သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျစ်လျူရှုခံအကြပ်အတည်း အစီရင်ခံစာ တအာင်းအမျိုးသမီးအဖွဲ့ ထုတ်ပြန်


ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ဒေသတွင်းမှာ စစ်ရေးတင်းမာမှုတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေသလို၊ မူးယစ်ဆေးဝါး စိုက်ပျိုး ထုတ်လုပ်မှု သုံးစွဲမှု ပမာဏဟာလည်း အတော့်ကို မြင့်မားနေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ပြောပါတယ်။

မူးယစ်ဆေးဝါး ပြဿနာမှာဆိုရင် ပြည်သူ့စစ်နဲ့ ဒေသတာဝန်ရှိသူတွေကိုယ်တိုင် ပတ်သက်တယ်ဆိုပြီးတော့လည်း စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒေသတာဝန်ရှိသူတွေကတော့ ဒီစွပ်စွဲချက်ကို ငြင်းပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ရန်ကုန် ဗွီအိုအေရုံးခွဲကနေ ကိုသားညွန့်ဦးက သတင်းပေးပို့ခဲ့ပါတယ်။

တအာင်းအမျိုးသမီးအဖွဲ့အစည်းကနေ ပလောင်ဒေသတွင်း ပြည်သူတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ လျစ်လျူရှုခံ အကြပ်အတည်းများဆိုပြီး အစီရင်ခံစာ ထုတ်ပြန်တာကို ဒီနေ့ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါ၊ ပလောင်ဒေသ အကြပ်အတည်းတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအပြင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ သုံးစွဲမှု အခြေအနေတွေကိုပါ မီးမောင်းထိုး ပြောဆိုသွားတာပါ။

လက်ဖက်စိုက်တဲ့ ပလောင်ဒေသမှာ လက်ဖက်စိုက်ပျိုးရေးလုပ်ငန်း ကျဆင်းလာတာနဲ့အတူ၊ ဘိန်းစိုက်ပျိုးမှုတွေ အထင်အရှားရှိလာပြီး တဖက်မှာ ဒေသခံလူငယ်တွေအကြား မူးယစ်ဆေးဝါး သုံးစွဲမှုရာခိုင်နှုန်းဟာလည်း အတော်ကြီးကို မြင့်မားလာနေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က လွေးပိုးငယ်က ပြောပါတယ်။

“ကျမတို့ ပလောင်တွေက အဲ့ဒီရဲ့ အလုပ်သမားတွေတော့ တော်တော်များများ လုပ်ရတာပေါ့။ ဘာလို့လဲဆိုတော့ ဆင်းရဲတယ်လေ။ လက်ဖက်ဈေးလည်း မကောင်းဘူး။ အလုပ်ရှားပါးမှုအပေါ်မှာ ကျမတို့က အလုပ်သမား လုပ်ရတယ်။ အလုပ်သမားလုပ်နေတဲ့ကာလမှာ သူတို့က ပိုက်ဆံမပေးဘဲနဲ့ ဒီရာမတို့ ဆေးပြားတွေကို ပိုက်ဆံ အလဲအလှယ်လုပ်ပြီးမှ ပေးနေတဲ့ အခြေအနေမှာ ပလောင်လူငယ် တော်တော်များများက ဘိန်းစွဲတွေ ဖြစ်ကုန်တာပေါ့နော်။”

ဘိန်းစိုက်ပျိုးမှုလုပ်ငန်းအခြေအနေကို သွားရောက်လေ့လာဖို့ ကြိုးပမ်းသူတွေကိုလည်း ဒေသခံ ပြည်သူ့စစ်က အနှောင့်အယှက်ပြုတာ တားဆီးပိတ်ပင်တာမျိုးတွေ ခံရတယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း ဒီလုပ်ငန်းတွေမှာ ဒေသခံ ပြည်သူ့စစ်နဲ့ ဒေသခံတာဝန်ရှိသူတွေ ပတ်သက်ဆက်နွယ်တယ်ဆိုပြီး တအာင်းအမျိုးသမီးအဖွဲ့က စွပ်စွဲပါတယ်။

