သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် မြန်မာတွေ မဲပေးခွင့် အခက်အခဲတွေ့


လာမယ့်နိုဝင်ဘာ ရွေးကောက်ပွဲအတွက် မဲပေးချင်တဲ့ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေ မဲပေးခွင့်ရဖို့ လျှောက်လွှာတင်ရာမှာ အခက်အခဲတွေ ကြုံခဲ့ရပါတယ်။ ဒါဟာ နိုင်ငံသားတွေ ရသင့်တဲ့ အခွင့်အရေး ဆုံးရှုံးမှုဖြစ်တယ်လို့ နိုင်ငံခြားမှာ ရှိနေသူတချို့က သုံးသပ်ပါတယ်။ ဒီအကြောင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားဦးရေဟာ ၂ သန်းထက်မနည်း ရှိနေပေမယ့် မဲပေးခွင့်ရဖို့ လျှောက်ထားသူ အရေအတွက် ၁ သောင်း ၈ ထောင် လောက်သာ ရှိတယ်လို့ စက်တင်ဘာ ၂ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောသွားခဲ့တာပါ။

နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေထဲက အခုလို မဲပေးခွင့်ရဖို့ လျှောက်ထားသူ နည်းနေရတာဟာ လျှောက်လွှာတင်ဖို့အချိန် မလုံလောက်တဲ့ ပြသနာက အခြေခံဖြစ်တယ်လို့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် ပြင်ဆင်နေသူ တဦးဖြစ်တဲ့ စင်္ကာပူနိုင်ငံက မမေကျော်စိုးညွန့်က ပြောပါတယ်။

“မဲပေးခွင့်က ဒီ စင်္ကာပူရောက် မြန်မာတွေအနေနဲ့က အချိန်ကန့်သတ်ချက်နဲ့ မဲပေးခွင့်လျှောက်လွှာတွေက ပိတ်လိုက်တဲ့အတွက် အခက်အခဲတွေ ဖြစ်ကြတာပေါ့နော်။ အလုပ်ထဲရောက်နေတဲ့ work permit သမားတွေဆိုရင် သူတို့ ပတ်စ်ပို့တွေကို သူတို့ ကိုင်ခွင့်မရှိတဲ့အတွက် သူတို့လက်ထဲမှာ ပတ်စ်ပို့မရှိတဲ့အတွက်ကို ဒီ ပုံစံ ၁၅ ဖောင် တင်တဲ့အခါမှာ အခက်အခဲတွေ အရမ်းဖြစ်ကြတယ်။ ပုံစံ ၁၅ ပိတ်လိုက်တာ တော်တော်ကြာပါပြီ။ သြဂုတ်လ ၆ ရက်နေ့မှာ ပိတ်လိုက်တာပါ။ ပိတ်ပြီးမကြာပါဘူး။ ဒီဘက်က လုပ်နိုင်သ၍ လုပ်နိုင်တဲ့အုပ်စုတွေက သံရုံးနဲ့ သွားညှိပါတယ်။ သံအမတ်နဲ့လည်း သွားတွေ့ပါတယ်။ ဒါပေမဲ့ သူတို့ဘက်က ထပ်ပြီးတော့ လက်ခံတဲ့ပုံစံ မပြတဲ့အတွက် ထပ်ပြီး လက်မခံတဲ့အတွက်ကို ပုံစံ ၁၅ ထပ်တင်ဖု့ိ၊ မဲပေးခွင့်ရဖို့ကို အခွင့်အရေး ဆက်ပြီးတော့ လိုချင်တဲ့သူတွေအတွက်က အရမ်းကို အခက်အခဲဖြစ်နေပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလဲ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးခဲ့ကြရတာပါ။ အခု ၂၀၁၅ ခုနှစ်မှာလဲ နိုင်ငံခြားမှာ ရှိတဲ့ မြန်မာသံရုံးတွေက ကြိုတင်မဲသဘော ကောက်ယူမယ့် အနေအထား ရှိနေပါတယ်။ စင်္ကာပူနိုင်ငံမှာဆိုရင် မဲပေးခွင့်လျှောက်လွှာတွေကို မြန်မာသံရုံးက မြန်မာနိုင်ငံကို တခေါက်ပြန်ပို့ စိစစ်ပြီး ၊ မြန်မာနိုင်ငံက အတည်ပြုပေးလိုက်တဲ့ သူတွေကသာ မဲပေးခွင့်ရမှာ ဖြစ်တယ်လို့ မမေကျော်စိုးညွန့်က ပြောပါတယ်။

