သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲရစ်တိုက်ခိုက်မှု သံသယရှိသူ ပြင်သစ်ကိုလွှဲမည်


Salah Abdeslam
Salah Abdeslam

မနှစ် နိုဝင်ဘာလတုန်းက လူပေါင်း ၁၃၀ သေဆုံးခဲ့ရတဲ့ ပဲရစ်မြို့ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သူအဖြစ် အဓိက မသင်္ကာရသူဟာ ဘောလုံးကွင်းအပြင်မှာ သူ့ကိုယ်သူ အသေခံဗုံးခွဲ တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ စိတ်ပြောင်းသွားခဲ့တယ်လို့ ပြင်သစ် အစိုးရရှေ့နေက ပြောပါတယ်။
Salah Abdeslam ကို Brussels မြို့ ဆေးရုံက ပေးဆင်းလိုက်ပြီးတဲ့နောက် စနေနေ့က အကျဉ်းထောင်ကို ခေါ်ဆောင်သွားပြီ ဖြစ်ပါတယ်။ သူနဲ့ မသင်္ကာရသူ အပေါင်းပါ နောက်တဦးတို့ရှိရာကို Belgium ရဲတပ်ဖွဲ့က ဝင်ရောက် စီးနှင်းစဉ် ၂ ဦးစလုံး ထိခိုက်ဒဏ်ရာရသွားပြီး နောက်တနေ့မှာ အခုလို အကျဉ်းထောင်ကို ပို့လိုက်တာ ဖြစ်ပါတယ်။

ဘောလုံးကွင်းအပြင်မှာ သူ့ကိုယ်သူ အသေခံ ဖောက်ခွဲမယ့် အစီအစဉ်ကို ဖျက်လိုက်တယ်ဆိုတဲ့ Abdeslam ရဲ့ ထွက်ဆိုမှုကို သတိထားပြီး လက်ခံရမယ်လို့ ပြင်သစ်အစိုးရရှေ့နေ Francois Molins က ပြောပါတယ်။ ပဲရစ်မြို့က တိုက်ခိုက်ခြင်းမခံရတဲ့ နေရာတွေမှာ Abdeslam ကို တွေ့ခဲ့ရတယ်လို့လည်း အစိုးရရှေ့နေက ပြောပါတယ်။
အဲဒီ မသင်္ကာခံရသူ Salah Abdeslam ရဲ့ ရှေ့နေ Sven Mary ကတော့ သူ့ရဲ့ အမှုသည်ဟာ Belgium ရဲတပ်ဖွဲ့နဲ့ လိုက်လျော ဆောင်ရွက်ပေးမှာ ဖြစ်ပေမဲ့ ပြင်သစ်နိုင်ငံကို ပြည်နှင်ဒဏ်ပေးမယ့်ကိစ္စကို ဆန့်ကျင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
Interpol - နိုင်ငံတကာ ရဲတပ်ဖွဲ့ကလည်း Abdeslam ရဲ့ အပေါင်းပါတွေ ဥရောပတိုက်ထဲက ထွက်ပြေးဖို့ ကြိုးစားနိုင်ခြေရှိတာကြောင့် အစိုးရတွေအနေနဲ့ နယ်ခြားဒေသတွေကို အထူးသတိထား စောင့်ကြည့်ကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG