သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး အထင်ကရအမျိုးသမီး(၁၁၀) တိုက်တွန်း


ကမ္ဘာ့နာမည်ကျော်အမျိုးသမီးတရာကျော် မြန်မာအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး တိုက်တွန်း (ဓါတ်ပုံ- Burma Campaign UK)
ကမ္ဘာ့နာမည်ကျော်အမျိုးသမီးတရာကျော် မြန်မာအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး တိုက်တွန်း (ဓါတ်ပုံ- Burma Campaign UK)

ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေ အဆုံးသတ်ရေးအတွက် မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့အတူ ရပ်တည်ကြောင်း ကမ္ဘာတဝှမ်းက ထင်ပေါ်ကျော်ကြားသူ အမျိုးသမီးပေါင်း (၁၁၀) က သဘောထား ထုတ်ပြန်လိုက်ပါတယ်။ Dame Judi Dench ၊ Annie Lennox ၊ Jo Brand ၊ Gillian Anderson ၊ Imelda Staunton ၊ Julie Walters နဲ့ Zoë Wanamaker တို့အပါအဝင် ကမ္ဘာကျော် နိုင်ငံရေးသမားတွေ၊ အဆိုကျော်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေပါဝင်တဲ့ ထင်ပေါ်ကျော်ကြားသူ အမျိုးသမီး (၁၁၀) က ထုတ်ပြန်လိုက်တဲ့ သဘောထားကြေညာချက်ထဲမှာတော့ -

တိုင်းရင်းသူ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် စစ်တပ်က ကျူးလွန်နေတဲ့ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို စုံစမ်းစစ်ဆေးရေး / အဓမ္မပြုကျင့်မှုနဲ့ တခြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှုတွေအပေါ် အပြစ်ပေးအရေးယူခြင်းမရှိတဲ့လုပ်ရပ် ရပ်တန့်ရေး / စော်ကားခံရသူတွေကို အားပေး ထောက်ပံ့ပေးရေး / မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပါအဝင် နိုင်ငံရေးဖြစ်စဉ်အားလုံးမှာ အမျိုးသမီးတွေ ပါဝင်ခွင့်ရရှိရေး / မြန်မာနိုင်ငံရဲ့ အဓမ္မ ပြုကျင့်မှုဆိုင်ရာ ဥပဒေကိုလည်း နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့ ကိုက်ညီအောင် ချမှတ်ပြဌာန်းပြီး အိမ်ထောင်ကျပြီးသူတွေအကြား ဖြစ်ပေါ်လေ့ရှိတဲ့ အဓမ္မပြုကျင့်မှုအပေါ် တရားမဝင်ကြောင်း ကြေညာရေး စတဲ့ အချက်တွေ ပါဝင်ပါတယ်။

လွန်ခဲ့တဲ့နှစ်အတွင်း စစ်တပ်အနေနဲ့ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တိုးမြင့် ကျူးလွန်နေပြီး အဲဒီ လုပ်ရပ်တွေအပေါ် အပြစ်ပေး အရေးယူခြင်းမရှိကြောင်း၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရပြီး ၂၀၁၆ ခုနှစ် ဧပြီလမှာ တိုင်းပြည်အာဏာကို လွဲပြောင်း ရယူမှာဖြစ်ပေမယ့်လည်း စစ်တပ်အပေါ် ထိန်းချုပ်ခွင့် ရှိမှာမဟုတ်တဲ့အတွက် စစ်တပ်က ကျူးလွန်နေတဲ့ အဓမ္မပြုကျင့်မှုတွေဟာ NLD အစိုးရလက်ထက်မှာလည်း ဆက်လက် ဖြစ်ပေါ်နေဦးမယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ အဓမ္မပြုကျင့်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ပတ်သက်လို့ NLD ပါတီက တိကျတဲ့ သဘောထား ထုတ်ပြန်ထားခြင်းမရှိဘူးလို့လည်း အဲဒီ သဘောထား ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG