သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဥပဒေပြု ရေး ပွင့်လင်းမြင်သာမရှိသေး


ဒေါက်တာ အေးမောင် (Open Parliament Myanmar 2014)
ဒေါက်တာ အေးမောင် (Open Parliament Myanmar 2014)

လက်ရှိ မြန်မာ့လွှတ်တော်တွင်းက ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဥပဒေပြုရေးဆိုင်ရာ လုပ်ဆောင်ချက်တွေမှာ ပွင့်လင်းမြင်သာမှုမရှိသလို ပြည်သူလူထု ပူးပေါင်းပါဝင်မှုလည်း အားနည်းနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောလိုက်ပါတယ်။ မြန်မာ့လွှတ်တော်တွင်း ဘယ်လောက် ပွင့်လင်း မြင်သာမှု ရှိခဲ့ပါသလဲဆိုတဲ့ ခေတ်အဆက်ဆက်က လွှတ်တော် ကိုယ်စားလှယ်တွေရဲ့အတွေ့အကြုံတွေကို ဝေမျှကြတဲ့ ကမ္ဘာလုံးဆိုင်ရာ ဥပဒေပြုရေး ပွင့်လင်းမြင်သာမှု ရက်သတ္တပတ်ဆွေးနွေးပွဲ ပထမဆုံးနေ့မှာ အခုလိုပြောဆိုလိုက်တာပါ။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရလက်ထက်က စတင်ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွေကစလို့ ယနေ့ အချိန်အထိ လွှတ်တော်တွင်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေအတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က အဆို တင်သွင်းမှုတွေ၊ အတည်ပြု ပြဋ္ဌာန်းချက်တွေ လွှတ်တော်တွင်း ကော်မတီ၊ ကော်မရှင်အသီးသီးရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေရဲ့အတွေ့အကြုံတွေကို ဖလှယ် ဆွေးနွေးကြတာဖြစ်ပါတယ်။

အခုလက်ရှိလွှတ်တော်တွင်း လုပ်ဆောင်ချက်တွေမှာ ပွင့်လင်းမြင်သာမှု အားနည်းသလို လွှတ်တော်တွင်း ဥပဒေပြုရေးကိစ္စမှာလည်း ပြည်သူလူထု ပူးပေါင်းပါဝင်မှု သိရှိနားလည်မှု အားနည်းတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ထောက်ပြပြောဆိုပါတယ်။

“လူထုရဲ့တာဝန်ရှိတယ်ဆိုတာကို လူထု သဘောပေါက်ဖို့အတွက် ပညာပေးတဲ့အစီအစဉ်တွေ အများကြီးပါပါတယ်။ လွှတ်တော်အမတ်တွေတင်မကဘူးပေါ့နော်။ ကျန်တဲ့ အဖွဲ့အစည်းတွေက လူထု ပါဝင်ဖို့အရေးကြီးကြောင်းကို လူထုကို ရှင်းပြဖို့ လိုပါတယ်။ အဲဒါကြောင့် ပါလီမန်အားကောင်းဖို့၊ ဒီမိုကရေစီအားကောင်းဖို့၊ လူထုအဖွဲ့အစည်းတွေရဲ့ခိုင်မာမှုနဲ့ ကျယ်ပြန့်မှု အရေးကြီးတယ်ဆိုတာကို လူထုကို ပညာပေးတဲ့ အစီအစဉ် လွှတ်တော်ဘက်ကလည်း လိုပါတယ်။ ပါလီမန်ဆိုတာ လူထုအားလုံးနဲ့ နီးစပ်တဲ့နေရာမှာ ရှိသင့်တယ်။ လူထု လာပြီး လေ့လာတာကအစ၊ လူထုသွားလာမှုတွေ လွယ်ကူတဲ့နေရာလေး ဖြစ်ဖို့လိုတယ်။ အဲဒါမျိုးတွေကအစ ပါလီမန်အတွင်းမှာရှိတဲ့ ကော်မတီများရဲ့ရပ်တည်မှုကိုလည်း လူထု သိဖို့လိုတယ်။ လူထု ပါဝင်နိုင်တဲ့ ကော်မတီမျိုးဖြစ်ဖို့၊ ဆွေးနွေးနိုင်တဲ့ကော်မတီမျိုးဖြစ်ဖို့ လိုတယ်။ ပွင့်ပွင့်လင်းလင်းချပြနိုင်တာမျိုးရှိရင်တော့ ပိုပြီး ပွင့်လင်းတဲ့ ပါလီမန်နဲ့ ပါလီမန်တွင်းက ကော်မတီတွေ ဖြစ်သွားမှာပေါ့။”

လက်ရှိ ပြည်ထောင်စုအဆင့် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်အဆင့်ဆင့် အဆိုတင်သွင်းလာမှု ဥပဒေပြုရေး ပြဋ္ဌာန်းချက်တွေမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ဗဟိုချုပ်ကိုင်မှုတွေ အားနည်းချက်တွေရှိခဲ့တဲ့အတွက် နောက်ကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေမှာ စနစ်ကျအောင် ဘယ်လို လုပ်ဆောင်သင့်သလဲ ဆိုတာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက အခုလိုအကြံပြု ဆွေးနွေးပါတယ်။

“ပထမအကြိမ်လွှတ်တော်ဖြစ်တဲ့အတွက် ကျမတို့အားလုံး 100% perfect တော့ မဟုတ်ပါဘူး။ အားနည်းချက်တွေ၊ လိုအပ်ချက်တွေ အများကြီး ရှိပါတယ်။ လွှတ်တော်ထဲမှာ တချို့အရာတွေကို ချုပ်ကိုင်မှု ရှိပါတယ်။ ဒါတွေကလည်း အပြစ်အနေနဲ့ပြောရင်လည်း ရပါတယ်။ ဒါပေမယ့် ကျမကတော့ ဒီလိုပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျမတို့လွှတ်တော်သက်တမ်းက ပထမအကြိမ် လွှတ်တော်သက်တမ်းဖြစ်တဲ့အတွက် ဒုတိယအကြိမ်မြောက် လွှတ်တော်သက်တမ်းဆိုရင် ပထမအကြိမ်တုန်းက လုပ်ခဲ့တဲ့အမှားတွေ၊ ဒီလိုမျိုး ချုပ်ကိုင်မှုတွေ၊ အားလုံးဟာ တိုင်းပြည်အတွက်ကို အကျိုးမရှိဘူးဆိုလို့ရှိရင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ဘာတွေ ပြုပြင်မလဲဆိုတာကို ကျမတို့ ပြန်ကြည့်လို့ ရပါတယ်။ တချို့ဟာတွေမှာ စိုးရိမ်စိတ်နဲ့ ချုပ်ကိုင်မှုတွေ ရှိကောင်းလည်း ရှိနိုင်ပါတယ်။ ဖြစ်ကောင်းလည်း ဖြစ်နိုင်ပါတယ်။ စိုးရိမ်စိတ်နဲ့ ချုပ်ကိုင်ထားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အစိုးရပိုင်းနဲ့ အုပ်ချုပ်ရေးအာဏာပိုင်းနဲ့ကို ညှိနှိုင်းပြီးတော့ လုပ်ရတဲ့ကာလတွေမှာ လွှတ်တော်ကနေပြီးတော့ အမှားအယွင်းမရှိအောင် နည်းနည်းပါးပါး ချုပ်ကိုင်ရတဲ့ ကိစ္စမျိုးတွေလည်း ရှိတတ်ပါတယ်။”

“လွှတ်တော်ပွင့်လင်းမြင်သာရေး ၂၀၁၄ ဆွေးနွေးပွဲ” မှာ လွတ်လပ်ရေးခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်နဲ့ လက်ရှိ အရပ်သား အစိုးရ လက်ထက် ခေတ်အဆက်ဆက်က လွှတ်တော်တွေရဲ့ ဥပဒေပြုစနစ်တွေနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဝိုင်းဝန်း ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့လည်း လွှတ်တော်ရဲ့ အဓိကတာဝန်၊ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းနဲ့ လွှတ်တော်တွင်း ဝင်ဖို့ ဘာတွေ ပြင်ဆင်ထားသင့်လဲ ဆိုတာတွေကိုလည်း လာရောက်လေ့လာသင့်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။

