သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာရွက်စာတမ်းတွေ ကွန်ပြူတာဖောက်ထွင်းခိုးယူခံရကြောင်း Mossack Fonseca ရှင်းလင်း


ဒီသီတင်းပတ်ထဲမှာ ထွက်ပေါ်လာတဲ့ ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်း ဖွင့်လှစ်ထားတဲ့ နိုင်ငံရေးသမားတွေ၊ ချမ်းသာကြွယ်ဝသူတွေ၊ ကျော်ကြားသူတွေ ပါဝင်တဲ့ စာရင်း စာရွက်စာတမ်းပေါင်း ၁၁ သန်းခွဲလောက်ကို ကွန်ပြူတာ ဖောက်ထွင်းသူ ဟက်ကာတွေက ခိုးယူခဲ့တာဖြစ်ပြီး သူတို့ရုံးထဲက လူတွေကြောင့် ပေါက်ကြားတာ မဟုတ်ဘူးလို့ Panama က ဥပဒေအကျိုးဆောင်အဖွဲ့က ပြောပါတယ်။

Mossack Fonseca လို့ခေါ်တဲ့ Panama က ဥပဒေအကျိုးဆောင်အဖွဲ့ကို တည်ထောင်သူတဦးဖြစ်တဲ့ Ramon Fonseca က ဒါဟာ ကုမ္ပဏီအတွင်းလူကြောင့် မဟုတ်ကြောင်း၊ ဒါ့အပြင် ဒါဟာ ပေါက်ကြားမှု မဟုတ်ဘဲ ဖောက်ထွင်းခံရမှုတခုလို့ ပြောကြားခဲ့ပါတယ်။

အခုလို ဖောက်ထွင်းခံရမှုကို ပြည်ပနိုင်ငံတွေကနေ လုပ်ဆောင်တာဖြစ်ကြောင်း ပြောခဲ့ပေမဲ့ ဘယ်နိုင်ငံက ဖောက်ထွင်းတယ် ဆိုတာကိုတော့ Fonseca က မပြောပါဘူး။ ဘယ်နိုင်ငံက ဖြစ်နိုင်တယ်လို့ တွက်ဆထားတာရှိပြီး ဒါကို လိုက်လံ စုံစမ်းနေတယ်လို့လည်း ပြောပါတယ်။

သူ့ကုမ္ပဏီဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော် ကာလအတွင်းမှာ လုပ်ကိုင်လာတဲ့ ပြည်ပကုမ္ပဏီပေါင်း ၂ သိန်းခွဲရှိနေပြီး အခုလို စာရွက်စာတမ်းတွေ ပေါက်ကြားမှုအတွက် Panama က အစိုးရရှေ့နေတွေကို တိုင်တန်းထားတယ်လို့လည်း ပြောပါတယ်။

အခုထွက်ပေါ်လာတဲ့ စာရင်းထဲမှာ ကမ္ဘာ့ခေါင်းဆောင် အများအပြားရဲ့ စာရင်းတွေ ပါဝင်နေပြီး ဒီပေါက်ကြားမှုကြောင့် သူတို့ရဲ့ ပြည်ပကုမ္ပဏီတွေဆီက ရတဲ့ အမြတ်အစွန်းတွေအတွက် အခွန်ပေးဆောင်ထားမှု ရှိ မရှိ ခုခံဖြေရှင်းမှုတွေကို လုပ်နေရပြီ ဖြစ်ပါတယ်။ ပြည်ပမှာ ငွေစာရင်း ဖွင့်ထားတာဟာ တရားဝင်မဟုတ်ပေမဲ့ ဒီလို လုပ်ပြီးသူတို့ရဲ့ ကြွယ်ဝချမ်းသာမှုကို ဖုံးကွယ်ထားလေ့ရှိတဲ့အပြင် အခွန်ရှောင်တာတွေလည်း လုပ်လေ့ရှိပါတယ်။

XS
SM
MD
LG