သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျိုးစောင့်ဥပဒေပြဌာန်းဖို့ သမ္မတနှင့် လွှတ်တော်အကြား အပြန်အလှန် တာဝန်လွှဲ


ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း
ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်း
အမျိုးစောင့်ဥပဒေတွေ ပြဌာန်းနိုင်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေ တဆင့် ဥပဒေကြမ်းကို တင်ပြဆောင်ရွက်သွားပါလို့ ပြည်ထောင်စု လွှတ်တော်နာယက က သမ္မတထံကို ဒီကနေ့မှာ သဝဏ်လွှာ ပြန်ပို့ခဲ့တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေ က ပြောပါတယ်။ မျိုးစောင့် ဥပဒေ လေး ခု နဲ့ ပတ်သက်ပြီးတော့ ဆန်းစစ်နိုင်ဖို့အတွက် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယကထံ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က သဝဏ်လွှာပေးပို့ခဲ့ တာကို ဒီကနေ့ အကြောင်းပြန်လိုက်တာဖြစ်ပါတယ်။ အပြည့်အစုံ ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

အမျိုးဘာသာကို စောင့်ရှောက်ဖို့ဖြစ်တဲ့ ဥပဒေတွေ ပြဌာန်းနိုင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံ အတွင်းမှာ ပြဌာန်းဖို့ လိုမလို ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်နိုင်ဖို့ အသိပေးအကြောင်းကြားခဲ့တာကို ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ဒီကနေ့မှာ ပြန်လည်အကြောင်းပြန်ခဲ့တာပါ။ ပြည်ထောင်စု လွှတ်တော်မှာ သမ္မတ ပေးပို့လာတဲ့ ပြဌာန်းရေးကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတဆီ သဝဏ်လွှာ ပြန်လည် ပေးပို့ခဲ့တာဖြစ်ပါတယ်။

အမျိုးဘာသာ သာသနာဆိုင်ရာ ဥပဒေလေးရပ် ဖြစ်တဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနဲ့ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတွေကို သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနတွေက တစ်ဆင့် ဥပဒေကြမ်းအဖြစ်နဲ့ ပြည်ထောင်စု လွှတ်တော်ကို တင်ပြဖို့ သမ္မတဆီ အကြောင်းပြန်ခဲ့တာလို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကပြောပါတယ်။

"ဒီဥပဒေလေးခုကို လွှတ်တော်က ရေးဆွဲပါ ဆိုပြီးတော့ သာသနာ ဆရာတော်တွေနဲ့ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ နိုင်ငံသားတွေ ဆယ့်သုံးသိန်း နဲ့ သုံးသောင်း ငါးထောင် ခြောက်ရာ က လက်မှတ်ရေးထိုးပြီးတော့ တင်ပြချက် အပေါ်မှာ ပြည်ထောင်စုလွှတ်တော်ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင်ရန် တိုက်တွန်းပြီးတော့ အဲဒီ ဥပဒေ လေးခုကို ပို့တာပေါ့။

ဒီမှာလည်း ပြည်ထောင်စုလွှတ်တော် နာယက က သမ္မတကြီးဆီကို ပြန်ပြီးတော့ သဝဏ်လွှာထုတ်ပြီးတော့ ပြန်ပေးပါတယ်။ အဲဒါကတော့ ဒီဥပဒေ လေးခုဟာ ဥပမာ ကိုးကွယ်မှုဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ ဆိုရင် သာသနာရေး ဝန်ကြီးဌာနနဲ့ ဆိုင်တယ်။ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ဆိုရင် ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံး ထို့အတူပဲ တစ်လင် တစ်မယား စနစ်ဟာလည်းပဲ ဒီ ပြည်ထောင်စု တရား လွှတ်တော်ချုပ်ရုံးနဲ့ ဆိုင်တယ်။ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေကျတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ဆိုင်တယ်။

ဒီဝန်ကြီးဌာနတွေအပြင် လူ့အခွင့်အရေးနဲ့ ပါတ်သက်တဲ့ လူ့အခွင့်အရေးကော်မရှင်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပြည်ထဲရေးဝန်ကြီး
ဌာနတို့က ဒါကို ယှက်နွှယ်ပေါင်းစပ်ပြီးတော့ အစိုးရအဖွဲ့ရဲ့ စီစစ်ချက်နဲ့ တင်ပြပေးပါ။ ဥပဒေကို ဌာနဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ဒီဥပဒေလေးခုကို ပြန်ရေးဆွဲပြီးတော့ ပြည်ထောင်စု
လွှတ်တော် ကို ပြန်တင်ပေးပါ ဆိုပြီးတော့ ဒီနေ့ သဝဏ်လွှာပို့ပြီးတော့ သမ္မတကြီးဆီက သဝဏ်လွှာပို့ပြီးတော့ နာယကကြီးဆီက ပြန်ပြီး အကြောင်းပြန်ပါတယ်။ ဒါကို လွှတ်တော်ကိုယ်စားလှယ်တွေကို အကုန်လုံး ဝေငှပေးပါတယ်ခင်ဗျ"

