သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Panama Papers စာရင်းမှာ ပါဝင်သူတွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရတွေမှာတာဝန်ရှိ


Panama Papers လို့ခေါ်နေကြတဲ့ ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်း ဖွင့်ထားသူတွေရဲ့ စာရင်းထဲမှာ ပါဝင်သူတွေဟာ တရားဥပဒေ ချိုးဖောက်ရာ ရောက်မရောက် သေသေချာချာ မပြောနိုင်ပေမဲ့ ဒါဟာ ကမ္ဘာနဲ့အဝှမ်းဖြစ်ပေါ်နေတဲ့ ဘဏ္ဍာရေးစနစ်ကို အလွဲသုံးစားမှု တစ်ခုဖြစ်တယ်လို့ နိုင်ငံတကာ ငွေကြေးစောင့်ကြည့်ရေး အဖွဲ့တစ်ခုက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သက်ဆိုင်ရာ နိုင်ငံအစိုးရတွေအနေနဲ့ ဒီစာရင်းထဲမှာ ပါဝင်သူတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေကို တောင်းယူပြီး အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ သတင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်အခြေစိုက် နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဆိုင်ရာ သတင်းထောက်အဖွဲ့ ICIJ က ပနားမား အခြေစိုက် Mossack Fonseca ဥပဒေအကျိုးဆောင်ကုမ္ပဏီ ဆီက ဘဏ္ဍာရေးဆိုင်ရာ စာရွက်စာတမ်းပေါင်း ၁၁.၅ သန်းလောက် ၂၀၁၃ ခုနှစ်က သူတို့ရဲ့ဝဘ်ဆိုဒ်မှာ တင်ပြီး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ နိုင်ငံတကာမှာ ထင်ရှားတဲ့ ကမ္ဘာအရပ်ရပ်က နိုင်ငံ့ခေါင်းဆောင်တွေ၊ အနုပညာရှင်တွေနဲ့ ချမ်းသာကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်နေပါတယ်။

အခုလို ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေ သန်းနဲ့ချီပြီး ပေါက်ကြားခဲ့တာနဲ့ ပက်သက်ပြီး၊ ဝါရှင်တန်ဒီစီအခြေစိုက် နိုင်ငံတကာ ငွေကြေးစောင့်ကြည့်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ Global Financial Integrity (GFI) က ဒါဟာ ကမ္ဘာနဲ့အဝှမ်း ဖြစ်ပေါ်နေတဲ့ ဘဏ္ဍာရေးစနစ်ကို အလွဲသုံးစားမှု တစ်ခုဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပြီး၊ သက်ဆိုင်ရာ နိုင်ငံအစိုးရတွေအနေနဲ့ ဒီစာရင်းထဲမှာ ပါဝင်သူတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေကို တောင်းယူပြီး အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဒီ Panama Papers စာရင်းထဲမှာ ပါဝင်သူတွေဟာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ တည်ဆဲဥပဒေတွေကို ချိုးဖောက်ရာ ရောက်မရောက် ဆိုတာနဲ့ ပက်သက်လို့ (GFI) အဖွဲ့ရဲ့ ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး Christine Clough က အခုလို ပြောပါတယ်။

