သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TNLA ပလောင်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲဖြစ်


အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးနေဆဲဖြစ်တဲ့ TNLA တအာန်း (ခေါ်) ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့နဲ့ အစိုးရစစ်တပ်အကြား ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာသားတစ်ယောက် သေဆုံးခဲ့တယ်လို့ ပလောင်တပ်ဖွဲ့ဘက်က ပြောပါတယ်။ ဒီတိုက်ပွဲဟာ နှစ်ဘက် ငြိမ်းချမ်းရေးဆွေးနွေးပြီး ၁ လတာကာလအတွင်း ၅ ကြိမ်မြောက်ဖြစ်တဲ့ တိုက်ပွဲဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် အပစ်အခတ် ရပ်စဲရေးအတွက် ယုံကြည်ဖို့ ခက်ခဲလာတယ်လို့လည်း ပလောင်တပ်ဖွဲ့ဘက်က ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုမိုးဇော် က သတင်းပေးပို့ခဲ့ပါတယ်။

တအာန်း (ခေါ်) ပလောင်တပ်ဖွဲ့နဲ့ အစိုးရတပ်ဖွဲ့ဟာ ကျောက်မဲမြို့နယ် ပါလိုင်ရွာအနီးမှာ ဒီလ ၂ ရက်နေ့ ညနေ ၄ နာရီလောက်မှာ တိုက်ပွဲဖြစ်ခဲ့တာပါ။ ဒီတိုက်ပွဲဟာ အနည်းဆုံး နာရီဝက်လောက် အပြန်အလှန် ပစ်ခတ်တိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို တအာန်းလက်နက်ကိုင်တပ်ရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်တဲ့ ပလောင် အမျိုးသား လွတ်မြောက်ရေးတပ်ဦး PSLFရဲ့ အထွေထွေအတွင်းရေးမှူး တားဘုန်းကျော်က အခုလို ပြောပါတယ်။

“ဖြစ်စဉ်ကတော့ အဲ့ဒီမှာ လှုပ်ရှားနေတဲ့ တပ်ဖွဲ့က အဲ့ဒီရွာကို ဝင်နားတဲ့အချိန်မှာ ဒီအစိုးရဘက်က စစ်တပ်တွေက သူတို့ လိုက်လာတယ်လေ။ လိုက်လာတော့ ကျနော်တို့ဘက်ကလည်း ရွာကနေ အမြန်ပြန်ထွက်၊ အမြန်ထွက်တဲ့အချိန်မှာ ရွာအပြင်ဘက်မှာ ဒီ အစိုးရတပ်နဲ့ ကျနော်တို့ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ကြတာပါ။ အဲ့ဒီမှာ နာရီဝက်လောက်တော့ကြာတယ်။ နောက်ပိုင်းမှာ ကျနော်တို့ဘက်က အကုန်လုံး ဟို တောထဲအရောက် နောက်ပြန်ဆုတ်လိုက်တော့ တိုက်ပွဲက အဲ့ဒီမှာတင် ပြီးသွားတယ်။ ဒါပေမဲ့ ဒီအစိုးရတပ်ဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက် ဆက်တိုက်ပစ်တော့ ရွာထဲမှာရှိတဲ့ ရွာသားတစ်ယောက်တော့ ထိသွားတယ် - အဲ့ဒီမှာ။ ဒီနေ့ မနက်တော့ ဆုံးသွားပြီလို့တော့ ကျနော်တို့ သတင်းရပါတယ်။”

ပလောင်တပ်နဲ့ တိုက်ပွဲဖြစ်တဲ့ အစိုးရတပ်ကတော့ ကျောက်မဲအခြေစိုက် စကခ ၁ လက်အောက်ခံ ခမရ ၁၇ ဖြစ်ကြောင်းနဲ့ နှစ်ဘက်တပ်တွေမှာ အထိအခိုက် အကျအဆုံး မရှိကြောင်းလည်း တားဘုန်းကျော်က ပြောပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လအတွင်းက ပလောင်တပ်ဖွဲ့နဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ဟာ အပစ်အခတ် ရပ်စဲဖို့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ နောက်တကြိမ်ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲနိုင်ဖို့နဲ့ ဒီဆွေးနွေးပွဲကို အမြန်ဆုံး စတင်နိုင်ဖို့ သဘောတူခဲ့ပါတယ်။

ဒါပေမဲ့ ဆွေးနွေးပွဲပြီး ၁၂ ရက်အကြာမှာ နှစ်ဘက်တပ်တွေအကြား တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပြီး အခုတကြိမ်နဲ့ပါဆို တိုက်ပွဲပေါင်း ၅ ကြိမ်ရှိပြီ ဖြစ်ပါတယ်။ ဒီလို တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နှစ်ဘက် အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးရာမှာ ယုံကြည်မှု ပျက်ပြားစေတယ်လို့ တားဘုန်းကျော်က ဆက်ပြောပါတယ်။

“နှစ်ဘက်ဆွေးနွေးမှုကတော့ ခန့်မှန်းလို့တော့ ခက်ပါတယ်။ ဒါပေမဲ့ တဘက်နဲ့တဘက် ယုံကြည်မှုကတော့ လျော့သွားတယ် ပိုပြီးတော့ နည်းလာတယ်လို့တော့ ပြောလို့ရတယ်။ ယုံကြည်မှုနည်းရင်တော့ ဆွေးနွေးပွဲကလည်း နည်းနည်းလေးတော့ အခက်အခဲတော့ရှိမယ်။”

