သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ကျမ်းကျိန်ပွဲ လွှတ်တော်မှာ ကျင်းပမည်


ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးစတင်။
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးစတင်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်းဆိုရင် သမ္မတကို လွှတ်တော်ကနေ ခန့်ထားရ မှာဖြစ်လို့၊ သမ္မတသစ်ကို လွှတ်တော်မှာ ခန့်အပ်ပွဲလုပ်မှာဖြစ်တယ်လို့ NLD ဘက်က ပြောပါတယ်။ လက်ရှိ သမ္မတရုံးတာဝန်ရှိသူတွေကတော့ သမ္မတ တာဝန် အလွဲှအပြောင်း အပါအဝင် အစိုးရ အာဏာအလွဲှအပြောင်းကို လက်ရှိ အစိုးရနဲ့ NLD ပါတီအကြားမှာ ညှိနှိုင်းနေကြဆဲဖြစ်တယ်လို့ ဗွီအိုအေ ကို ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုထက်အောင် သတင်းပေးပို့ထားပါတယ်။

မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မယ့် အစိုးရအနေနဲ့ လက်ရှိ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်က တင်မြှောက်လိုက်တဲ့ သမ္မတကို ဧပြီလဆန်းမှာ အာဏာလွဲှပြောင်းပေးရတော့မှာပါ။ သမ္မတအလွဲအပြောင်းနဲ့ ပတ်သတ်လို့ NLD ပြောခွင့် ရ ပုဂ္ဂိုလ် ဦးဝင်းထိန်က အခုလို ပြောပါတယ်။

"သမ္မတကို လွှတ်တော်က ခန့်တာ၊ သူက ခန့်တာမှမဟုတ်ပဲ။ ပထမ သမ္မတ၊ ဒုတိယသမ္မတကို ခန့်တာမဟုတ်ဘူး။ သမ္မတတိုင်းကို လွှတ်တော်က ခန့်တာ။ အဲ့တာဖွဲ့စည်းပုံ အခြေခံဥပဒေအရ။ သမ္မတကို လွှတ်တော်က ခန့်တာ၊ သူက ခန့်တာမှမဟုတ်ပဲနဲ့။"

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရဆိုရင် သမ္မတအာဏာလွဲှပြောင်းမှုကို ဘယ်လို ပုံစံ လုပ်ရမယ်ဆိုတာ တိတိကျကျ ရည်ညွှန်းဖော်ပြတာ မရှိပါဘူး။ ဒါပေမဲ့လို့ လက်ရှိအချိန်ထိတော့ သမ္မတ အာဏာလွဲှဲပြောင်းရေးနဲ့ ပတ်သတ်လို့ လက်ရှိ အစိုးရနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကြား ညှိနှိုင်းနေဆဲဖြစ်တယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးကပြောပါတယ်။

" လွှဲပြောင်းတယ်ဆိုတာ Constitution ထဲမှာ မပါဘူးခင်ဗျ။ ပြောတဲ့သဘောက ဘာလဲဆိုတော့ ကျနော်တို့ ၂၀၁၀ တုန်းက လုပ်ခဲ့တုန်းက အတွေ့အကြုံအရပေါ့နော်။ အဲ့တာတွေနဲ့ယှဉ်ပြီးတော့ အခုဟာကို ကျနော်တို့ ဘယ်လို ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့ဟာကို ကျနော်တို့ဘက်က စဉ်းစားတယ်။ စဉ်းစားပြီးတော့ အဲ့တာကို သမ္မတနဲ့ ဒေါ်စုနဲ့ အိမ်တော်မှာ ၂၀၁၅ ဒီဇင်ဘာမှာ တွေ့တုန်းက ပြောခဲ့တဲ့ဟာမှာ အဲ့တာတွေ ပါတယ်။ ပါတော့ ဒေါ်စုက သူ့ဘက်က စဉ်းစားထားတာရှိတယ်။ သမ္မတကြီးကလည်း ဒီလွှဲပြောင်းတဲ့ဟာကို သမိုင်းမှာလည်း မရှိခဲ့ဘူး။ ဒါကို ကျနော်တို့ကနေ စပြီး အစဉ်အလာလုပ်မယ်ဆိုပြီးတော့ သမ္မတကြီးက ပြောတယ်။ နံပတ်တစ် ကျနော်တို့ဘက်က လုပ်ချင်တယ်ဆိုတဲ့ ပရိုဂရမ် အစီအစဉ် တခုကို ပေးလိုက်တယ်။ ပြီးတော့မှာ NLD က သူတို့ဘက်က စဉ်းစားထားတဲ့ ပရိုဂရမ်ကို ပြန်ပို့တယ်။ အဲ့ပို့တဲ့ ပရိုဂရမ်နှစ်ခုအပေါ်မှာ ကျနော်တို့က Adjust လုပ်ပြီးတော့ လုပ်ချင်တာတွေပါတဲ့ ပရိုဂရမ်အသစ်တခု ထပ်ပြီးတော့ ပို့လိုက်တယ်။ အဲ့ဒီ့အပေါ်မှာ ဒီနေ့ ဦးဝင်းထိန်ပြောလိုက်တာ ထွက်လာတာပေါ့။"

