သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဒ်မ ၅၉(စ) ပြင်ဆင်ရေး အလားအလာ အကဲခတ်တချို့ အမြင်


ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေး တက်ရောက် လာတဲ့ အနိုင်ရပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ (ဖေဖော်ဝါရီ ၁၊ ၂၀၁၆)
ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေး တက်ရောက် လာတဲ့ အနိုင်ရပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်။ (ဖေဖော်ဝါရီ ၁၊ ၂၀၁၆)

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ဖို့ ဆိုရင် NLD ပါတီနဲ့ စစ်တပ်အကြား အချိန်ယူပြီး ယုံကြည်မှု တည်ဆောက်ဖို့ နဲ့ သဘောတူညီမှုတွေ ထပ်ယူဖို့ လိုအပ်တဲ့အတွက် NLD အစိုးရ ပထမ သက်တမ်းအတွင်းမှာတော့ ဖြစ်နိုင်ခြေနည်းတယ်လို့ အမေရိကန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။ သတင်း အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြပါမယ်။

အခုအပတ်မှာ NLD ပါတီက ဦးဆောင်တဲ့ လွှတ်တော်အစည်းအဝေးတွေကို စတင် ကျင်းပခဲ့ပြီးတဲ့နောက် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အဖြစ် တင်မြှောက်နိုင်ဖို့ အတားအဆီးဖြစ်နေတဲ့ ပုဒ်မ ၅၉ (စ)ကို ယာယီ ဆိုင်းငံ့ထားဖို့ NLD ပါတီဝင်တွေက ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး၊ တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်းပဲ ဆောင်ရွက်မယ်လို့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်တောက်ထွန်းက မနေ့က ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

အလားတူပဲ မြန်မာ စစ်တပ်ကထုတ်ဝေတဲ့ မြဝတီ သတင်းစာမှာလည်း ပုဒ်မ ၅၉ (စ) မပြင်ဆင်သင့်ဘူးဆိုတဲ့ ဆောင်းပါးကို မကြာခင်က ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ဂျော့တောင်း တက္ကသိုလ်က အာရှရေးရာ လေ့လာရေးဌာန က မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ ဒေးဗစ်စတိုင်းဘတ်ကတော့ လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်ခြေ အလွန် နည်းပါးတယ်လို့ ပြောပါတယ်။

”အခု လက်ရှိအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတဖြစ်ဖို့ ဖြစ်နိုင်ခြေ နည်းပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ဆိုရင် စစ်တပ်က သဘောတူညီဖို့လိုတဲ့အပြင်၊ တစ်ချိန်ချိန်မှာ လူထုဆန္ဒခံယူပွဲပါ လုပ်ဖို့ လိုဦးမှာပါ။ အဲဒီလိုဖြစ်နိုင်ဖို့ စောပါသေးတယ်။ စစ်တပ်က NLD ပါတီအပေါ် ယုံကြည်မှု ရှိဖို့ လိုသလို၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်လည်း ယုံကြည်မှုရှိဖို့ လိုပါတယ်။ ဒီလို ယုံကြည်မှုဟာ အချိန်ယူပြီး တည်ဆောက်မှ ဖြစ်လာနိုင်တာမျိုးပါ။”

အခြားမြန်မာ့အရေး ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဝါရှင်တန် ဒီစီ အခြေစိုက် Carnegie Endowment for International Peace အဖွဲ့က Vikiram Nehru က ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ဖို့ဆိုရင် NLD ပါတီရဲ့ အစိုးရသစ် တက်လာပြီးတဲ့နောက် စစ်တပ်ရဲ့ ယုံကြည်စိတ်ချမှုကို ရပြီးတဲ့ အချိန်မှသာလျှင် ဖြစ်နိုင်မှာဖြစ်ပြီး၊ လက်ရှိ သမ္မတ သက်တမ်း အတွင်းမှာတော့ ဖြစ်နိုင်ခြေ နည်းတယ်လို့ ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ဆင်ဖို့ တပ်မတော်ကိုယ်စားလှယ်တွေ ရည်စူးထားတာဟာ သိပ်တော့ အံ့သြစရာ မရှိပါဘူး။ ဖြစ်နိုင်တာကတော့ အစိုးရသစ်တက်လာပြီးတဲ့နောက်၊ အချိန်အတိုင်းအတာတစ်ခုအထိ NLD အစိုးရရဲ့ အုပ်ချုပ်မှုကို စောင့်ကြည့်ပြီးတဲ့ အခါ၊ အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ်အပေါ် ယုံကြည်မှုရှိလာမယ်၊ ဒါ့အပြင် စစ်တပ်ကို ထိခိုက်မယ့် လုပ်ဆောင်ချက်တွေ မလုပ်ဖို့ သဘောတူညီမှု ယူနိုင်မယ်ဆိုရင်တော့ သူတို့အနေနဲ့ ဖွဲ့စည်းပုံကို ပြောင်းလဲဖို့ သဘောတူနိုင်ပါတယ်။ ဒါပေမယ့် အခုလို အပြောင်းအလဲ ကာလမှာတော့ ဖြစ်လာနိုင်ခြေ နည်းပါတယ်။”

