သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား လက်နက်တင်သင်္ဘော ပနားမားက ဖမ်းဆီး


Cuba နိုင်ငံဘက်က ပြန်လာပြီး Panama တူးမြောင်းကို ဖြတ်ဖို့ ကြိုးစားခဲ့တဲ့ မြောက်ကိုးရီးယား သဘောၤတစင်းပေါ်မှာ ဒုံးလက်နက်လို့ သံသယဖြစ်စရာရှိတဲ့ လက်နက်အစိတ်အပိုင်းတွေကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ Panama သမ္မတ က ပြောဆိုလိုက်ပါတယ်။

မူးယစ်ဆေးတွေ သယ်လာတယ်လို့ သံသယရှိတာကြောင့် တာဝန်ရှိသူတွေက သင်္ဘောကို ရပ်တန့်စစ်ဆေးတဲ့အခါ လက်နက်တွေကို တွေ့ခဲ့တယ်လို့ Panama သမ္မတ Ricardo Martinelli က တနင်္လာနေ့ နှောင်းပိုင်းက ပြောဆိုလိုက်တာပါ။

သင်္ဘောကိုစစ်ဆေးတဲ့အခါ ခေတ်မှီဆန်းပြားတဲ့ ဒုံးလက်နက်လို့ ယူဆရတဲ့ လက်နက်တွေကို တွေ့ရတယ်လို့ သူက ပြောပါတယ်။ ဘယ်လို စစ်လက်နက်မျိုး တွေ့တယ်။ ဘယ်လောက် အတိုင်းအတာအထိ တွေ့တယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို မပြောပေမဲ့ ကုန်တင်သေတ္တာတခုထဲမှာ တွေ့ရတဲ့ အစိမ်းရောင်ပြွန် ပုံသဏ္ဏာန် လက်နက်ကို သမ္မတ Ricardo က သူ့ရဲ့ Twitter လူမှု ဆက်သွယ်ရေး စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ဖို့အတွက် ပါလာတဲ့ သင်္ဘောသား ၃၅ ယောက်နဲ့အတူ သင်္ဘောကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး၊ သင်္ဘော ကပ္ပတိန်က ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့တယ်လို့ Panama ရုပ်မြင်သတင်းကိုလည်း နောက်ပိုင်းမှာ သမ္မတက သတင်းမီဒီယာကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

နျူကလီးယားနဲ့ ဒုံးလက်နက် အစီအစဉ်တွေကြောင့် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ အဆက်အဆံ နည်းလှတဲ့ အထီးကျန် မြောက်ကိုရီးယားဟာ ကွန်မြူနစ်နိုင်ငံဖြစ် တဲ့ Cuba နိုင်ငံနဲ့လည်း မဟာမိတ် ဆက်ဆံရေးမျိုး သိပ်မရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက နျူကလီးယားနဲ့ ထိပ်ဖူးတပ် ဒုံးလက်နက် ပညာတွေကို တခြားနိုင်ငံတွေက ဝယ်ယူခွင့် မရအောင် ကုလသမ္မဂက Sanction ချ အရေးယူ တားမြစ်ထားပါတယ်။ ဖေဖော်ဝါရီလက မြောက်ကိုရီးယားက တတိယအကြိမ် နျူကလီးယား စမ်းသတ်ချက်အပြီး ကုလသမ္မဂရဲ့ တားမြစ်ချက် ပိုပြီး တင်းကျပ်လာတာ ဖြစ်ပါတယ်။
XS
SM
MD
LG