သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Iceland သမ္မတ ရာထူးမှ ယာယီသာ နှုတ်ထွက်ကြောင်း ထပ်ဆင့်ရှင်းလင်း


Iceland ဝန်ကြီးချုပ် Sigmundur David Gunnlaugsson က သူဟာ သတင်းတွေထဲ အရင်ဖော်ပြခဲ့သလို နှုတ်ထွက်တာမဟုတ်ဘဲ သူ့ပါတီက ဒုတိယအကြီးအကဲကို အချိန်အကန့်အသတ်မရှိ တာဝန်ထမ်းဆောင်ဖို့ပဲ အကြံပြုခဲ့တာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီကြေညာချက်ကို အင်္ဂါနေ့ ညနေပိုင်းမှာ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ Progressive ပါတီရဲ့ အကြီးအကဲအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေမှာ ဖြစ်ကြောင်း ဆက်ပြီး ဖော်ပြထားပါတယ်။

အင်္ဂါနေ့ အစောပိုင်းတုန်းကတော့ Gunnlaugsson ဟာ ဝန်ကြီးချုပ် အဖြစ်ကနေ နှုတ်ထွက်ခဲ့တယ်လို့ ဖော်ပြထားပြီး သူဟာ Panama Papers လို့ ခေါ်တဲ့ ပြည်ပမှာ လျှို့ဝှက် ဘဏ်စာရင်း ဖွင့်လှစ်ထားတဲ့ နိုင်ငံရေးသမားတွေ၊ ချမ်းသာကြွယ်ဝသူတွေ၊ ကျော်ကြားသူတွေ ပါဝင်တဲ့ စာရင်းတွေ ပေါက်ကြားထွက်လာပြီးနောက် ရိုက်ခတ်မှုကို ပထမဆုံး ခံစားခဲ့ရသူဖြစ်ပါတယ်။

ဝန်ကြီးချုပ် Gunnlaugsson ရဲ့ ဇနီးဟာ ဗြိတိသျှပိုင် Virgin ကျွန်းမှာ ကုမ္ပဏီတခုကို ပိုင်ဆိုင်နေပြီး ဒီကုမ္ပဏီက Iceland နိုင်ငံက ဒေဝါလီခံလိုက်ရတဲ့ ဘဏ်တွေကို ပေးစရာ ငွေ ဒေါ်လာ ၄ သန်းကျော်ရှိနေတယ်လို့ စာရင်းထဲမှာ ဖော်ပြထားပါတယ်။

ပနားမား ဥပဒေ အကျိုးဆောင် လုပ်ငန်းတခုရဲ့ ပံ့ပိုးမှုနဲ့ ကုမ္ပဏီ တခု ထူထောင်ခဲ့တာကို စာရွက်စာတန်း အထောက်အထားတွေမှာ တွေ့ခဲ့ရပြီးနောက် ဝန်ကြီးချုပ် နုတ်ထွက်ပေးရေး ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုနဲ့လည်း ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

Gunnlaugsson ကတော့ သူ့ဇနီးရဲ့ ဒီပြည်ပက ကုမ္ပဏီနဲ့ ပတ်သက်ပြီး Iceland မှာ ပေးဆောင်ရမယ့် အခွန်အခတွေ အားလုံး ပေးဆောင်ပြီး ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။ ဒါပေမဲ့ သူ့အတိုက်အခံတွေကတော့ ဒီဘဏ်တွေ ဒေဝါလီခံရတဲ့ ကိစ္စအတွက် အစိုးရပါဝင်ဖြေရှင်းရချိန်မှာ ဒီအထဲသူ့ဇနီးရဲ့ ကုမ္ပဏီပါဝင် ပါတ်သက်နေတာကို ထုတ်ဖော် ပြောဆိုသင့်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG