သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှုကွန်ယက်နဲ့ မဲဆွယ်စည်းရုံးမှု


Facebook စာမျက်နှာမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မဲပေးဖို့ စည်းရုံးလှုံ့ဆော်မှုတစ်ခု။ (ဓာတ်ပုံ- နေဘုန်းလတ်)
Facebook စာမျက်နှာမှာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မဲပေးဖို့ စည်းရုံးလှုံ့ဆော်မှုတစ်ခု။ (ဓာတ်ပုံ- နေဘုန်းလတ်)

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ တရားဝင်စတင်တဲ့ ဒီကနေ့ စက်တင်ဘာလ ၈ ရက်နေ့မှာပဲ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က facebook စာမျက်နှာပေါ်ကနေ ရွေးကောက်ပွဲအတွက် “ပြည်သူတွေထံ ပန်ကြားစာ” ဆိုပြီး ဗွီဒီယိုရုပ်သံဖိုင်နဲ့ရော စာသားနဲ့ပါ NLD ပါတီအတွက် မဲဆွယ်စည်းရုံးမှုတွေ စတင်လိုက်ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ facebook လို အင်တာနက် လူမှုကွန်ယက်တွေကနေ မဲဆွယ်စည်းရုံးမှုတွေကို ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပါသလဲ။ facebook လူမှုကွန်ရက်တွေကို အသုံးပြုနေကြသူတွေကရော ဘယ်လိုအမြင်တွေ ရှိပါလဲဆိုတာကို ရှားဖောင်က တင်ပြထားပါတယ်။

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေ တရားဝင်စတင်တဲ့ဒီကနေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ရွေးကောက်ပွဲဟာ တိုင်းပြည်အပြောင်းအလဲအတွက် အရေးကြီးတဲ့ရွေးကောက်ပွဲဖြစ်လို့ ပြည်သူအားလုံးပါဝင်မဲပေးကြဖို့ facebook လူမှုကွန်ရက် စာမျက်နှာပေါ်ကနေတဆင့် ဗွီဒီယို ရုပ်သံဖိုင်နဲ့တင်ပြီးတော့ ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

“အခုအချိန်မှာ အရေးကြီးတာကတော့ ကျမတို့ပြည်သူလူထုအားလုံးဟာ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရဖို့နဲ့ ရွေးကောက်ပွဲနေ့ရောက်တဲ့အခါ သွားပြီးတော့ မဲပေးဖို့ပါပဲ။ မဲပေးတဲ့အခါကျလို့ရှိရင်လည်း ကျမတို့နိုင်ငံရဲ့အနာဂတ်၊ ကျမတို့ မျိုးဆက်သစ်တွေရဲ့အနာဂတ်ကို စဉ်းစားပြီးတော့ မဲပေးကြပါ။ ရှေ့ကို မျှော်ကြည့်ပြီးတော့ ပြောင်းလဲချိန်တန်တဲ့အခါမှာ ပြောင်းလဲဖို့ ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျမအနေနဲ့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။”

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ ဒီကနေ့ တရားဝင် စတင်လိုက်တယ်ဆိုရင်ပဲ နိုင်ငံရေးပါတီတွေအနေနဲ့ လူထုကြား ကွင်းဆင်း စည်းရုံးမှုတွေ လုပ်ဆောင်လာတဲ့ တချိန်တည်းမှာပဲ facebook လို အင်တာနက် လူမှုကွန်ရက်တွေ ပေါ်ကနေလည်း မဲဆွယ်စည်းရုံးမှုတွေကို စလုပ်လာကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် NLD ပါတီနဲ့ NLD ကို ထောက်ခံသူတွေရဲ့ Facebook စာမျက်နှာတွေပေါ်မှာ NLD ကို မဲပေးဖို့ တိုက်တွန်းတဲ့စာသားတွေကို ဒီရက်ပိုင်း ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရပါတယ်။

မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲသူဦးရေဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် ရာခိုင်နှုန်း သိပ်မများလှပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်းကစလို့ အင်တာနက် သုံးစွဲမှုတွေနဲ့ facebook လို လူမှုကွန်ရက် သုံးစွဲသူတွေကတော့ သိသိသာသာ များလာနေတာပါ။ ဒါကြောင့် ဒီလို လူမှု ကွန်ယက်တွေ ကနေလည်း NLD အောင်နိုင်ရေးအတွက် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကို လုပ်သွားရမှာဖြစ်တယ်လို့ လာမယ့် ရွေးကောက်ပွဲမှာ သင်္ကန်းကျွန်းမဲဆန္ဒနယ်ကနေ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမယ့် ကိုနေဘုန်းလတ်က ပြောပါတယ်။

“အခုလောလောဆယ်တော့ ကျနော့် page မှာ page ပဲ ရှိပါတယ်။ ဘလော့ဂါနေဘုန်းလတ် ဆိုတဲ့ page ရှိတယ်။ နောက်ပြီးတော့ ကျနော့ရဲ့ အကောင့်လည်း ရှိတယ်။ nayplatt ဆိုတဲ့အကောင့်ပေါ့နော်။ account ရော၊ page ရော အရင်ကတည်းက အရင်ကတည်းက တောက်လျှောက် - ပြီးခဲ့တဲ့ရက်တွေက NLD ပါတီကို မဲပေးဖို့ဆိုတဲ့ဟာမျိုး Profile ချိန်းတာလေးတခု စလုပ်ထားပါတယ်၊ မနေ့ကစပြီးတော့လေ။ Profile picture ချိန်းတာရယ်၊ နောက်ပြီးတော့ Banner ချိန်းတဲ့ဟာလေးရှိမယ်။ အဲဒီဟာလေးတွေ လုပ်မယ်။ နောက်ပိုင်းကျရင်တော့လည်း ဝဘ်ဆိုဒ်လည်း ပြန်ပြီးတော့ လုပ်ဖို့ စဉ်းစားထားပါတယ်။ ဝဘ်ဆိုဒ်နဲ့ facebook ကိုချိတ်ပြီးတော့ ကျနော့ရဲ့ data တွေ၊ ကျနော်ရေးထားတဲ့စာတွေ အကုန်လုံးကို အွန်လိုင်းကတဆင့် တောက်လျှောက် ဖြန့်သွားဖို့ရှိပါတယ်။”