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်သြဝါဒစရိယ ဘဒ္ဒ န္တ တိလောကာဘိဝံသက ပြည်သူ့လက်မှတ် တစ်သန်းကျော်နဲ့ လက်မှတ်ထိုး ပေးပို့ထားတဲ့ ဥပဒေ လေးရပ်ကို ဥပဒေ ပြဌာန်းပေးဖို့ နိုင်ငံတော် သမ္မတထံကို ၂၀၁၃ ဇူလိုင်လ တုန်းက တင်ပြထားတာပါ။ အဲ့ဒီလို တင်ပြလာတာကို သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော် နာယက ဆီကို သဝဏ်လွှာပို့ပြီး ဥပဒေအဖြစ် ပြဌာန်းဖို့လိုမလို သဝဏ်လွှာ ပေးပို့ ပြီး ဆန်းစစ် ခိုင်းခဲ့သလို ဒီကနေ့မှာတော့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက ဒီကိစ္စဟာ ဝန်ကြီးဌာနတွေ က ဆောင်ရွက်ရမယ့် ကိစ္စ ဖြစ်တယ်လို့ သမ္မတဆီ ပြန်ပို့တာဟာ လွှတ်တော် နဲ့ အစိုးရ အကြား တစ်ဖက်နဲ့ တစ်ဖက် လွှဲချနေတဲ့ သဘောများ ရှိနေသလား ဆိုတဲ့ ဗွီအိုအေ ရဲ့ အမေးကို ဦးဖေသန်း က အခု လို ဖြေပါတယ်။

"ဟုတ်ပါတယ် ဒါပေမဲ့ တစ်ဖက်က ကြည့်ပြန်တော့လည်း ကျနော်တို့ ဒါက ပြည်ထောင်စု လွှတ်တော်က ရေးဆွဲဖို့ သမ္မတက တိုက်တွန်းတယ်ဆိုပေမဲ့ ဒါဟာ တကယ့်ဘာသာရေးအရရော လူမှုရေးအရရော အတိမ်းအစောင်း မခံနိုင်တဲ့ သိမ်မွေ့တဲ့ ဥပဒေတွေ ဖြစ်နေတော့ အဲဒီကိစ္စအပေါ်မှာ ကျနော်တို့ လွှတ်တော်က ရေးဆွဲမယ်ဆိုရင် အကြောင်းအရာတွေ ကွဲလွဲမှုတွေဖြစ် လာနိုင်တယ်။"

မူလက မျိုးစောင့် ဥပဒေ တင်သွင်းဖို့တာဝန်ယူထားတဲ့ NDF ပါတီ ရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကတော့ မျိုးစောင့် ဥပဒေတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက တင်လာဖို့ ကြိုးစားတာကြောင့် သူမ အနေနဲ့ အခု လွှတ်တော် အစည်းအဝေးအတွင်းမှာ တင်ပြမယ့် သဘော မရှိတော့ဘူးလို့ ဗွီအိုအေ အခုလို စဖြေပါတယ်။

