သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သပိတ်မှောက် ကျောင်းသားများ လွှတ်တော် ဥပဒေကြမ်း ကော်မတီနဲ့ တွေ့ဆုံ


လွှတ်တော်၊ နေပြည်တော်။
လွှတ်တော်၊ နေပြည်တော်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ချက် မူကြမ်း အတည်ပြုနိုင်ရေး ကြန့် ကြာနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော် အခြေအနေကို သိရှိလိုတဲ့အတွက် အမျိုသား ပညာရေး ဥပဒေကို ကန့်ကွက် သပိတ်မှောက်နေတဲ့ ပင်မသပိတ် စစ်ကြောင်း က ကျောင်းသား၉ဦးနဲ့ ပြည်သူလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌတို့ တွေဆုံခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ချက် မူကြမ်း အတည်ပြုနိုင်ရေးကြန့်ကြာနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ လွှတ်တော်အတွင်း လုပ်ထုံးလုပ်နည်းတွေကို လေ့လာနိုင်ဖို့ အတွက် မန္တလေးကနေ ရန်ကုန်အထိ ခရီးရှည်ချီတက် သပိတ်မှောက်နေတဲ့ စစ်ကြောင်းက ကျောင်းသားတွေက စတင်ကမ်းလှမ်းခဲ့တာလို့ ဆိုပါတယ်။

ကမ်းလှမ်းစဉ်က ပြည်သူလွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်တဲ့ ဦးခင်မောင်ရည် ကနေကတဆင့် စတင် ကမ်းလှမ်းခဲ့ပြီးနောက် ပြည်သူလွှတ်တော် နာယက ဦးရွှေမန်းနဲ့တွေ့ဆုံမယ်ဆိုပြီး ပြောဆိုခဲ့ကြတာလို့ ဆိုပါတယ်။ ဒီကနေ့တွေ့ဆုံစဉ် မှာတော့ ဦးရွှေမန်းက မအားလို့ မတွေ့ဆုံနိုင် ခဲ့ကြောင်း ပြန်လည်ပြောဆိုခဲ့တယ်လို့ ပင်မ သပိတ်စစ်ကြောင်းက တာဝန်ခံ ကိုသီဟ ဝင်းတင်က ဆိုပါတယ်။

" ဦးရွှေမန်းနဲ့ ကျနော်တို့ တွေ့ဖို့ စပြီးတော့ စီစဉ်ထားတယ်။ ဦးရွှေမန်းက ကျနော်တို့ ဒီကျောင်းသားတွေ ရောက်လာတဲ့ အနေအထားမျိုးမှာ သူမအားဘူးဆိုတဲ့ ပုံစံပြောတယ်။ ပထမက သူကိုယ်တိုင်စီစဉ်ထားပြီး ကျနော်တို့တွေ့ဖို့ စီစဉ်ထားပြီး သူကိုယ်တိုင် ကတိပေးပြီးတော့မှ ရောက်လာတဲ့အချိန်ကျမှ မအားဘူးဆိုတဲ့ ပုံစံပြောတယ်။ ပြီးတော့ ဥပဒေကြမ်း ကော်မတီနဲ့ပဲ တွေ့ပါဆိုပြီးတော့ ပြောတယ်။ ဒါ အစိုးရအဖွဲ့ရဲ့ အကြီးပိုင်း လွှတ်တော်ရဲ့နာယကကြီး တယောက် ကနေပြီးတော့ ပေးထားတဲ့ ကတိကို လွယ်လွယ်ကူကူဖျက်သွားတာတော့ စိတ်မကောင်းဘူး။ ရှက်စရာတော်တော်ကောင်းတယ်ပေါ့။"

ပြီးခဲ့တဲ့ရက်က တော့ ကျောင်းသားတွေပါဝင်တဲ့ လေးပွင့်ဆိုင်ဆွေးနွေးရေးကနေ တင်ပြထားတဲ့ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ချက်မူကြမ်းကို လွတ်တော်မှာ ကြားနာဖို့အတွက် မတ်လ ၅ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ ကျောင်းသားတွေ ကတော့ ဖေဖေါ်ဝါရီလ ၂၈ရက်နေ့ နောက်ဆုံးထားပြီး အမျိုသားပညာရေး ဥပဒေပြင်ဆင်ချက် မူကြမ်းကို လွှတ်တော်မှာ အတည်ပြုပေးဖို့ တောင်းဆို ထားတာပါ။

ဒီအခြေအနေအတွင်း ကြန့်ကြာမူတွေ ရှိနေတာကြောင့်ဆိုပြီး ကျောင်းသားတွေက လွှတ်တော်တွင်းက လုပ်ထုံးလုပ်နည်း အဆင့်ဆင့် အခြေအနေတွေကို လေ့လာဖို့ အတွက် စတင်ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ ကိုသီဟဝင်းတင်က ဆိုပါတယ်။

" အဓိက က ကျနော်တို့က အဲ့တာကို ဘာကိုတောင်းတာလဲဆိုတော့ ဒီဥပဒေမူကြမ်းကို ဒီလောက်ကြာနေရအောင် ဘာဖြစ်တာတုန်း။ ဒီဥပဒေမူကြမ်းရဲ့ Process က ဘယ်လိုရှိလဲဆိုတာ ကျနော်တို့က ဒီလွှတ်တော်ကို ကျနော်တို့ ကြည့်မှ ကျနော်တို့ သိနိုင်မယ်ပေါ့နော်။ အိုကေ ဟုတ်ပြီ။ ခင်ဗျားတို့အနေနဲ့ ဘာကြောင့် ဒီလောက်ကြာသလဲဆိုတာ သိဖို့အတွက် ကျနော်တို့ဘက်က စပြီး ကမ်းလှမ်းတာ။"

ပြည်ထောင်စုလွှတ်တော်ရုံးက သတင်းထုတ်ပြန်ချက်ထဲမှာတော့ သပိတ်စစ်ကြောင်း က ကျောင်းသားတွေကို ပြည်သူလွှတ်တော်မူကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဦးဆောင်ပြိး လက်ခံတွေ့ဆုံခဲ့ကြောင်း ဥပဒေပြုရေးနဲ့ လုပ်ထုံးလုပ်နည်းတွေကို ရှင်းပြပေးခဲ့ကြောင်း ရေးသားထားပါတယ် ။

ကျောင်းသားတွေဘက်ကတော့ သူတိုလေ့လာတွေ့ရှိချက် ရရှိချက်တွေကို မကြာခင်မှာ သတင်း ထုတ်ပြန်သွားမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ အမျိုးသား ပညာရေး ဥပဒေကို နိုဝင်ဘာလမှာ လုပ်ခဲ့တဲ့နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားထု အစည်းအဝေးကနေ သပိတ်မှောက်ခဲ့ပြီး နောက် ရက်ပေါင်း၆၀ အတွင်း အစိုးရ ကဖြေရှင်းပေးဖို့တောင်းဆိုခဲံပါတယ်။ ရက်၆၀အလွန်မှာ ခရီးရှည်ချီတက်မူကို စတင်တော့မှာ ဖြစ်ကြောင်းကျောင်းသားတွေက ပြောဆိုခဲ့ချိန် မှာတော့ နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်အနေနဲ့ အမျိုသားပညာရေး ဥပဒေကို ပြန်လည် သုံးသပ်ဖို့အတွက် အပြန်အလှန်သဝဏ်လွှာတွေ ပေးခဲ့ပါတယ်။

ဒီနောက်မှာတော့ ကျောင်းသားလှုပ်ရှားမူတွေက အရှိန်ရလာပြီး ခရီးရှည် ချီတက်မူတွေ တက္ကသိုလ် တချို့က ကျောင်းသားတွေက အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်မူတွေ နိုင်ငံတဝှမ်းမှာ ဖြစ်ပေါ်လာခဲ့ပြီး နောက် အစိုးရလွှတ်တော် နဲ့ ကျောင်းသားကော်မတီ၊ NNER လို့ခေါ်တဲ့ ပညာရေး ကွန်ယက်တို့ စုပေါင်းပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ပြင်ဆင်ချက် မူကြမ်းကို ရေးဆွဲခဲ့ တာဖြစ်ပါတယ်။

ဒီနေ့မှာပဲ ကျောက်ဆည်၊ တောင်သာ အပါအဝင် မြို့နယ်တချို့က လမ်းမပေါ် နဲ့ကျောင်းတွေ မှာတော့ ကျောင်းသားသပိတ်တွေကို တန်ပြန် သပိတ်ပုံစံမျိုးနဲ့ ဒီမိုကရေစီ ရှင်သန်ရေးအတွက် ဆိုကာ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ကို လိုလားကြောင်း ဆန္ဒထုတ်ဖော်ပွဲများ ကို ပြည်ခိုင်ဖြိုး ပါတီဝင်များ က ပြုလုပ်ခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

XS
SM
MD
LG