သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရဲ့ မသမာတဲ့ ငွေလွှဲမှု ICIJ တွေ့ရှိ


Panama နိုင်ငံအခြေစိုက် ဥပဒေအကျိုးဆောင်ကုမ္ပဏီ
Panama နိုင်ငံအခြေစိုက် ဥပဒေအကျိုးဆောင်ကုမ္ပဏီ

ပနားမားနိုင်ငံအခြေစိုက် ဥပဒေအကျိုးဆောင်ကုမ္ပဏီ တခုဆီက ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ သတင်းထောက်များအဖွဲ့က ရုရှားသမ္မတ Vladimir Putin ရဲ့ လူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက် ကာလအတွင်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံလောက်အထိ ပြည်ပမှာဖွင့်ထားတဲ့ ဘဏ်အကောင့်တွေကို လွဲပြောင်းခဲ့တယ်လို့ ကောက်ချက် ခြလိုက်ကြပါတယ်။

ပနားမား အခြေစိုက် Mossack Fonseca ဥပဒေ အကျိုးဆောင်အဖွဲ့က ရရှိတဲ့ အထောက်အထားပေါင်း ၁၁ သန်းခွဲကျော်ကို အခြေခံပြီး နိုင်ငံတကာ စုံစမ်းထောက်လှမ်းရေး သတင်းထောက်များအဖွဲ့ ICIJ က စုံစမ်း စစ်ဆေးမှုတွေအရ ၁၉၇၇ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အကြား သမ္မတ ပူတင်နဲ့ ဆက်နွယ်တဲ့ လူပုဂ္ဂိုလ်၊ သို့တည်းမဟုတ် ကုမ္ပဏီတွေက ဒါဇင်ပေါင်း များစွာသော ငွေကြေး လွဲပြောင်းမှုတွေ ပြုလုပ်ခဲ့တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ICIJ အဖွဲ့ဟာ ဂျာမန်အခြေစိုက် Sueddeutsche Zeitung သတင်းစာတိုက်နဲ့ တခြား သတင်းဌာနပေါင်း ၁၀၀ ကျော်တို့နဲ့ လက်တွဲ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ပြည်ပနိုင်ငံတွေမှာရှိတဲ့ ဘဏ်အကောင့်တွေထဲ ငွေကြေး လွဲပြောင်းမှု ပြုလုပ်တာဟာ တရားမဝင်တဲ့ လုပ်ရပ်တော့ မဟုတ်ပါဘူး၊ တချို့တွေက အခွန်ပေးဆောင်မှု သက်သာစေဖို့၊ နိုင်ငံတကာချီ လုပ်ဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေစေဖို့တို့အတွက် လွဲပြောင်းတာတွေ လုပ်ဆောင်လေ့ ရှိပါတယ်။

ဒါပေမယ့် အခုတွေ့ရှိတဲ့ အထောက်အထားတွေအရ ဘဏ်တွေ၊ ဥပဒေ အကျိုးဆောင်အဖွဲ့တွေနဲ့ တခြား ပြည်ပနိုင်ငံတွေမှာ အခြေစိုက်တဲ့ သူတွေအနေနဲ့ သူတို့ အကျိုးဆောင်ပေးနေတဲ့သူတွေဟာ ရာဇဝတ်လုပ်ငန်းတွေ လုပ်ဆောင်နေသလား၊ အခွန်မပဲ ရှောင်နေသလား၊ နိုင်ငံရေးအရ အကျင့်ပျက် ခြစားမှု ကျူးလွန်နေသလားဆိုတဲ့ ဥပဒေအရ လိုအပ်ချက်တွေကို လုပ်ဆောင်ဖို့ ပျက်ကွက်နေကြတယ်လို့ နိုင်ငံတကာ သတင်းထောက်များအဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးတာကို ရုရှားအစိုးရက ပြန်လည် ဖြေဆိုဖို့ ညင်းပယ်ခဲ့ပြီး ဒီအဖွဲ့ဟာ ရုရှားခေါင်းဆောင်နဲ့ သူနဲ့ နီးစပ်တဲ့အသိုင်းကလူတွေ နံမည်ပျက်အောင် သတင်းအချက်အလက်တွေနဲ့ တိုက်ခိုက်နေခြင်း ဖြစ်တယ်လို့ ပြန်လည် စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ စုံစမ်း ထောက်လှမ်းရေး သတင်းထောက်များအဖွဲ့ဟာ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီမြို့မှာ အခြေစိုက်တဲ့ Non-Profit အဖွဲ့ ဖြစ်ပါတယ်။

XS
SM
MD
LG