တချိန်တည်းမှာတော့ ပလောင်ဒေသမှာ စစ်တပ်က အင်အား တိုးမြှင့်ချထားလာပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

“ရွာသားတွေကို ပေါ်တာဆွဲမယ်။ အတင်းအဓမ္မ ခိုင်းတာတွေကို ကျမတို့ တွေ့ရှိရတယ်။ အချက်အလက်တွေ ကျမတို့ ရရှိတယ်။ ဒါ့အပြင် ဒီလိုမျိုး အမျိုးသမီးငယ်တွေကိုဆို အတင်း အဓမ္မ ပြုကျင့်တဲ့ဟာတွေရှိတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေရှိတယ်။ ဒီလိုမျိုး ရှိတဲ့အတွက်ကြောင့် ဘယ်သူမှ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ ထွက်ပြေးနေရမှာပဲ။”

ပလောင်ဒေသမှာ ၂၀၁၂ ခုနှစ်နောက်ပိုင်း တိုက်ပွဲတွေဖြစ်တာကြောင့် ဒေသခံတွေဟာ အိုးပစ်အိမ်ပစ် ထွက်ပြေးရပြီး ဒေသတွင်း ရွာပုန်းရွာရှောင်သဘော လှည့်လည်နေရတဲ့ ဒုက္ခသည်ဟာ ၄ ထောင်ကျော်ထိ ရှိလာပါတယ်။ ဒါဟာ ၂၀၁၂ ခုနှစ်ကထက် ၄ ဆပိုများလာတာလို့ ထောက်ပြပါတယ်။ အစိုးရတပ်ရင်းတပ်ဖွဲ့တွေမှာဆိုလည်း အရင်တုန်းက တပ်ရင်း ၁၆ ခုလောက်ကနေ အခုဆိုရင် တပ်ရင်း ၃၀ လောက်အထိကို တိုးများလာတယ်လို့ဆိုပါတယ်။

ပလောင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌဖြစ်တဲ့ ဦးမောင်ကျော်ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတာ မငြင်းပါဘူး။ ဒါပေမဲ့လို့ ဒါဟာ တိုက်ပွဲတွေကြောင့် ဖြစ်တတ်တဲ့ သဘောသဘာ၀ အခြေအနေလို့ မြင်ပါတယ်။

“တိုက်ပွဲဖြစ်မှတော့ ဘယ်သွားကောင်းတော့မလဲ။ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းကရော ကောင်းလို့လဲ။ ဒီဂတ်စ်ပိုက်လိုင်းနဲ့ ပတ်သက်ပြီးတော့ အခွင့်အရေး မရတာတွေတို့၊ ဘာတို့တော့ ကျနော်တို့ကို တင်ပြထားတာတော့ မရှိဘူး။ ဒီအုပ်ချုပ်ရေးမှူးတွေကိုရော အကုန်လုံးကို မှာတယ်။ အကယ်၍ အခက်အခဲဖြစ်တယ်ဆိုရင် မတရားဘူးထင်ရင် ပန်ကြားပါ။ ကျနော်တို့ အတတ်နိုင်ဆုံး ဖြေရှင်းပေးပါမယ်။ ညှိနှိုင်းပေးပါမယ်။ ဒါပေမဲ့ ရှိတဲ့ဥစ္စာလည်း အကုန်လုံး ဖြေရှင်းပြီးသွားပါပြီ။”

