သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေးမှာ စီးပွားရေးသော့ချက်ကျဟု ဦးရွှေမန်းဆို


မွေးမြူရေးလုပ်ငန်းရှင်များနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတွေ့ဆုံပွဲ။ (ဓာတ်ပုံ အောင်ရဲမောင်မောင်)။ စက်တင်ဘာ ၈၊ ၂၀၁၃။
မွေးမြူရေးလုပ်ငန်းရှင်များနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတွေ့ဆုံပွဲ။ (ဓာတ်ပုံ အောင်ရဲမောင်မောင်)။ စက်တင်ဘာ ၈၊ ၂၀၁၃။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ နိုင်ငံရေးသက်သက် ပြုပြင်ပြောင်းလဲမှုလုပ်ရုံနဲ့ မလုံလောက်သလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအရ ဟန်ချက်ညီညီ ပြောင်းလဲနိုင်ဖို့ လိုအပ်တယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မွေးမြူရေး လုပ်ငန်းရှင်တွေနဲ့ ဒီကနေ့ တွေ့ဆုံပွဲမှာ ပြောလိုက်ပါတယ်။
သားငါးနဲ့မွေးမြူရေးလုပ်ငန်းက စီးပွားရေးသမားအချို့နဲ့ သူရ ဦးရွှေမန်းနဲ့တွေ့ဆုံချိန်မှာ အဘက်ဘက်က အားနည်းနေတဲ့ ပြည်တွင်းက အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ အခြေအနေကို တင်ပြကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်မြို့၊ အင်းစိန် ကြို့ကုန်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ တက်ရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေမှာ စီးပွားရေးသမားတွေရဲ့ အပြုသဘောဆောင်ပြီး တင်ပြချက်တွေကလည်း အရေးကြီးတယ်လို့ သူရဦးရွှေမန်း သားငါးကဏ္ဍက မွေးမြူထုတ်လုပ်သူတွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။
အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တစ်ခုတည်းနဲ့ မလုပ်လောက်ဘဲ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်နိုင်ဖို့လည်း အရေးကြီးတယ်လို့ သူရဦးရွှေမန်းကပြောပါတယ်။

“ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအရှိန်ဟာ ပိုပြီးတော့ မြင့်မားပြီး နိုင်ငံတော်နဲ့နိုင်ငံသား အကျိုးစီးပွားဖြစ်ထွန်း တိုးတက်စေမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံရေးသက်သက်တစ်ခုတည်းနဲ့ ထားလို့ မရတော့ဘူး။ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ လူမှုရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို တချိန်တည်း တပြိုင်တည်း ဟန်ချက်ညီညီဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ တစ်ခုပြီးမှတစ်ခု ဆောင်ရွက်လို့ မရနိုင်တဲ့ ပြုပြင်ပြောင်းလဲရေးမှာ အဓိကကျတဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုက အင်မတန်မှ အဓိကကျတဲ့ သော့ချက်ကျတဲ့အတွက် ဒီကနေ့ တွေ့ဆုံဆွေးနွေးများဟာ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ပိုပြီးတော့ အကျိုးသက်ရောက်စေမယ်လို့ မျှော်လင့်ထားပါတယ်။”
လွှတ်တော်အနေနဲ့ ဥပဒေတွေကို ပြဌာန်းတဲ့နေရာမှာ နိုင်ငံတကာမှာ ရှိနေတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိဖို့နဲ့ ပြည်သူတွေအတွက် လက်တွေ့ကျပြီး အမှန်တကယ် လိုက်နာနိုင်တဲ့ ဥပဒေမျိုးတွေဖြစ်ဖို့လည်းလို့တယ်လို့လည်း သူရဦးရွှေမန်းက ပြောပါတယ်။

ပြည်သူတွေအတွက် ဥပဒေပြဌာန်းတဲ့ ဥပဒေတွေဟာ အစိုးရအဖွဲ့အတွက် အုပ်ချုပ်ရေးအတွက် ဥပဒေပြုရေးအတွက် ပြဌာန်းတဲ့ဥပဒေမျိုးတွေမဖြစ်ရဘဲ ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်မဲ့ ဥပဒေမျိုးတွေဖြစ်ဖို့ လိုအပ်ပါတယ်လို့ သူရဦးရွှေမန်းက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပြည်ထောင်စုလွှတ်တော်ကနေပြီး တောင်သူလယ်သမားများ၏ အကျိုးစီးပွားကာကွယ် မြှင့်တင်ရေး ဥပဒေနဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ရပ်ကိုလည်း ပြဌာန်းဖို့ ကြိုးစားခဲ့ပြီး ဖြစ်တယ်လို့လည်း သူရဦးရွှေမန်းက ပြောပါတယ်။
သူရဦးရွှေမန်းနဲ့တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ သားငါးနဲ့မွေးမြူထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေ ဘုရင့်နောင် ကုန်စည်ဒိုင်က စီးပွားရေးလုပ်ငန်းရှင်တွေလည်း တက်ရောက်လာကြတာပါ။