“မဲပေးခွင့်က ကြိုတင်ပေးရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်က နိုဝင်ဘာ ၈ ရက်နေ့မှ လုပ်မယ်ဆိုရင် စောပြီးတော့ကို စင်္ကာပူသံရုံးမှာ မဲပေးရမှာ။ အဲဒီသံရုံးမှာ မဲပေးဖို့အတွက် သံရုံးက ကျမတို့တင်လိုက်တဲ့ ပုံစံ ၁၅ ဖောင်ကို မြို့နယ်အလိုက် ရပ်ရွာအလိုက်ကို ပြန်ပို့ရတာ အဲဒီဖောင်တွေကို။ ဥပမာ - ချင်းပြည်နယ် ဟားခါးဆိုရင် ဟားခါးကို ပြန်ပို့တာ။ အဲဒီပုံစံ ၁၅ ဖောင်တွေကို။ ဒါကြောင့် အချိန်တွေက သူတို့လည်း ပိုစောယူတာဖြစ်နိုင်တယ်။ အဲဒီကနေပြီး ကျမတို့ ကဒ်တွေနဲ့ ကျမတို့နာမည်တွေနဲ့ ပြန်လာမှာ ဒီကို သံရုံးကို။ အဲတော့ ကျမရဲ့ မဲပေးခွင့်လက်မှတ်သည် ကျမရဲ့ တာမွေမြို့နယ်ဆိုရင် တာမွေမြို့နယ်မှာ ကျမက နာမည်စာရင်းနဲ့ ထွက်လာပြီးသား။ အဲဒါကို ဒီကနေ ကြိုတင်မဲပို့လိုက်တာပေါ့နော်။”

ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေပေါ် ယုံကြည်နိုင်စရာအကြောင်း အားနည်းနေပေမဲ့ နိုင်ငံသားတဦးရဲ့ ရပိုင်ခွင့်ကို အဆုံးရှုံး မခံချင်တဲ့အတွက် သူ့အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးသွားမှာ ဖြစ်တယ်လို့ မမေကျော်စိုးညွန့်က ပြောပါတယ်။

“လွတ်လပ်မယ် တရားမျှတမယ်လို့တော့ အမှန်အတိုင်းပြောရင် ယုံကြည်လို့ မဲပေးတာမဟုတ်ပါဘူး။ ကျမရဲ့ အခွင့်အရေးကို ကျမ အဆုံးအရှုံး မခံချင်လို့ ကျမ မဲပေးတာပါ။ မဲပေးဖို့ ကြိုးစားတယ်ဆိုကြကတည်းကိုက ပြောင်းလဲချင်လို့ပါ။ ပြောင်းလဲချင်တယ် ဆိုကတည်းကလည်း NLD ပါတီကို မဲပေးချင်လို့ပါပဲ။”

မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသား အများစုဟာ ထိုင်း၊ မလေးရှား၊ စင်္ကာပူနဲ့ အခြားနိုင်ငံတချို့မှာ သွားရောက် အလုပ်လုပ် နေကြတာဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာတော့ မဲပေးပိုင်ခွင့်ရှိတဲ့ မြန်မာနိုင်ငံသား အရေအတွက် အတော်နည်းတယ်လို့ သိရပြီး၊ မဲပေးခွင့်ရှိသူစာရင်းကို မကြာခင် ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ဝါရှင်တန်ဒီစီမြန်မာသံရုံးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်ခင်ဗျာ။

XS
SM
MD
LG