သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ လယ်ယာ ကဏ္ဍ ပြုပြင်ပြောင်းလဲဖို့ Oxfam တိုက်တွန်း


မြန်မာ့လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်။
မြန်မာ့လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်။

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ကဏ္ဍမှာ အသုံးစရိတ်တိုးမြှင့်ဖို့နဲ့ အစိုးရရဲ့ လက်ရှိ ကျင့်သုံးနေတဲ့ စိုက်ပျိုးရေး မူဝါဒတွေကို ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်တယ် လို့ ဗြိတိန်နိုင်ငံ အခြေစိုက် Oxfam ဆင်းရဲနွမ်းပါးမှု နဲ့ မတရားမှု ဖြေရှင်းပေးရေး အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှား ရပ်ဝန်းဒေသကို အခြေပြုလေ့လာချက်တွေအရ အသေးစား စိုက်ပျိုး ထုတ်လုပ်သူ တောင်သူလယ်သမားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့နဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ Oxfam ရဲ့ သုတေသနပြုချက်နဲ့ မိုးခေါင်ရေရှားဒေသ စိုက်ပျိုးရေးလုပ်ငန်း အခြေအနေတွေကို ကိုစည်သူကပြောပြပေးမှာပါ။

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေ များပြားလာပေမယ့်လည်း အသေးစားတောင်သူလယ်သမားတွေရဲ့ အကျိုးခံစားခွင့် အတွက်တော့ အဟန့်အတားတွေ ရှိနေသေးတယ်လို့ လိုအပ်တယ်လို့ ဗြိတိန်နိုင်ငံအခြေစိုက် Oxfam ဆင်းရဲနွမ်းပါးမှု နဲ့ မတရားမှု ဖြေရှင်းပေးရေး အဖွဲ့ကြီးက ပြောဆို လိုက်ပါတယ်။ စိုက်ပျိုးရေး အသုံးစရိတ်ကို တိုးမြှင့်သုံးစွဲဖို့နဲ့ ဒေသဆိုင်ရာ စိုက်ပျိုးရေး မူဝါဒတွေကိုလည်း ပြန်လည် သုံးသပ်သင့်တယ်လို့ အကြံပြုလိုက်ပါတယ်။

တာဝန်သိရင်းနှီးမြှပ်နှံမှုတွေ မရှိပဲနဲ့ အသေးစားတောင်သူလယ်သမားတွေ အတွက် အကျိုးကျေးဇူး မရရှိနိုင်တဲ့ အကြောင်း Oxfam မြန်မာရဲ့ စာတမ်းမှာ ဖော်ပြ ထားပါတယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး မူဝါဒတွေကို Oxfam in myanmar ရဲ့ မူဝါဒေရေးရာ အကြံပေးပုဂ္ဂိုလ် ကိုငြိမ်းဇာနည်နိုင်က အခုလို ပြောပါတယ်။

"သူတို့ကို နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေပေးတာတွေ လုပ်တယ်။ နောက် သူတို့ရဲ့ Capacity Building ပေါ့။ သူတို့စွမ်းဆောင်ရည် မြင့်လာဖို့ နောက်တခါ သူတို့နဲ့ဒေသဆိုင်ရာ၊ ဌာနဆိုင်ရာ ချိတ်ဆက်မှု အားကောင်းဖို့ ဒါမျိုးတွေ ကျနော်တို့ သူတို့ကို ပံ့ပိုးပေးတယ်။ ဒါပေမဲ့ ကျနော်တို့ ဘာတွေ့ရသလဲဆိုတော့ ကျနော်တို့ ပံ့ပိုးပေးသော်ငြားလည်း ပေးတဲ့အတိုင်းပဲ သူတို့တိုးတက်လာတယ်။ ဒါပေမဲ့ ဘာဖြစ်လဲဆိုရင် အပေါ်ပိုင်းက မူဝါဒတွေကိုယ်တိုင်က အဟန့်အတားတွေဖြစ်နေတဲ့ အခါကျတော့ မူဝါဒပိုင်းဆိုင်ရာ မပြောင်းလဲတဲ့အခါကျတော့ ကျနော်တို့ အကူအညီပေးတာ ထင်သလောက် ထိရောက်မှုမရှိဘူး။