မွေးမြူရေးကဏ္ဍမှာ အစားတောင့် ထုတ်လုပ်မှု အားနည်းမှုတွေ ရှိနေတဲ့အတွက် ထွက်ရှိလာတဲ့ ကုန်ပစ္စည်းပိုင်းတွေမှာလည်း အခက်အခဲတွေ ရှိနေသလို ပြည်တွင်းက အစာတောင့်လုပ်တဲ့ ကုန်ကြမ်းတွေကလည်း ပြည်ပကို ထွက်ရှိနေတဲ့အတွက် မွေးမြူရေးလုပ်ငန်းရဲ့ အစာတောင့်ပြဿနာကို ဖြေရှင်းဖို့လိုတယ်လို့ မေးမြူထုတ်လုပ်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါက်တာမြဟန်က ပြောပါတယ်။

“ဒီမွေးမြူရေး လုပ်ငန်းအတွက် အစာတောင့်ထုတ်လုပ်တဲ့နေရာမှာ လိုအပ်ချက်တွေ ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် တစ်နှစ်ကို အစားထုတ်လုပ်မှုဟာ တစ်နှစ်ကို တန် ၁၆ သန်းလောက်ရှိပါတယ်။ ဗီယက်နမ်မှဆိုရင် ၁၁ သန်းလောက်ရှိပါတယ်။ မြန်မာနိုင်ငံမှာပ ၁ သန်းလောက်ပဲ ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ မွေးမြူရေးနဲ့ ပတ်သက်တဲ့ အစာတောင့် ထုတ်လုပ်မှုမှာ အတော်လေးကြိုးစားကြရအုန်းမှာ ဖြစ်ပါတယ်။ တစ်ဘက်မှာလည်း ကျနော်တို့ အစာနဲ့ပတ်သက်ပြီး ကုန်ကြမ်းတွေကို ပြညပကိုပို့ဆောင်တာ အထူးသဖြင့် နယ်စပ်တွေကနေ အစာကုန်ကြမ်းတွေ ထွက်ရှိတာကြောင့် မွေးမြူရေးလုပ်ငန်းရှင်တွေအနေနဲ့ အစာဈေးနှုန်းကြီးမြင့်ခြင်းတွေနဲ့ ကြုံနေရပါတယ်။”

အသေးစားနဲ့အလတ်စား လုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်းကဘဏ်တွေမှာ ငွေချေးယူဖို့ အခက်အခဲတွေ ရှိနေပြီးတော့ အထူးသဖြင့် မွေးမြူရေး လုပ်ငန်းတွေအနေနဲ့ ဘဏ်တွေက ငွေချေးလို့မရတဲ့အတွက် လုပ်ငန်းရှင်တွေဘက်မှာ အခက်အခဲ ရှိတယ်လို့လည်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

“ကျနော်လုပ်ငန်းတွေရဲ့ လိုအပ်တဲ့ ငွေကြေးပမာဏကို ဘဏ်စနစ်က ကောင်းကောင်း မပံ့ပိုးပေးနိုင်တဲ့ သဘောမှာ ရှိပါတယ်။ ဘဏ်စနစ်နဲ့ချေးတဲ့အခါမှာ ကန်ကို အပေါင်ပစ္စည်းနဲ့ ချေးလို့မရဘူးလို့ ဗဟိုဘဏ်ကပြောထားတဲ့အတွက် ကျနော်တို့ဘဏ်တွေမှာ ငွေချေးယူလို့မရပါဘူး။ အရင်မွေးရေးဘဏ်တောင် တစ်ဧက ကို ၃ သိန်းလောက်ပဲပေးပါတယ်။”

လက်ရှိအချိန်မှာ မွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် မွေးမြူရေးနဲ့ပတ်သက်တဲ့ ဥပဒေတွေ တိတိကျကျ မရှိသေးတဲ့အတွက် လုပ်ငန်းလုပ်ကိုင်ရတဲ့ သူတွေအနေနဲ့ အခက်အခဲတွေ အများကြီး ရှိတယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်ခင်ဗျာ။
XS
SM
MD
LG