သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ကျောင်းဆရာတွေ သေနတ်ကိုင်ကျောင်းတက်


ပါကစ္စတန်နိုင်ငံမှာ တက္ကသိုလ်တွေမှာ အကြမ်းဖက် အတိုက်ခိုက်ခံရတာနဲ့ ကျောင်းတွေကို ခြိမ်းခြောက်မှုတွေ လုပ်လာတဲ့နောက်ပိုင်း၊ Khyber Pakhtunkhwa ခရိုင်ထဲက ဒေသတချို့မှာ ကျောင်းဆရာတွေ ဟာ သေနတ်တွေ ဆောင် လာကြပြီး စာသင်ခန်းထဲအထိ ယူလာနေကြပါပြီ။

ပြီးခဲ့တဲ့ လတုန်းက Charsadda မြို့က Bacha Khan တက္ကသိုလ်မှာ ကျောင်းသား အများစုပါတဲ့ လူပေါင်း ၂၁ ယောက် သေဆုံးခဲ့ရတဲ့ အကြမ်းဖက် အတိုက်ခိုက် ခံရမှု နောက်ပိုင်း ပါကစ္စတန် အနောက်မြောက်ပိုင်းမှာ ရှိတဲ့ ဒီခရိုင်ထဲက တချို့နေရာတွေမှာ သေနတ် အရောင်းအဝယ် တက်လာခဲ့တာပါ။

နောက်ထပ် တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ အစိုးရက သတိပေးခဲ့တဲ့နောက် ဇန်နဝါရီလ ထဲမှာ ထောင်ချီတဲ့ ကျောင်းတွေဟာ တပါတ် ကျော်ကျော် ပိတ်ပစ် ခဲ့ရပါတယ်။ တာလီဘန်တွေက Peshawar က စစ်တပ်ဖွင့်ထားတဲ့ ကျောင်းတကျောင်းကို ဝင်စီးပြီး ကျောင်းသား ၁၃၂ ယောက်နဲ့ ဝန်ထမ်း ၉ ယောက်ကို သတ်ပစ်ခဲ့ပြီးတဲ့နောက် တနှစ်အကြာမှာ ဘာချာခန်း တက္ကသိုလ်မှာ အတိုက်ခိုက်ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း ကျောင်းတွေနဲ့ လူပေါင်း ၅ သောင်းကျော်က သေနတ်ကိုင်ဆောင်ခွင့် လျှောက်ထားခဲ့ကြပြီး လျှောက်ထားသူတွေအတွက် လိုင်စင်တွေ ထုတ်ပေးခဲ့တယ်လို့ ခရိုင်မြို့တော် Peshawar က အာဏာပိုင်တွေက ပြောပါတယ်။

Charsadda တက္ကသိုလ် ပစ်ခတ်မှုနောက်ပိုင်း ကျောင်ဆရာတွေနဲ့ ပညာတတ်အများစု အပါအဝင် လူအတော်များများက ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သေနတ်တွေ လာဝယ်ကြတယ်လို့ ေသေနတ်ဆိုင်ပိုင်ရှင် တယောက်က ဗွီအိုအေကိုပြောပါတယ်။

ပါကစ္စတန်က ကျောင်းတွေကိုလည်း အမြင့်ဆုံး အဆင့် သတိပေးချက်တွေ ထုတ်ပြန်ထားတာပါ။ ကျောင်းအုပ်ချုပ်ရေး အဖွဲ့တွေကိုလည်း လက်နက်ကိုင် အစောင့်တွေ ငှါးထားဖို့နဲ့ ကျောင်းပတ်လည်း တံတိုင်းတွေ ခတ်တာ အပါအဝင် လုံခြုံရေးတွေ တိုးမြှင့်ချထားဖို့ ခရိုင်အစိုးရက ပန်ကြားထားပါတယ်။

XS
SM
MD
LG