"ဆယ်စုနှစ်တော်တော်များများ အကြာက စာရွက်စာတမ်းတွေ အပါအဝင် စာရွက်စာတမ်းပေါင်း ၁၁သန်းခွဲလောက် ပေါက်ကြားသွားတဲ့ ဒီကိစ္စမှာ အဓိက ပြဆိုနိုင်တာက ပြည်ပ ဘဏ္ဍာရေးဆိုင်ရာ ကုမဏီတွေ ဥပဒေကို ဘယ်လိုပုံစံနဲ့ လှည့်စားပြီး အလုပ်လုပ်နေကြသလဲ ဆိုတာကိုပါ။ ဒီလုပ်ငန်းတွေက အမှန်တကယ်မရှိတဲ့ အမည်မသိ ကုမ္ပဏီတွေကို တည်ထောင်ထားပေးပြီး၊ အဲဒီ တကယ်မရှိတဲ့ လုပ်ငန်းတွေရဲ့ဘဏ်အကောင့်ထဲမှာ သူတို့ရဲ့ ဖောက်သည်တွေ ပိုင်ဆိုင်တဲ့ ငွေကြေးတွေကို ထည့်ထားပေးပြီး လျှို့ဝှက်ပေးထားဖို့ အကူအညီပေးနေတာပါ။ ဒါဟာ တရားမဝင်တဲ့ကိစ္စလို့တော့ သေချာပေါက် ပြောလို့ မရနိုင်ပါဘူး။ ဒီလို တည်ထောင်ပေးထားတဲ့ ကုမ္ပဏီ တွေက ပြစ်မှုတစ်ခုခု ကျူးလွန်မယ်ဆိုရင်တော့ ဒါဟာ တရားမဝင်တဲ့ ကိစ္စပါ။ ဒါပေမယ့် ဒီလို ကုမ္ပဏီ ရှိရုံနဲ့တော့ တရားမဝင်ဘူးလို့ ပြောလို့ မရပါဘူး။ ဒီလို ကုမဏီတွေကို အသုံးချပြီး ဘယ်လို အလုပ်လုပ်နေကြတယ်ဆိုတာကို သိခွင့်ရတဲ့အတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ အထူးသဖြင့် အစိုးရနဲ့ ပေါ်လစီချမှတ်သူတွေအတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။”

Panama Papers စာရင်းထဲမှာ ထင်ရှားတဲ့ နိုင်ငံ့ခေါင်းဆောင်အချို့လည်း ပါဝင်နေပြီး၊ အချို့ကလဲ စာရင်းထဲမှာ ပါသလို ပြည်ပမှာ လျှို့ဝှက် ဘဏ်အကောင့်ဖွင့်ပြီး ငွေကြေးတွေ စုဆောင်းထားတယ်ဆိုတဲ့ စွပ်စွဲချက်ကို လုံး၀ ငြင်းပယ်ထားကြပါတယ်။ Panama Papers စာရင်းထဲမှာ ပါတဲ့ အချက်အလက်တွေဟာ ဘယ်လောက် ယုံကြည်စိတ်ချရမှု ရှိသလဲဆိုတာကို GFI အဖွဲ့က Christine Clough က အခုလို ဖြေကြားခဲ့ပါတယ်။

"ကျမရဲ့ အမြင်အရတော့ ဒီသတင်းအချက်အလက်တွေဟာ ၁၀၀ ရာခိုင်နှုန်း ယုံကြည်စိတ်ချရမှု ရှိပါတယ်။ ICIJ အဖွဲ့ဟာ တကယ်ကို ပညာရှင် ဆန်ဆန်နဲ့ ဒီကိစ္စကို ကိုင်တွယ်ပြီး၊ ဒီသတင်းအချက်အလက်တွေကို ထုတ်ပြန်ခဲ့တာပါ။ သူတို့ဆီကို ရောက်လာတဲ့ စာရွက်စာတမ်းပေါင်း ၁၁.၅သန်းလောက်ကို ဒီအတိုင်း အွန်လိုင်းပေါ် တင်ပေးလိုက်တာ မဟုတ်ပါဘူး။ အဲဒါမတိုင်ခင် နှစ်နဲ့ ချီပြီးတော့ ကျွမ်းကျင်သူ ဥပဒေ ပညာရှင်တွေ၊ နိုင်ငံပေါင်း ၈၀ကျော်က စာနယ်ဇင်းသမားတွေနဲ့ တိုင်ပင် ညှိနှိုင်းခဲ့ပါတယ်။ ဒီ စာရွက်စာတမ်းတွေထဲမှာ ဘာတွေပါသလဲ။ ဒီသတင်းအချက်အလက်တွေကို လူတစ်ဦးချင်းရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို မထိခိုက်ပဲ အများပြည်သူရဲ့ အကျိုးစီးပွားအတွက်ဆိုတဲ့ ရည်ရွယ်ချက်မျိုးဖြစ်အောင် ဘယ်လို ပုံစံနဲ့ ထုတ်ပြန်ပေးမလဲဆိုတာကို အများကြီး ချိန်ဆခဲ့ကြပါတယ်”