Facebook လို လူမှုကွန်ရက်တွေပေါ်ကနေ မဲဆွယ်စည်းရုံးမှုတွေကို အကျိုးရှိရှိ သုံးနိုင်တာရှိသလို ဒီလို လူမှုကွန်ရက်တွေပေါ်ကနေပဲ စည်းရုံးရေးမှာ ထိခိုက်နစ်နာအောင် တိုက်ခိုက်တာတွေလည်း ရှိလာနိုင်တာကြောင့် လူမှုကွန်ရက်တွေကို အသုံးပြုကြသူတွေ အနေနဲ့ ဒါကို သတိထားသင့်တယ်လို့လည်း ကိုနေဘုန်းလတ်က သတိပေးပါတယ်။

“အွန်လိုင်းမီဒီယာက ဘာလဲဆိုတော့ - သိပ်ပြီးတော့ အကောင့်၊ အစုတွေလည်းရှိတဲ့အခါကျတော့ နောက်ပိုင်းတွေမှာ Dirty Game တွေပေါ့နော်။ အောက်ပိုင်းထိုးတာတွေပေါ့နော်၊ ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက် အပုပ်ချတာတွေ၊ ဘာတွေလည်း တဘက်ကနေပြီး အွန်လိုင်းမီဒီယာကိုသုံးပြီး လုပ်လာနိုင်ပါတယ်။ ကျနော်ကတော့ အစောကြီးကတည်းက ကျနော့် facebook ကို အဲလိုမျိုး …security တွေကိစ္စ သူငယ်ချင်းတွေနဲ့ဝိုင်းပြီး လုပ်ထားတော့လေ - ကျန်တဲ့အဖွဲ့တွေလည်း အဲလိုမျိုး အွန်လိုင်းကိုသုံးပြီးတော့ လုပ်မယ်ဆိုရင်တော့ တဘက်က နည်းပညာတကယ်ကျွမ်းကျင်တဲ့ သူတွေနဲ့ ကိုယ့် အကောင့်လုံခြုံရေးတွေ ဘာတွေ သေချာသတိထားသင့်တယ်ထင်တယ်။”

ဖေ့ဘုတ်လို လူမှုကွန်ယက်ကို သုံးလေ့သုံးထရှိသူ ရန်ကုန်မြို့ခံတဦးကတော့ ဖေ့ဘုတ်ပေါ်ကနေ မဲဆွယ်စည်းရုံးမှုတွေလုပ်တာဟာလူငယ်တွေအပါအဝင် မဲဆန္ဒရှင်တွေကို ချဉ်းကပ်နိုင်ဖို့ ထိရောက်တဲ့ နည်းလမ်းတခု ဖြစ်မယ်လို့ ယူဆပါတယ်။

“facebook ဆိုတာက လူငယ်တွေရော၊ ၆၀ ကျော်၊ ၇၀ အထိက အကုန်လုံးက သုံးကြတယ်လေ။ အင်တာနက်သတင်းဖတ်တာတို့ facebook သုံးတာ တို့က တခြား ဘာမှ မဖြစ်ပေမယ့်လို့ တစ်ယောက်နဲ့တစ်ယောက် သတင်းချင်းဖလှယ်ကြတယ်၊ အဲလိုမျိုးလေးအသိဖလှယ်ကြတယ်၊ ဒါမျိုးလေးတွေနဲ့ စပြီး…. ဒီ facebook ကနေ စပြီး မဲဆွယ်တာဟာ တနည်းအားဖြင့် ပိုပြီးတော့ ထိရောက်တယ်လို့ ထင်ပါတယ်။ ဂျာနယ်မဖတ်ဖြစ်တာတို့၊ တီဗွီ မကြည့်ဖြစ်တာတို့ ဒါမျိုးက ရှိကောင်းရှိနိုင်တယ်လေ။”

မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးမှာ facebook လို လူမှုကွန်ယက်တွေရဲ့ ထိရောက်မှုဟာ အဆိုးရော အကောင်းရော ရှိခဲ့တာပါ။ ဘာသာရေး လူမျိုးရေးအရ အမုန်းပွားတဲ့ ရေးသားပြောဆိုမှုတွေလည်း facebook တွေမှာ ပျ့နှံခဲ့တာမို့၊ ဒါကို အရေးယူဖို့ မြန်မာအာဏာပိုင်တွေ ကြိုးပမ်းခဲ့ရဖူးပါတယ်။ အခု ရွေးကောက်ပွဲမှာတော့ လူမှုကွန်ယက်တွေပေါ်မှာ မဲဆွယ်စည်းရုံးမှုနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေအနေနဲ့ ကန့်သတ်တာမျိုး၊ တားမြစ်တာမျိုးတွေ မရှိပါဘူးရှင်။

XS
SM
MD
LG