အစိုးရသစ်တစ်ရပ်ကို ရွေးချယ်တင်မြှောက်တော့မယ့် အချိန် နီးကပ်လာတာနဲ့ အမျှ လက်ရှိအစိုးရနဲ့ ရွေးကောက်ပွဲအနိုင်ရ ပါတီကြား အာဏာလွဲပြောင်းမှုကို ဘယ်လို အခမ်းအနား ဘယ်လိုပုံစံနဲ့လုပ်မလဲ ဆိုတဲ့အပေါ်မှာ အခြေအတင်ဖြစ်နေတဲ့ အနေအထားတော့တွေ့ရပါတယ်။

သမ္မတအာဏာလွှဲပြောင်းရေးမှာတော့ သမ္မတဦးသိန်းစိန်အနေနဲ့ လွှတ်တော်ထဲ လာစရာမလိုပေမယ့် အစိုးရအဖွဲ့ အလွဲှအပြောင်းကိုတော့ လွှတ်တော်နဲ့ မသက်ဆိုင်ပဲ လက်ရှိအစိုးရနဲ့ နောက်အစိုးရ အချင်းချင်း လွဲှပြောင်းပေးရမယ်လို့ တရားလွှတ်တော် ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်ဝင်းက ပြောပါတယ်။

" ကျနော်သိသလောက် လွှတ်တော်ကို လာစရာမလိုပါဘူး။ အစိုးရ အလွှဲအပြောင်း လုပ်တဲ့ ကိစ္စမှာတော့လေ ဟိုဘက်က လွှဲပြောင်းတဲ့အဖွဲ့နဲ့ ဒီဘက်က လွှဲပြောင်းတဲ့အဖွဲ့ နဲ့ နေရာကတော့ လွှတ်တော်နေရာဖြစ်ချင်ဖြစ်မယ်ပေါ့နော်။ ဒီလိုအလွှဲအပြောင်း လုပ်သွားကြတာပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတော့ ဘယ်လိုလုပ်ရမယ် ဘာညာတော့ ကျနော် မတွေ့ဘူးဗျ။

နှစ်ဆင့်သွားမယ် ခင်ဗျ။ ပထမဆုံးက သမ္မတ နဲ့ပတ်သက်ပြီးတော့ သမ္မတ အာဏာ အလွှဲအပြောင်း လုပ်မယ်ပေါ့နော်။ အလွှဲအပြောင်းလုပ်ပြီးတော့ ဒီသမ္မတကနေ ကျမ်းသစ္စာ ကျိန်ဆိုမယ်ပေါ့။ ဆိုပြီးတော့ သမ္မတဖြစ်သွားပြီဆိုတော့ သူက နောက်ထပ် အစိုးရအဖွဲ့ဖွဲ့မယ်လေ။ ဖွဲ့တဲ့အခါကျတော့ ဝန်ကြီး၊ ဒုဝန်ကြီးတွေ ပါလာမှာပေါ့။ ဝန်ကြီး၊ ဒုဝန်ကြီးတွေ ပါလာတော့ ဟိုဘက်က ဖွဲ့တဲ့အစိုးရအဖွဲ့နဲ့ ဒီဘက်က ဖွဲ့တဲ့ အစိုးရအဖွဲ့နဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတွေက ဌာနတခုချင်းစီအလိုက် လွှဲပြောင်းသွားမှာပါ။ "

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဟာ ရွေးကောက်ပွဲမှာ ၈၀ ရာခိုင်နှုန်းနီးပါးအထိ အနိုင်ရရှိထားပြီး လွှတ်တော်တွင်းမှာ အစိုးရဖွဲ့နိုင် တာဖြစ်ပါတယ်။ ပြည်သူ့ လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်တို့ကတဆင့် ဒုသမ္မတ ၂ ဦး တင်မြှောက်ခွင့် ရှိတာပါ။ လက်ရှိအစိုးရ သက်တမ်းမကုန်ဆုံးခင် လာမယ့် မတ်လ ၁၀ ရက်နေ့ကျရင်တော့ သမ္မတ ရွေးချယ်ရေး လုပ်ငန်းစဉ်တွေကို ပြည်ထာင်စု လွှတ်တော်မှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သမ္မတ ရွေးချယ်ရေး လုပ်ငန်းစဉ်တွေ မစခင်မှာ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ် နေရာတွေ ကို NLD ပါတီရဲ့ အရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေ ကို လျာထားပြီး ရခိုင်ပြည်နယ်မှာတော့ ဂွမြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၂ က ဦးညီပုကို ရွေးချယ်ထားတယ်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ်က ဗွီအိုအေကို အတည်ပြု ပြောဆိုထားပါတယ်။

XS
SM
MD
LG