထိုးခဲ့တဲ့ လေးပွင့်ဆိုင် သဘောတူညီချက်က ဒီနေ့ဆို တနှစ်ပြည့်သွားပြီဖြစ်ပါတယ်။ ဒီလေးပွင့်ဆိုင် သဘောတူညီချက်ကို လေးစားတဲ့အနေနဲ့ ထောင်ထဲ ထည့်ထားတဲ့ သပိတ်မှောက် ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးပါလို့ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ညှိနှိုင်း ဆောင်ရွက်ပေးသူတွေက တောင်းဆိုလိုက်ပါတယ်။ ဆန္ဒပြခဲ့တဲ့သူတွေကို အစိုးရသစ်၊ အာဏာ မလွှဲပြောင်းခင် ပြုပြင်ပြောင်းလဲရေးကို အမှန်လိုလားတယ် ဆိုတာကို ပြသတဲ့အနေနဲ့ လက်ရှိအစိုးရအနေနဲ့ အမြန်ဆုံး လွှတ်ပေးသင့်ပါတယ် လို့လည်း ကျောင်းသားသပိတ် ဝန်းရံခဲ့တဲ့ တက်ကြွလှုပ်ရှား သူတွေက ပြောပါတယ်။ ကျောင်းသားတွေရဲ့နောက်ဆုံးရုံးထုတ် အခြေအနေကို မဆုမွန်က တင်ပြပေးပါမယ်။

ဒီကနေ့ အင်္ဂါနေ့မှာတော့ လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွင်းခံရပြီး အဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ဝန်းရံပြည်သူတွေကို သာယာဝတီခရိုင် တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ သာယာဝတီခရိုင် တရားရုံးမှာ လက်ပံတန်းကျောင်းသားတွေကို ရုံးထုတ်စစ်ဆေးနေချိန် တပြိုင်နက်တည်းမှာပဲ ရန်ကုန်မှာလည်း ကျောင်းသားခေါင်းဆောင်တွေကိုလည်း ထပ်တိုး ပုဒ်မ စွဲဆိုချက်တွေနဲ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ရုံးထုတ်တဲ့အချိန် သာယာဝတီအကျဉ်းထောင်ထဲ ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေက တရားရုံးရှေ့မှာ ကြွေးကြော်ခဲ့ကြပါတယ်။

“ဒီမိုကရေစီပညာရေး ဒို့အရေး…ဒို့အရေး၊ ကျောင်းသား သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရှိရေး ဒို့အရေး…ဒို့အရေး၊ ဒို့ကျောင်းသားတွေ ညီရဲ့လားဟေ့……ညီတယ်ဟေ့၊ ညီတယ်ဟေ့။ ခွပ်ဒေါင်းအဖွဲ့တွေ ညီရဲ့လားဟေ့……ညီတယ်ဟေ့၊ ညီတယ်ဟေ့။ သပိတ်၊ သပိတ် မှောက်မှောက်။ မီးတုတ်၊ မီးတုတ် ရှို့ရှို့ ၊ အရေးတော်ပုံ အောင်နိုင်ရမည်။”

ဒီနေ့ရုံးချိန်းမှာတော့ ကျောင်းသားသပိတ်ကို ဖြိုခွင်းခဲ့တဲ့နေရာမှာ အဓိက တာဝန်ရှိတဲ့ ရဲမှူးကို ကျောင်းသားတွေဘက်က ရှေ့နေက စစ်မေးခဲ့သလို ကျန်းမာရေးစိုးရိမ်စရာအခြေအနေမှာရှိနေတဲ့ ကျောင်းသားတဦး အာမခံရခဲ့တယ် လို့ တရားရုံးထုတ်တွေမှာ ကျောင်းသားတွေရဲ့ကျန်းမာရေး၊ စားသောက်ရေးတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ တက်ကြွလှုပ်ရှားသူ မအေးအေးခိုင်ကပြောပါတယ်။