ဆိုတော့ ကျနော်တို့က နောက်တဆင့်မှာ ဘာလဲဆိုတော့ ဒီပြဿနာတွေက တတိုင်း၊ တပြည်နယ်တည်း မဟုတ်ဘူး။ မြန်မာတနိုင်ငံလုံးဆိုင်ရာ မြန်မာတနိုင်ငံလုံးရဲ့ စိုက်ပျိုးရေးကဏ္ဍကြီးတခုလုံးကိုက ပြုပြင်ပြောင်းလဲဖို့လိုတာ။"

မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှား ရပ်ဝန်းဒေသရဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ တိုးတက်စေရေးနဲ့ တောင်သူလယ်သမားဘ၀ အဆင့်မြှင့်တင်ရေး အတွက် မကွေးတိုင်းနဲ့ မန္တလေးဒေသတွေမှာ ကောက်ခံခဲ့တဲ့ စစ်တမ်းပေါ် အခြေခံပြီး စာတမ်းတစ်ရပ် ပြုစုခဲ့တာပါ။ မန္တလေးတိုင်း သာစည်မြို့နယ်က လယ်သမား တစ်ဦးဖြစ်တဲ့ ကိုကျော်ဆန်းဦးကတော့ မူဝါဒတွေပြောင်းလဲဖို့နဲ့ တောင်သူဘ၀ လှပဖို့အတွက် အစိုးရမှာ တာဝန်ရှိကြောင်း သုံးသပ်ပါတယ်။

" ဒီစာတမ်းအောင်မြင်ဖို့ ဆိုလို့ရှိရင်တော့ ကျနော်တို့ အချိန်တွေ အများကြီး လိုလိမ့်မယ် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ့်နယ်မြေတွေဆင်းပြီး တကယ် ခံစားနေရတဲ့ လူတွေရဲ့ဆန္ဒတွေ လိုတယ်။ ကျနော်နားလည်တာ။ ကျနော်တို့ ဘယ်လောက်ပဲ လုပ်လုပ် ဘယ်လောက်ပဲ ကြိုးစား ကြိုးစား။ နံပတ်တစ်က အစိုးရပဲ။ နိုင်ငံတော်အစိုးရက အများကြီး ပူးပေါင်းဖို့လိုမယ်။ ဒီကဏ္ဍကိုဖြစ်မြောက်ဖို့ ဒီကဏ္ဍကို တကယ်သူတို့ဘဝကို မြှင့်တင်နိုင်ဖို့အတွက် နံပတ်တစ် အဓိက အကျဆုံးက တာဝန်ယူထားတဲ့ အစိုးရပဲ။ ဒီအစိုးရကနေမှ အစိုးရရဲ့ မူဝါဒပေါ့။ ဒီမူဝါဒတွေမှာ ပြုပြင်ပြောင်းလဲမှုမရှိဘူး။ လယ်သမားတွေ အတွက် ငဲ့ညာမှုမရှိဘူးဆိုရင်တော့ ဒီလုပ်နေတဲ့ဟာက အလကားပဲ ကျနော်မြင်တာကတော့ အဲ့လိုမြင်တယ်။ တကယ်အောင်မြင်ချင်တယ်။ တကယ်ဖြစ်ချင်တယ်။ တကယ်လုပ်ချင်တယ် ဆိုရင်တော့ အလှူရှင်၊ လုပ်ဆောင်မယ့် အဖွဲ့အစည်း၊ ဒေသခံ ခံစားနေရတဲ့သူ၊ ပူးပေါင်းဖို့လိုမယ်။ အဲ့လိုဆိုရင်တော့ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒါ အချိန်တော့ပေးရမယ်။ ချက်ခြင်းတော့ မဖြစ်နိုင်ဘူး။"

အစိုးရအနေနဲ့ စိုက်ပျိုးရေးကဏ္ဍ အသုံးစရိတ်တိုးမြှင့်ဖို့အပြင် အသေးစားတောင်သူ လယ်သမားများ အတွက် လုံလောက်တဲ့ ချေးငွေ ထုတ်ပေးနိုင်ရေး မူဝါဒ၊ ရာသီဥတုကြောင့် ထိခိုက်ပျက်စီးမှု လျှော့ချပေးရေး နည်းလမ်းတွေ ထူထောင်ဖို့နဲ့ ကောက်ပဲသီးနှံဈေးနှုန်း တည်ငြိမ်စေရေးတွေကို အလေးထားဆောင်ရွက်ဖို့ အကြံပြုထားပါတယ်။