မေး။ ။ ဒီဂတ်စ်ပိုက်လိုင်း ရှိနေတဲ့အတွက်ကြောင့်မို့ စစ်တပ်က သူတို့ အင်အားတွေ တိုးချလာတယ်လို့လည်း ပြောပါတယ်။ လုံခြုံရေးယူဖို့ပေါ့။ အဲ့ဒါကြောင့် မှန်ပါသလား။
ဖြေ။ ။ “ဂတ်စ်နဲ့ မဆိုင်ဘူးလေ ဒါက။”
မေး။ ။ အဲ့ဒါဆို စစ်တပ်က တိုးချတာ ဘာကြောင့် တိုးချတာလဲ။
ဖြေ။ ။ “အဲ့ဒါတော့ သူ့ လုံခြုံရေး အနေအထား ရှိမှာပေ့ါ။ ဘာလို့လဲဆိုတော့ ဒီဘက်က TNLA ကလည်း အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးသေးဘူးလေ။”
မေး။ ။ မူးယစ်ဆေးဝါး စိုက်ပျိုးမှုတွေ တော်တော်လေး ကြီးထွားနေတယ်လို့ ပြောပါတယ်ခင်ဗျ။ အဲ့ဒီကိစ္စကလည်း ပြည်သူ့စစ်တွေနဲ့ တချို့ ချမ်းသာတဲ့လူတွေပေါ့နော်။ ချမ်းသာတဲ့လူတွေ တချို့လုပ်ငန်းရှင်တွေ ပတ်သက်နေတယ်လို့ ပြောပါတယ်။ ဟုတ်ပါသလား။
ဖြေ။ ။ “ဒီပလောင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆမ်မြို့နယ်မှာဆိုရင် လုံး၀ ရှင်းပါတယ်။ မန်တုံဒေသမှာ တကယ် ပေါတဲ့ဒေသမှာကျတော့ ရှိကောင်းရှိနိုင်ပါတယ် အဲ့ဒါ။ လုံခြုံရေး မရောက်နိုင်ဘူးလေ။ ဘိန်းခြံကို တပ်မတော်က လုံခြုံရေး ယူတယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ သူ့ကိစ္စနဲ့ သူသွားတာနေမှာပါ။ ဒါပေမဲ့ အဲ့ဒီဘိန်းခင်းနားမှာ သူရှိရင်လည်း ရှိနေမှာပေါ့။ သူလည်း ဘိန်းဖျက်ဖို့ တာဝန်ရှိတာပဲ တပ်မတော်က။”
မေး။ ။ အဲ့ဒီဒေသထဲမှာ မူးယစ်ဆေးဝါး ဆေးစွဲမှုက တော်တော်လေး လူငယ်တွေကြားထဲမှာ ရာခိုင်နှုန်း မြင့်တက်နေတယ်လို့ သိရပါတယ်။ အဲ့ဒါ ဟုတ်ပါသလား။
ဖြေ။ ။ “ဟုတ်တယ်။ ဟုတ်တယ် အဲ့ဒါတော့ သိပ်သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူးယစ်ဆေးဝါးက ဒီမှာစိုက်တဲ့ မူးယစ်ဆေးဝါးထက် မြို့နယ်ရဲ့ ပြင်ပကနေပြီးတော့ ဝင်လာတဲ့ မူးယစ်ဆေးဝါးက များတယ်ခင်ဗျ။”

ပလောင်ဒေသကို အခြေပြုလှုပ်ရှားတဲ့ TNLA တအာင်းလက်နက်ကိုင်တပ်ဖွဲ့နဲ့ မြန်မာအစိုးရအကြားမှာ ၂၀၁၃ ခု နှစ်ဆန်းပိုင်းက ဆွေးနွေးမှု တကြိမ်ရှိခဲ့ပေမဲ့ ရလဒ်ကောင်းတော့ မထွက်ခဲ့ပါဘူး။ ဒါကြောင့် အစိုးရတပ်နဲ့ တအာင်းလက်နက်ကိုင် တပ်အကြားမှာ ယနေ့ထိ တိုက်ပွဲတွေ ဖြစ်နေဆဲပါ။

ဒါကြောင့်လည်း အစိုးရအနေနဲ့ ငြိမ်းချမ်းရေး အမှန်တကယ် လိုလားမယ်ဆိုရင်တော့ စစ်ရေးအရ ထိုးစစ်ဆင်တာတွေကို ရပ်ဖို့နဲ့၊ ဒေသခံ တိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာတွေကို အဆုံးသတ်ဖို့ TWO တအာင်းအမျိုးသမီးအဖွဲ့ တောင်းဆိုထားပါတယ်။
XS
SM
MD
LG