“ကျောင်းသားတွေကို တုတ်နဲ့ရိုက်တာတွေ ၊ ကားတွေကို ဖျက်စီးတာတွေ အဲဒါတွေကို အဓိကထားပြီးတော့ စစ်သွားတာပါ။ ဒါပေမယ့် သူကတော့ တခုမှ မသိပါဘူး ဆိုတဲ့ဟာနဲ့ ပြောသွားတယ်။ ဘာတခုမှ မသိပါဘူး။ မမြင်လိုက်ပါဘူး ဆိုတာနဲ့ပဲ နောက်ဆုံး " ဘူး" နဲ့ပဲ ဒီကနေ့ တရားခွင်က ပြီးသွားတာ။ ဒီကနေ့ရုံးထုတ်တော့ ဘိုဘိုမျိုးနေမကောင်းတော့ အာမခံချက်တောင်းတော့ အာမခံချက်ရတယ်ပေါ့နော်။ ဘိုဘိုမျိုးတယောက်ပဲ သူကလက်ရှိ ရန်ကုန်ဆေးရုံမှာ ဆေးရုံတက်နေတာလေ။ ဒုတိယအကြိမ်မြောက် ဆေးရုံတက်နေရတာပါ။ ဒီ ကမာရွတ် ရုံးထုတ်တာမှာက မင်းသွေးသစ် ပါတယ်။ မင်းသွေးသစ်ရယ်၊ နန္ဒစစ်အောင်ရယ် ရန်ကုန်၊ ကမာရွတ်မှာ ရုံးထုတ်မယ်။”

ဒီနေ့အချိန်ဟာဆိုရင် လေးပွင့်ဆိုင်ဆွေးနွေးမှုတွေရဲ့ သဘောတူညီချက်တွေထဲ ပါဝင်ခဲ့တဲ့ ကျောင်းသားသပိတ်အပေါ် ဦးဆောင်သူ ကူညီအားပေးသူတွေ

အပေါ် အရေးယူခြင်းမပြုရဘူး ဆိုတဲ့ သဘောတူညီချက်ပေးခဲ့တဲ့ တစ်နှစ်ပြည့်ချိန်လည်းဖြစ်နေပါတယ်။

ကတိပေးခဲ့တဲ့ အစိုးရ၊ လွှတ်တော်၊ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဘက်က အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးသင့်တယ်လို့ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွေဖြစ်မြောက်ရေးမှာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့တဲ့ ဒေါက်တာကျော်သူက ဗွီအိုအေကိုပြောပါတယ်။

“ထင်ထင်ရှားရှားကြီးကို မှားတဲ့လုပ်ရပ်တွေဖြစ်တယ်။ အဲဒီအထဲမှာ အစိုးရကော၊ လွှတ်တော်ကော ပါခဲ့ပြီးသား။ အခုဆိုရင် တချို့ကျောင်းသားတွေကိုဆိုရင် စံချိန်တင် မကြားဖူးတာတွေနဲ့ စွဲထားတာ ရှက်စရာလည်း ကောင်းတယ်။ ၁ ယောက်ကို အမှု ၇၀ တို့တင်တာတို့ ဘာတို့ ၊ တရားရေးစနစ်မှာ မရှိသင့်တဲ့ဟာ တွေရှိတယ်။ အဲတော့ ဒီအစိုးရသစ်နဲ့လွှတ်တော်က ပြုပြင်ပြောင်းလဲ ကိုင်တွယ်လိမ့်မယ်လို့ မျှော်လင့်တယ်။ အစိုးရမှာ သူက လွှတ်ငြိမ်း ချမ်းသာခွင့် ပြောတာ တောင်းဆိုတဲ့ အချိန်မှာ သူက တရားစွဲနေတာ၊ အပြစ်ဒဏ်ချပြီးသား လူတွေသာ အရင် သမ္မတကြီးက လွှတ်လို့ရတယ်ဆိုပြီးတော့ သူတို့ ဆင်ခြေပေးတယ်။ အမှန်မှာက တရားစွဲ အဖွဲ့အစည်းက အစိုးရနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေဖြစ်တယ်။ အဲဒီ အဖွဲ့အစည်းတွေက တရားစွဲတာကို ရုပ်သိမ်းလို့ရှိရင် အမြန်ဆုံးပြီးမယ်ထင်တယ်။ အမှု ရုပ်သိမ်းလို့ရတယ်။”

မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ကျောင်းသားတွေကို လက်ရှိအစိုးရအနေနဲ့ အာဏာမလွှဲပြောင်းခင်ကာလ နိုင်ငံရေးသိက္ခာရှိရှိနဲ့ ပြုပြင်ပြောင်းလဲမှုကို လိုလားတယ်ဆိုတာပြတဲ့အနေနဲ့ အမြန်ဆုံးပြန်လွှတ်ပေးသင့်နေ ပါပြီလို့ ကျောင်းသားသပိတ်အထောက်အကူပြုကော်မတီက ဦးဇော်ရမ်းကလည်း အခုလိုပြောပါတယ်။

“အခုဖမ်းထားတဲ့အခြေခံအချက်ကို ကြည့်မယ်ဆိုရင်လည်း အထွေထွေနိမ့်ကျနေတဲ့ ပညာရေးကို ပြောင်းလဲအောင်လုပ်မှာဖြစ်တဲ့အတွက် ဘာအပြစ်မှ မရှိပါဘူး။ ကျောင်းသားတွေရဲ့လုပ်ရပ်က မှန်ပါတယ်။ နောက်လေးပွင့်ဆိုင် သဘောတူညီချက်မှာလည်းပဲ ကျနော်တို့ကျောင်းသားတွေကို ဒီကိစ္စနဲ့ ပတ်သက်လို့ မဖမ်းဘူး၊ အရေးမယူဘူး ဆိုပြီးတော့ အခုလို ဖမ်းထားခြင်း အားဖြင့်ကတော့ နိုင်ငံသူ၊ နိုင်ငံသားအားလုံးအတွက်မကောင်းတာနော်။ အစိုးရအတွက်လည်း မကောင်းသလို ကျနော်တို့လည်း ကမ္ဘာပေါ်မှာ အင်မတန်ရှက်စရာကောင်းပါတယ်။ ဒီကျောင်းသားတွေကို ဖမ်းထားတာ ၊ သူခိုးလည်းမဟုတ်၊ ဓါးပြလည်းမဟုတ်ဘဲနဲ့ပေါ့ဗျာ။ အဲဒါကြောင့် အမြန်ဆုံး လွှတ်ပေးလိုက်မယ် ဆိုရင် နိုင်ငံတော် တည်ဆောက်ရေး၊ သူတို့ပြောနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အားလုံး လူ နတ် ဗြဟ္မာ အားလုံး စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဖြစ်ပါလိမ့်မယ်။”

လက်ပံတန်းကျောင်းသားသပိတ်အဖြိုခွင်းခံရလိုက်ရတုန်းက ဖမ်းဆီးခဲ့တဲ့ သပိတ်မှောက်ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေ အပါအဝင်၊ ကျောင်းသားတွေလွတ်မြောက်ရေး ဆုတောင်းပွဲတွေပြုလုပ်လို့ ဖမ်းဆီးခံထားရတဲ့ အနယ်နယ်အရပ်ရပ်က ကျောင်းသားတွေ၊ တမတ်သား တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်က ထွက်သွားဖို့ဆန္ဒပြခဲ့တဲ့ တကသကျောင်းသားခေါင်းဆောင်တွေစတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားသူတွေက တောင်းဆိုနေကြတာပါ။

ဦးသိန်းစိန်အစိုးရလက်ထက် နောက်ဆုံးအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့အချိန်မှာတော့ နိုင်ငံရေးအကျဉ်းသားအနည်းငယ်ပဲ ပါခဲ့ပြီး ကျောင်းသားတွေ ၊ အလုပ်သမား၊ လယ်သမားရေး တက်ကြွလှုပ်ရှားသူ တော်တော်များများ အကျဉ်းထောင်တွေ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထပ်တိုးပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။

XS
SM
MD
LG