သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပနားမား ငွေကြေးစနစ် ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးမည်


သမ္မတ Varela က ဗုဒ္ဓဟူးနေ့က ရုပ်မြင်သံကြားကနေ ထုတ်လွှင့် ကြေညာ။ (ဧပြီ ၆၊ ၂၀၁၆)
သမ္မတ Varela က ဗုဒ္ဓဟူးနေ့က ရုပ်မြင်သံကြားကနေ ထုတ်လွှင့် ကြေညာ။ (ဧပြီ ၆၊ ၂၀၁၆)

ကမ္ဘာတလွှား သြဇာကြီးသူတွေ၊ ကျော်ကြားသူတွေနဲ့ နိုင်ငံရေး သမားအများအပြားရဲ့ လျို့ဝှက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ဖွင့်ချလိုက်တဲ့ Panama Papers - ပနားမား စာရွက်စာတမ်း အရှုပ်တော်ပုံကြီး ပေါ်ပေါက်လာမှု အတွင်း ပနားမား နိုင်ငံ ရဲ့ ငွေကြေးဆိုင်ရာ လုပ်ပုံလုပ်နည်းတွေကို ပြန်လည် သုံးသပ်ဖို့ အတွက် အစိုးရက လွတ်လပ်တဲ့ ကော်မရှင်တခု ဖွဲ့စည်းမယ်လို့ သမ္မတ Juan Carlos Varela က ပြောဆိုလိုက်ပါတယ်။

နိုင်ငံရဲ့ လက်ရှိ လုပ်ကိုင်ပုံတွေကို လေ့လာသုံးသပ်ပြီး ဘဏ္ဍာရေးနဲ့ တရားဥပဒေရေးရာ စနစ်အတွင်း ပွင့်လင်းမြင်သာမှု ခိုင်မာစေရေး လုပ်ဆောင်ရမယ့် ကိစ္စတွေကို အဆိုပြုတင်ပြမယ့် ကော်မရှင်မှာ ပြည်တွင်း ပြည်ပ ကျွမ်းကျင်သူတွေ ပါဝင်မယ်လို့ သမ္မတ Varela က မနေ့ ဗုဒ္ဓဟူးနေ့က ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ ကြေညာချက်မှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဒီအကြံပြုချက်တွေကို ပနားမား နိုင်ငံက တခြားနိုင်ငံတွေနဲ့လည်း မျှဝေသွားမှာ ဖြစ်တာကြောင့် စီးပွားရေး ကဏ္ဍ အလုံးစုံ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးနိုင်ဖို့ အတွက် ပူးတွဲ ဆောင်ရွက် သွားနိုင်မှာ ဖြစ်တယ်လို့လည်း သမ္မတ Varela က ပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာဘဲ ပြင်သစ်နိုင်ငံက ပနားမား နိုင်ငံကို Grey List လို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ အခွန်နဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ နိုင်ငံများ စာရင်းထဲကို ထည့်သွင်းလိုက်ပြီး နိုင်ငံတကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးမှု ဆိုင်ရာ အဖွဲ့ကြီး OECD အနေနဲ့လည်း အလားတူ ဆောင်ရွက်ဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

Panma Papers တွေ ပေါက်ကြားထွက်လာမှုဟာဆိုရင် နိုင်ငံရဲ့ စီးပွားရေး ကဏ္ဍ အတွင်းမှာ လျို့လျို့ဝှက်ဝှက် လုပ်လို့ ရတယ်ဆိုတာကို ပြသနေတာ ဖြစ်တယ်လို့ OECD ရဲ့ အတွင်းရေးမှူး Angel Gurria က ပြောဆိုလိုက်ပြီး လူတွေ အနေနဲ့ ဥပဒေပိုင်း တာဝန်ရှိသူတွေ မသိအောင် သူတို့ငွေတွေ သိမ်းထားလို့ ရအောင် ခွင့်ပြုထားတဲ့ အဓိက နောက်ဆုံး နေရာ တခု ဖြစ်တယ်လို့လည်း သူက ပြောဆိုသွားပါတယ်။

အရှုပ်တော်ပုံတွေ ထွက်ပေါ်လာတဲ့ ပနားမား ဥပဒေ အကျိုးဆောင် လုပ်ငန်း Mossack Fonseca ကတော့ သူ့ရုံးကနေ ဒီသတင်းပတ် အတွင်း ပေါက်ကြား ထွက်လာတဲ့ ကမ္ဘာ့ သြဇာကြီးသူတွေ၊ သူကြွယ်တွေနဲ့ ကျော်ကြားသူတွေရဲ့ ပြည်ပ ဘဏ်စာရင်းတွေ အကြောင်း ဖော်ပြထားတဲ့ စာရွက်စာတမ်းပေါင်း ၁၁ သန်းခွဲဟာ အင်တာနက် ဖောက်ထွင်းသူ ဟက်ကာတွေရဲ့ ဖောက်ထွင်းခိုးယူမှု ခံခဲ့ရတာ ဖြစ်ပြီး လုပ်ငန်းကြီးရဲ့ အတွင်းစည်းကနေ ပေါက်ကြားထွက်လာတာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

XS
SM
MD
LG