ဝါရှင်တန် ဒီစီအခြေစိုက် CSIS အဖွဲ့၊ အရှေ့တောင်အာရှ လေ့လာရေး ဌာနက မြန်မာ့အရေး သုံးသပ်သူ Phuong Nguyen ကတော့ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ဖို့ အတွက် အချက်နှစ်ချက်အပေါ် မူတည်တယ်လို့ ပြောပါတယ်။

"NLD ပါတီက တာဝန်ရှိသူတွေက သူတို့အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို ဦးစားပေးလုပ်မှာ မဟုတ်ဘူးလို့ အစောပိုင်း က ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် လွှတ်တော်သစ်ကို စတင်ပြီး မကြာခင်မှာပဲ ဒီရပ်တည်ချက်ကနေ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရဖို့ ဒီ ပုဒ်မ ၅၉ (စ) ကို ဘယ်လို ဆိုင်းငံ့ မလဲ ဒါမှမဟုတ် ကင်းလွတ်ခွင့်ရအောင် လုပ်မလဲ ဆိုတဲ့ အနေအထားကို ပြောင်းလဲသွားပါတယ်။

အကြောင်းကတော့ သူမ သမ္မတဖြစ်လာဖြင်းအားဖြင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကြောင့် ပါ။ ဒေါ်အောင်ဆန်းစုကြည် အပြင် အခြား သမ္မတဖြစ်ဖို့ ထိုက်တန်တဲ့လူ မရှိသလောက်ပဲလို့ NLD ပါတီရဲ့ အကြီးတန်း တာဝန်ရှိသူတွေ က ပြောခဲ့ဘူးပါတယ်။ စစ်တပ် ကိုယ်စားလှယ်တွေအနေနဲ့လည်း ကာလတို အတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဖြစ်အောင် ကြိုးစားကြမှာပါ။ အပြောင်းအလဲဖြစ်ဖို့ကတော့ အချက်နှစ်ချက်အပေါ် မူတည် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ စစ်တပ် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်တို့နှစ်ဦး တွေ့ဆုံအပြီးမှာ ခန့်မှန်းပြောဆိုမှုတွေ အများကြီးရှိခဲ့ပါတယ်။ သူတို့နှစ်ဦးအကြားမှာ သဘောတူညီမှု တစုံတစ်ရာ ရခဲ့မယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ အဲဒီ ပုဒ်မ ၅၉ (စ)ကို ယာယီဆိုင်းငံ့လိုက်တာမျိုး လုပ်ဆောင်နိုင်မယ် ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ ”

၂၀၀၈ခုနှစ် ဖွဲစည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ)အရ သမ္မတတာဝန် ထမ်းဆောင်မယ့် သူအနေနဲ့ ကိုယ်တိုင် ဒါမှမဟုတ် မိဘ၊ဆွေမျိုး၊သားသမီး၊ ခင်ပွန်း၊ ဇနီး စတဲ့သူတွေက နိုင်ငံခြားသား၊ ဒါမှမဟုတ် တိုင်းတပါးသား ခံယူထားသူ မဖြစ်စေရလို့ ဖော်ပြထားတာပါ။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား၂ဦးစလုံးဟာ ဗြိတိန် နိုင်ငံသားအဖြစ် ရှိနေတာကြောင့် သမ္မတဖြစ်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၅၉(စ) အပါအဝင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ဖို့အတွက် ဦးဆောင်ကြိုးပမ်းခဲ့တဲ့ ဦးထွန်းထွန်းဟိန် ကို ပြည်သူ့လွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် မနေ့က ခန့်အပ်ခဲ့ပါတယ်။ NLD ပါတီဘက်ကနေ ၅၉(စ)ကို ပြင်ဆင်ဖို့ ဒါမှမဟုတ် ဆိုင်းငံ့ဖို့ လုပ်ဆောင်နေတယ် လို့ သတင်းတွေထွက်ပေါ်နေပေမယ့် NLD ပါတီကတော့ အတည်ပြုပြောဆိုခြင်း မရှိသေးပါဘူး။

XS
SM
MD
LG