သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ သပိတ်မှောက်နိုင်ခြေ NLD မပစ်ပယ်သေး


လွှတ်တော်တွင်း ဆွေးနွေးနေတဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်။
လွှတ်တော်တွင်း ဆွေးနွေးနေတဲ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်။

မြန်မာနိုင်ငံမှာ ဒီနှစ်နှောင်းပိုင်း ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲတွေကို သပိတ်မှောက်ရေး ကိစ္စ လုံး၀ ပယ်ချထားတာ မဟုတ်ဘူးလို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ NLD အပေါ် အစိုးရက ခွဲခြားဆက်ဆံတာတွေ ရှိနေတာကြောင့်လဲ ရွေးကောက်ပွဲ တရားမျှတမယ် ဆိုတဲ့ အာမခံချက်မျိုး မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ရိုက်တာသတင်းဌာနရဲ့ သတင်းဆောင်းပါးကို ကိုကျော်ကျော် သိန်းက ပြောပြပါမယ်။

အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမှု မလုပ်ဘူးဆိုရင် လာမယ့် ရွေးကောက်ပွဲကို သပိတ်မှောက်မယ် မမှောက်ဘူးဆိုတာ ရွေးချယ်စဉ်းစားဖို့ လမ်းဖွင့်ထားတယ် လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။

“ရွေးကောက်ပွဲကို သပိတ်မှောက်တာက အကောင်းဆုံး ရွေးချယ်မှုလို့ ကျမတို့မထင်ပါဘူး။ ဒါပေမဲ့ ဒီအချက်ကို ကျမတို့ ထည့်မစဉ်းစားဘူးလို့တော့ မပြောနိုင်ပါဘူး။ ရွေးချယ်နိုင်မယ့်နည်းလမ်း အားလုံးကို ကျမတို့ လမ်းဖွင့်ထားပါတယ်။”

ဧပြီလ ၃ ရက်နေ့က ရိုက်တာသတင်းဌာနနဲ့ လုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းတခု အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောသွား တာပါ။ ရွေးကောက်ပွဲ မတိုင်ခင် လက်ရှိအခြေအနေတွေအရ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင် မဖြစ်နိုင် ဆိုတဲ့အပေါ်မှာလဲ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောပါတယ်။

“တန်းတူရည်တူ ယှဉ်ပြိုင်နိုင်မယ့်အခြေအနေ မရှိပါဘူး။ ပြီးတော့ အစိုးရက NLD ကို ခွဲခြားဆက်ဆံတဲ့ လုပ်ရပ် မျိုးတွေရှိနေပါတယ်။ ဒါကြောင့် အခုချိန်ထိတော့ တရားမျှတတယ်လို့ ကျမတို့ မပြောနိုင်ပါဘူး။ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ် ဆိုတာ အာမခံနိုင်တယ်လို့ ကျမတော့ မထင်ပါဘူး။”

လက်ရှိအစိုးရခေါင်းဆောင်တွေအဖြစ် တာဝန်ယူထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကို သဘောထားတင်းမာသူတွေအဖြစ် ယူဆပါ သလားဆိုတဲ့ ရိုက်တာရဲ့မေးခွန်း ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေသွားပါတယ်။

“မြန်မာအစိုးရက သိပ်ကို သဘောထားတင်းမာပါတယ်။ စေ့စပ်ဆွေးနွေးဖို့ ဒါမှမဟုတ် အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဒါမှမဟုတ် လူထုဆန္ဒကို အလေးအနက်ထားစဉ်းစားဖို့ ဆိုတာတွေအပေါ် သူတို့စိတ်မဝင်စားဘူး ဆိုတာကိုကြည့်ရင် သူတို့ကို ဘယ်လိုများ သတ်မှတ်မလဲ၊ သဘောထားပျော့ပြောင်းသူတွေလို့ ပြောဖို့ရာ ခက်ပါတယ်။”

မြန်မာနိုင်ငံက အရပ်သားတပိုင်းအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ရပ်တွေကို အမေရိကန်ပြည်ထောင်စုက ချီးကျူး ပြောဆို ထားတဲ့ အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ပါတယ်။

“ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ မြန်မာအစိုးရကို ဖိအားပေးခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောနိုင်ပါတယ်။ တဘက်မှာလည်း မြန်မာအစိုးရ လုပ်ခဲ့တာတွေအတွက် အမေရိကန်က ချီးကျူးခဲ့တာတွေ့ရပါတယ်။ ဒါကလဲ ဒီလမ်းကြောင်း အတိုင်းဆက်ပြီး ပြုပြင်ပြောင်းလဲရေးဖော်ဆောင်ဖို့ အမေရိကန်က အားပေးချင်လို့လို့ ပြောနိုင်ပါတယ်။ ကျမအနေနဲ့ အမြဲပဲ မေးခွန်းထုတ်တာကတော့ ခုလိုလုပ်လို့ မြန်မာအစိုးရက တကယ်ပဲ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်နေသလား၊ ဒါမှမဟုတ် ခုလို ချီးကျူးလိုက်လို့ မြန်မာအစိုးရ က ကျေနပ်ရောင့်ရဲနေပြီး နောက်ထပ်ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်ဖို့ မလိုတော့ဘူးလို့ ယူဆနေသလားဆိုတဲ့ အချက်ပါပဲ။”

နိုဝင်ဘာလလောက်မှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေ အရေးကြီးတယ်ဆိုတာကိုတော့ ဒေါ်အောင်ဆန်းစု ကြည်က အလေးအနက်ပြောပါတယ်။ အဲဒီရွေးကောက်ပွဲတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းမှာ ရောက်နေပြီလား ဆိုတာကိုပြမယ့် တကယ့် စမ်းသပ်ချက်ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၉၀ ပြည့်နှစ်ကကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက ပြည်လုံးကျွတ်နီးပါး အနိုင်ရခဲ့ပါတယ်။ ၂၀၀၈ အခြေခံ ဥပဒေအရ ၂၀၁၀ ပြည့်နှစ်မှာ ပထမဆံုံးကျင်းပတဲ့ ရွေးကောက်ပွဲတွေကိုတော့ ဝင်မပြိုင်ပါဘူး။ ဒါပေမဲ့လည်း ၂၀၁၂ ခုနှစ်က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေကို ဝင်ပြိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာတာပါ။

XS
SM
MD
LG