"အဲ့ဒါကတော့ ဒီလိုလာတယ် အန်တီပြောပြမယ်။ တကယ်လို့ သက်ဆိုင်ရာ ကနေပြီးတော့ လာတဲ့ အခါကျတော့ ဒီဥပဒေကို အမျိုးသားလွှတ်တော် ကနေပြီးတော့ စပြီး ဆွေးနွေးမလား။ ဒါမှမဟုတ်လို့ရှိရင် ပြည်သူ့လွှတ်တော်က စ ဆွေးနွေးမလား။ ကြိုက်တဲ့ သူတို့ပို့လိုက်တဲ့ဖက်ကနေ စဆွေးနွေးရမယ်လေ။ စ-ဆွေးနွေးတဲ့အခါကျတော့ ဒီဟာနဲ့ပါတ်သက်ပြီး အန်တီက အခု တင်မယ်ပြောထားတယ်။ သို့သော်လည်းပဲ ဝန်ကြီးဌာနတွေ အကုန်လုံးကို ခွဲပြီးတော့ ဒါကတော့ စနစ်တကျ ရှိတာပေါ့နော်။ စနစ်တကျ အကုန်ခွဲပေးလိုက်ပြီ ဆိုတဲ့အခါကျတော့ တစ်ခါထပ်ပြီး အန်တီတို့ ဘယ်ဟာကို အာရုံ ကျသလဲ ဥပမာ လက်ထပ်ထိမ်းမြားခြင်းကိုလား။ တလင်တမယား စနစ်ကိုလား။ ဒါမှမဟုတ် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းကိုလား။ လူဦးရေတိုးပွားနှုန်းကိုလား။ သူက တစ်ဌာန နဲ့ တစ်ဌာန မတူဘူးလေ။ ထွက်လာမှာက။ ထွက်လာမှာ မတူတဲ့အတွက် ကိုယ်နှစ်သက်ရာကို တကယ်ရွေးပြီးတဲ့အခါကျတော့ ကန့်ကွက်မယ်ဆိုရင်လည်း Reasonable ကျကျ ထောက်ခံမယ်ဆိုရင်လည်း အချက်အလက် ခိုင်ခိုင်လုံလုံနဲ့ သူက အဲလိုဆိုတော့ အန်တီတို့က ပိုပြီးတော့ လုပ်လို့ကိုင်လို့ကောင်းတယ်ဆိုပြီးတော့ ဆိုတဲ့သဘောရှိတာပေါ့နော်"

မေး ။ ။ အန်တီ မူလက တင်ဖို့လုပ်ထားတဲ့ မျိုးစောင့် ဥပဒေနဲ့ အခု မျိုးစောင့်ဥပဒေကေ ကွာခြားမှု ရှိလားခင်ဗျ။

"ဟိုမှာလည်း ပါတာတော့ပါတယ်။ နဂိုပေးထားပြီးသားလည်း ပါတာတော့ ပါတယ်။ သို့သော်လည်း အဲဒါတွေကို သူက ပြန်ပြီးတော့ အချောကိုင်မှာပေါ့နော်။ အဲ့သဘောမျိုးပေါ့"

မေး ။ ။ မူလ က ဒီမျိုးစောင့် ဥပဒေတွေကို တင်ဖို့လုပ်တုန်းက ဝေဖန် မှုတွေ ခံခဲ့ရတယ်လို့ သိရပါတယ်။ အခု အခြေအနေမှာ ဝန်ကြီးဌာနတွေက တစ်ဆင့် သာ တင်ဖို့ နာယက ကလည်း ဆုံးဖြတ်လိုက်ပြီဆိုတော့ အန်တီ ဘာပြောချင်လဲ။

"အန်တီ တစ်ယောက်တည်းအနေနဲ့ အဲ့တာ လုပ်မယ်ဆိုတော့ အန်တီ့ကို နိုင်ငံရေးလုပ်စားတယ် စွတ်စွဲတယ်။ နောက်တစ်ခါ ပါတီတစ်ခုရဲ့ ကြိုးဆွဲရာ က- တယ် စွတ်စွဲတယ်။ စသဖြင့်ပေါ့ စွပ်စွဲချက်တွေက အများကြီးပဲ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေလေ။ အခုလိုဆိုတော့ အရမ်းကို ကောင်းသွားတယ်။ အန်တီအတွက်လည်း အင်မတန်ကို ကောင်းသွားတယ်။ အန်တီကတော့ ကျရာပဲလေ။ အဆိုပဲတင်ရတင်ရ ထောက်ခံပဲထောက်ခံရ ဝေဖန်သုံးသပ်ရ သုံးသပ်ရ ဒါကတော့ အန်တီတို့က ကျလာတဲ့ တာဝန်ကို မလွဲမသွေ တာဝန်ကို ကိုယ်တတ်နိုင်တဲ့ဘက်ကလုပ်မှာလေ"

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကနေ ပဲ ၂၀၁၃ ခုနှစ်တုန်းက အမျိုးဘာသာ ကို စောင့်ရှောက်တဲ့ ဥပဒေတွေ ပြဌာန်းနိုင်ဖို့ ဆိုပြီးတော့ ပြည်သူထောက်ခံမှု ရှိတယ်ဆိုတာ ပြသနိုင်မယ့် ထောက်ခံ လက်မှတ်တွေကို ကောက်ခံမှုတွေ မြန်မာနိုင်ငံဒေသအနှံ့ အတော်များများ မှာ ကောက်ယူခဲ့ကြတာပါ။
XS
SM
MD
LG