သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် တိုက်ခိုက်ခံရမှု အာဖဂန်ထဲက စီစဉ်


ပါကစ္စတန် တက္ကသိုလ်တွင်း တိုက်ခိုက်ခံရမှု ဆန့်ကျင်ဆန္ဒပြ။ (ဇန်နဝါရီ ၂၁၊ ၂၀၁၆)
ပါကစ္စတန် တက္ကသိုလ်တွင်း တိုက်ခိုက်ခံရမှု ဆန့်ကျင်ဆန္ဒပြ။ (ဇန်နဝါရီ ၂၁၊ ၂၀၁၆)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဖက်မြို့က တက္ကသိုလ်တခုမှာ ထိခိုက်သေကျေမှုတွေ ကြုံခဲ့ရတဲ့ တိုက်ခိုက်မှုကို၊ ထွက်ပြေး တိမ်းရှောင်နေတဲ့ ပါကစ္စတန် တာလီဘန် အဖွဲ့ဝင်တဦးက အာဖဂန်နိုင်ငံက လက်ကိုင်ဖုန်းကို အသုံးပြုပြီး၊ အာဖဂန်နိုင်ငံတွင်း တနေရာကနေ စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံက ပြောဆိုလိုက်ပါတယ်။

မနေ့တုန်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေး တွေ့ရှိမှုတွေကို ပါကစ္စတန်စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် Asim Bajwa က ဒီကနေ့ပဲ ကြေညာခဲ့တာပါ။ ပါကစ္စတန်စစ်ဦးစီးချုပ် Raheel Sharif က အာဖဂန်ခေါင်းဆောင်ပိုင်းနဲ့ အာဖဂန်မှာ ရှိနေတဲ့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) တပ်မှူးတို့ကို တယ်လီဖုန်းဆက်သွယ် စကားပြောခဲ့ပြီး၊ အကျည်းတန် အရုပ်ဆိုးတဲ့ လုပ်ရပ်အတွက် တာဝန်ရှိသူတွေကို တရားဥပဒေနဲ့အညီ အရေးယူနိုင်အောင် ပူးပေါင်းကူညီဖို့ ပန်ကြားခဲ့တယ်လို့လည်း ပြောပါတယ်။

ပါကစ္စတန် တာလီဘန်အဖွဲ့ ခေါင်းဆောင်တွေနဲ့ တပ်မှူးတွေဟာ စစ်တပ်က အကြမ်းဖက်ဝါဒီတွေအပေါ် ထိုးစစ်တွေကြောင့် ထွက်ပြေးပြီး၊ အာဖဂန်ဘက်ခြမ်း နယ်စပ်မှာ ခိုလှုံနေတယ်ဆိုပြီး ပါကစ္စတန်နိုင်ငံက စွပ်စွဲထားတာပါ။ နယ်စပ်ဖြတ်ကျော်ပြီး ပါကစ္စတန်ဘက်ကို မကြာခန ဝင်ရောက်တိုက်ခိုက်မှုတွေ လုပ်တယ်လို့လည်း ပါကစ္စတန် တာဝန်ရှိသူတွေက ပြောဆိုထားကြပါတယ်။

အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူကတော့ အာဖဂန်နိုင်ငံတွင်းမှာ အခြေစိုက်ပြီး၊ ပါကစ္စတန်ကို ဆန့်ကျင်တိုက်ခိုက်နေသူ အကြမ်းဖက်သမားတွေ မရှိဘူးလို့ ဒီကနေ့ပဲ ငြင်းဆန်လိုက်ပါတယ်။ Charsadda မြို့က Bacha Khan တက္ကသိုလ်မှာ လူ ၂၁ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တဲ့ မနေ့တုန်းက တိုက်ခိုက်မှုကိုလည်း အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

XS
SM
MD
LG