GFI အဖွဲ့ဟာ မြန်မာနိုင်ငံ ထဲကနေ ၁၉၆၀ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ဒေါ်လာ ဘီလီယံ ၁၀၀ နီးပါးရှိတဲ့ တရားမဝင် ငွေကြေးတွေ စီးဝင်စီးထွက်မှုရှိနေတယ်လို့ လေ့လာတွေ့ရှိထားတဲ့ အစီရင်ခံစာတစ်စောင်ကို စက်တင်ဘာလက ထုတ်ပြန်ခဲ့ပါတယ်။

ခုလို တရားမဝင် ငွေကြေး စီးထွက်မှု ကိစ္စဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဝင်ငွေ ကွာဟချက်တွေကို ပိုဆိုးစေပြီး၊ ဖွံ့ဖြိုးတိုးတက်ရေး ကို နှောင့်နှေးစေတဲံအတွက် မြန်မာနိုင်ငံထဲကနေ စီးထွက်နေတဲ့ တရားမဝင်ငွေကြေးတွေကို အစိုးရသစ်အနေနဲ့ဂရုတစိုက် ကြည့်ရှုလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း GFI အဖွဲ့က Christine Clough က ပြောပါတယ်။

"အခုလို လျှို့ဝှက်ငွေကြေးစနစ်မျိုးကို အကြမ်းဖက်သမားတွေကလည်း သုံးနိုင်ပါတယ်။ မူးယစ်ဆေးနဲ့ လူကုန်ကူးတဲ့ လူတွေကလည်း အသုံးပြုနိုင်ပါတယ်။ လာဘ်စားထားတဲ့ အစိုးရအရာရှိတွေကလည်း သုံးနိုင်ပါတယ်။ ဒါမှမဟုတ် ငွေကြေးချမ်းသာတဲ့ လူပုဂို္ဂလ်တွေက အခွန်ရှောင်ချင်လို့ လဲ သုံးနိုင်ပါတယ်။ ဘယ်လိုလူမဆို ငွေကြေးတွေ လျှို့ဝှက်ပြီး သွားထားနိုင်တဲ့ စနစ်ရှိနေတာဟာ အများပြည်သူ အကျိုးစီးပွားအတွက် ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ဒီလို တရားမဝင် ငွေကြေးတွေ နိုင်ငံထဲကနေ စီးထွက်လို့ ရနေတဲ့ စနစ်တစ်ခုရှိနေတာကို ဘယ်လို အစိုးရမျိုးကမှ ခွင့်မပြုသင့်ပါဘူး။”

ICIJ အဖွဲ့ရဲ့ Panama papers စာရင်းထဲမှာဖော်ပြထားတဲ့ လူပုဂ္ဂိုဟ် နာမည်တွေထဲမှာ မြန်မာနိုင်ငံက ဦးအောင်ကျော်မြင့်၊ ဦးအေးဇော်ဝင်း၊ ဒေါက်တာဥမ္မာမိုးမြင့်၊ ဦးကျော်ဝင်း၊ ဦးမောင် မောင်ဆွေတင်၊ ဒေါ်မြမြစိုး၊ ဒေါ်မြသီတာဆွေတင်၊ ဦးသုတ၊ ဦးဌေးမြင့်၊ ဦးမိုးမြင့် ခေါ် ဦးမိုက်ကယ်လ်မိုးမြင့်၊ ဦးမြင့်ဆွေ၊ ဦးမျိုးတင် တို့ကိုတွေ့ရပါတယ်။ ဒီစာရင်းမှာ ပါဝင်သူတွေထဲ ဦးအေးဇော်ဝင်းဟာ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့သားမက်ဖြစ်ပြီး ဦးမိုက်ကယ်မိုးမြင့်ရဲ့ဇနီး ဒေါ်ဥမ္မာမိုးမြင့်ကတော့ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် ကူညီဆာင်ရွက်ပေးနေသူတဦးဖြစ်ပါတယ်။

နိုင်ငံခြားသားနာမည်နဲ့ လူလေးဦးပါဝင်ပြီး Ernest Howard Bolton II, Jonathan W. Smith, Quamruddin Ahmed နဲ့ William Mark Hilsman ဆိုပြီး ပါဝင်တာ တွေ့ရပါတယ်။

XS
SM
MD
LG