စာတမ်းပါ အကြံပြုချက်တွေဟာ ကောင်းမွန်ပေမယ့် အစိုးရအပေါ် အကျိုးသက်ရောက်မှု အားနည်းနိုင်တယ်လို့လည်း လယ်သမားတချို့က သုံးသပ်ကြပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့တော့ မူဝါဒရေးရာ ပြုပြင်ပြောင်းလဲရေး တွန်းအားတစ်ခု ဖြစ်လာလိမ့်မယ် လို့ မျှော်လင့်ကြောင်း oxfam မြန်မာ ရဲ့ မူဝါဒရေးရာ အကြံပေးပုဂ္ဂိုလ် ကိုငြိမ်းဇာနည်နိုင်က ပြောပါတယ်။

"ဒီစာတမ်းတခုတည်းနဲ့တော့ ကျနော်တို့ ဘာမှ မဖြစ်နိုင်ဘူး။ ဒါကတော့ သေချာတယ်နော်။ ဒါပေမဲ့ ဒီစာတမ်းကို အားလုံးကနေ ဝိုင်းပြီးတော့ လယ်သမားတွေကလည်းပြောကြတယ်။ နောက်ပြီးတော့ အခုလာတဲ့ အရပ်ဖက်အဖွဲ့အစည်းကလည်းပြောတယ်။ ပုဂ္ဂလိကကဏ္ဍကလည်း ဝိုင်းပြောကြမယ်။ ကျနော်တို့က အသံတွေ အားလုံး စုသွားပြီဆိုရင် အစိုးရအနေနဲ့ တခု သူ့အနေနဲ့ တခုခုကို ဆောင်ရွက်ဖို့ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီး လုပ်လာလိမ့်မယ်လို့ ဒီထက်ပိုပြီးအားကောင်းလာလိမ့်မယ်လို့ ကျနော်တို့က မျှော်လင့်ပါတယ်။

ဆိုတော့ နောက်တခုက ကြုံတွေ့နေရတဲ့ပြဿနာတွေက အောက်ခြေမှာ ကြုံတွေ့နေရတဲ့ပြဿနာတွေက တချို့က အောက်ခြေ မှာပဲ ဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ရှိတယ်။ ဥပ။ မာ Dry Zone ဆိုရင် Dry Zone မှာပဲ ရှိတယ်။ တခြားမှာ မရှိဘူး အဖြေက။ နောက် နောက်တခုက Delta ဆိုလည်း Delta မှာပဲ ရှိတယ်။ ဒါပေမဲ့ ဘာဖြစ်လည်းဆိုရင် ဒီသက်ဆိုင်ရာ အစိုးရဌာနတွေ သက်ဆိုင်ရာ တိုင်းဒေသကြီးမှာ ရှိတဲ့ အစိုးရဌာနတွေက ဆုံးဖြတ်ချက် ချပိုင်ခွင့် ဒေသဆိုင်ရာ မူဝါဒတွေ စိုက်ပျိုးရေးကဏ္ဍမှာ မရှိသလောက်ပဲ။ နည်းတယ်။"

ရင်းနှီးမြှပ်နှံသူတွေအနေနဲ့လည်း တာဝန်သိရင်းနှီးမြှပ်နှံမှု ရှိဖို့နဲ့ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးကဏ္ဍတွေကိုလည်း အလေးထား ဆောင်ရွက်ကြဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ကြောင်းလည်း သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံမှာ လယ်ယာမြေသိမ်းဆည်းမှုတွေနဲ့ လယ်ယာမြေပိုင်ဆိုင်မှု အငြင်းပွားမှုတွေကတော့ မြန်မာနိုင်ငံနေရာအတော်များများမှာ ဖြစ်ပေါ်နေဆဲပါ။ ဒါ့အပြင် မြန်မာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှား ရပ်ဝန်းဒေသ အပါအဝင် ဒေသတချို့မှာ ရာသီဥတုပြောင်းလဲမှုကြောင့် စပါးနဲ့ အခြား သီးနှံစိုက်ပျိုးမှုတွေလည်း သိသိသာသာ ကျဆင်းလာနေပါတယ်။

XS
SM
MD
LG