ဒီတိုက်ပွဲဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ကျောက်မဲမြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ သတင်း မရရှိသေးကြောင်း ပြောပါတယ်။ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ ဦးစီးအဖွဲ့ ဥက္ကဌ ဦးမောင်ကျော်ကတော့ တိုက်ပွဲဖြစ်တယ်ဆိုတာ သတင်းရကြောင်း အခုလို ပြောပါတယ်။

“အေး ကျောက်မဲမြို့နယ်ထဲမှာတော့ ဖြစ်တယ်လို့တော့ ကြားလိုက်တယ်။ ကျနော်တို့ မြို့နယ်ထဲမှာ မဟုတ်တဲ့အခါကျတော့ သတင်း အတိအကျကြီးတော့ ကျနော်တို့ မရသေးဘူး။ ပါလိုင်ရွာနားမှာ ဖြစ်တယ်လို့ ပြောတယ်။ အထိအခိုက် နှစ်ဘက်စလုံး ရှိတယ်လို့ ကြားပါတယ်။ ရွာသားတစ်ယောက်လည်း ပါတယ်။”

ဒီလ ၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ရှမ်းပြည်နယ် တောင်ကြီးမြို့ကို ရောက်ရှိစဉ် အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံရာမှာတော့ အစိုးရစစ်ရုံးက အဆင့်မြင့် တပ်မတော်အရာရှိက အပစ်ရပ်အဖွဲ့တွေနဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရှင်းလင်းခဲ့ပါတယ်။

ဒီအကြောင်းကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းရဲ့ တောင်ကြီးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး စိုင်းဦး က အခုလို ပြောပါတယ်။

“အဲ့ဒီဟိုဟာ ပြောတာက ဗိုလ်ချုပ် အောင်သန်းထွဋ် ပဲ ရမခတိုင်းမှူးဟောင်းပေါ့နော်။ အဲ့ဒါ စစ်ရုံးက ဗိုလ်ချုပ် အောင်သန်းထွဋ်က ဖြေတာပါ။ သူက တပ်မတော်ဆိုတာ အထက်အမိန့်နဲ့ပေါ့နော် နောက်ပြီးတော့ ဒီ နယ်မြေစိုးမိုးရေး၊ နယ်မြေထဲမှာ တရားဥပဒေစိုးမိုးရေးကို လုပ်ပြီးတော့ နိုင်ငံတော်ကို ကာကွယ်တဲ့ တပ်မတော်ပေါ့နော်။ ဥပမာ ကျနော်တို့ကျတော့ အပစ်ရပ်တဲ့နောက်ပိုင်း တပ်သားသစ် စုဆောင်းတာ၊ သင်တန်းပေးတာတို့၊ အခွန်တွေ ဘာတွေကောက်တာတို့ ထင်နေတဲ့အတွက်ကြောင့် ကျနော်တို့ ဒီ တိုက်ပွဲဖြစ်တယ်လို့ ပြောပါတယ်။”

ပလောင်တပ်ဖွဲ့နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ မူဆယ်မှာ ဆွေးနွေးစဉ်ကလည်း အပစ်ရပ် အဖွဲ့အစည်းတွေအနေနဲ့ လူသတ်မှု ကျူးလွန်ရင်၊ အဓမ္မ ဆက်ကြေးကောက်ရင်၊ အဓမ္မ လူသစ်စုဆောင်းရင်၊ ကန့်သတ်နယ်မြေကို ကျော်လွန်ပြီး စစ်ရေးလှုပ်ရှားမှု လုပ်ရင် အထက်အမိန့်အရ ရှင်းလင်းရမှာ ဖြစ်တာကြောင့် တိုက်ခိုက်တာတွေ ဖြစ်နိုင်ကြောင်းကို လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက ပြောဆိုခဲ့တယ်လို့ တားဘုန်းကျော်က ပြောပါတယ်။ လက်ရှိ ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တားဘုန်းကျော် ပြောတာက -

“အခုဖြစ်တဲ့တိုက်ပွဲတွေက ကျနော်တို့ ဆက်ကြေးကောက်လို့၊ လူတွေသတ်လို့ ဖြစ်တဲ့တိုက်ပွဲတွေ မဟုတ်ဘူးလေ။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက ကချင်ရော၊ ကျနော်တို့ရော၊ ရှမ်းရော၊ ကျနော်တို့ရွာမှာ လူထုစည်းရုံးရေးတွေလုပ်တယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေ လုပ်နေတဲ့အချိန်မှာ တိုက်ပွဲတွေ ဖြစ်တာပါ။ ဒီလိုပဲ ကျနော်တို့ တိုင်းရင်းသားတွေကနေမှ ကျနော်တို့နေတဲ့ တောတွေ၊ တောင်တွေထဲမှာ အစိုးရတပ်တွေက ဒီလို လှည့်လည် လှုပ်ရှားနေဦးမယ်ဆိုရင် ကျနော် ထင်တာက အပစ်အခတ် ရပ်စဲရေး လက်မှတ်တွေ ထိုးနေမယ်ဆိုရင် မြန်မာပြည်ကတော့ သေနတ်သံကတော့ ငြိမ်မှာမဟုတ်ဘူး။ တိုက်ပွဲတွေက ဖြစ်နေဦးမှာပဲ။”

လောလောဆယ်မှာတော့ အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၃ ဖွဲ့လောက်နဲ့ အပစ်အခတ် ရပ်စဲထားပြီး နောက်လအတွင်းမှာ တပြည်လုံး အပစ်အခတ် ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။ ဒီလို အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးရင်တော့ နိုင်ငံရေး အင်အားစုတွေ အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတရပ် ကျင်းပပြီး နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့လည်း ပြင်ဆင်နေပါတယ်။
XS
SM
MD
LG