“ခေတ်အဆက်ဆက်ရဲ့လွှတ်တော်တွေပေါ့နော်- ဟုတ်လား၊ ပါလီမန်ခေတ်ကလွှတ်တော်တွေ၊ မဆလခေတ်က လွှတ်တော်တွေ၊ နောက်ပြီးတော့ ၂၀၁၀ အချိန်ကနေ အခု ၂၀၁၄ အချိန်အထိ လွှတ်တော်ခေတ် သက်တမ်းကာလအလျောက်၊ ရွေ့လျားလာတဲ့အလျောက် လွှတ်တော်တွေကို ဘယ်လို ကျင်းပတယ်ဆိုတဲ့ဟာမျိုးနဲ့ ဘယ်လိုအတွေ့အကြုံ၊ ဘယ်လို အခြေအနေတွေဟာ အကောင်းဆုံးအခြေအနေတွေမှာ သူတို့ ကျင်းပကြတယ်ဆိုတဲ့ဟာကို ဆွေးနွေးကြတာပါ။ အဲဒီလိုပါပဲ၊ လွှတ်တော်ထဲမှာ လက်ရှိအခြေအနေမှာ ဥပဒေနဲ့ကိစ္စတွေကို အဆင့်ဆင့် ဘယ်လိုလုပ်တယ်ဆိုတဲ့ဟာမျိုးရယ်၊ နောက်တခုက လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်ဖြစ်မယ်ဆိုရင် ဘယ်လို အရည်အချင်းတွေ ရှိရမယ်ဆိုတဲ့ဟာမျိုးတွေကို အခု နောင်လာမယ့် ၂၀၁၅ မှာ လွှတ်တော်ကိုယ်စားလှယ် လုပ်ချင်တဲ့သူတွေအတွက်လည်း ဗဟုသုတရရှိအောင် ဟုတ်လား၊ လွှတ်တော်ထဲကို ရောက်တယ်ဆိုလို့ရှိရင် ဘယ်လို အရည်အချင်းမျိုး ရှိတဲ့သူတွေသာ လွှတ်တော်ထဲကို ရောက်သင့်တယ်ဆိုတဲ့အကြောင်းတွေ၊ ဒါတွေအားလုံးကို ပထမဦးဆုံးအကြိမ်ပေါ့နော်။ ဦးကိုကိုကြီးတို့က ဦးစီးပြီး ကျင်းပပေးတာဖြစ်တဲ့အတွက် လွှတ်တော်နဲ့ လွှတ်တော်ထဲကိုဝင်ဖို့ စိတ်ဝင်စားတဲ့သူတွေအားလုံးအတွက်တော့ အကျိုးရှိတဲ့ ဟာလေးတခုပါ။”

လွှတ်တော်နဲ့ဆက်စပ်တဲ့ နယ်ပယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေ၊ နိုင်ငံရေးပါတီအသီးသီးကပုဂ္ဂိုလ်တွေ၊ အရပ်ဖက် အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ လုပ်ကိုင်နေကြသူတွေရဲ့ လက်ရှိလွှတ်တော်ရဲ့ ပွင့်လင်းမြင်သာမှု အခြေအနေတွေ၊ အလားအလာတွေနဲ့ပတ်သက်လို့ ခေါင်းစဉ်တွေနဲ့ အပိုင်းလိုက် ဆွေးနွေးကြတာဖြစ်ပါတယ်။ ပွင့်လင်းမြန်မာ့ရှေ့ဆောင်ရဲ့စီစဉ်မှုနဲ့ ပထမဆုံးအကြိမ် ကမ္ဘာလုံးဆိုင်ရာ ဥပဒေပြုရေး ပွင့်လင်းမြင်သာမှု ရက်သတ္တပတ် အထိမ်းအမှတ်ပွဲကို စက်တင်ဘာလ ၂၀ နဲ့ ၂၁ - စနေ၊ တနင်္ဂနွေနေ့တွေမှာ နှစ်ရက် ကျင်းပပြီး လွှတ်တော်အရေး စိတ်ပါဝင်စားသူ ပြည်သူတွေလည်း တက်ရောက် ဆွေးနွေးနိုင်ပါတယ်။

XS
SM
MD
LG