သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီ စည်းရုံးရေး ဆိုင်းဘုတ် ဖျက်ဆီးခံ ရမှုများရှိ


အတိုက်အခံပါတီ NLD စည်းရုံးရေးလှုပ်ရှားမှုများ။
အတိုက်အခံပါတီ NLD စည်းရုံးရေးလှုပ်ရှားမှုများ။

လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရေးတွေကို လုပ်နေချိန်မှာ နိုင်ငံရေး ပါတီတွေရဲ့ ဆိုင်းဘုတ်တွေကို ဖျက်ဆီးခံရတာတွေ အပါအဝင် အနှောက်အယှက်ပေးတာတွေလည်း ဖြစ်လာနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ ၊ နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုတွေဟာလည်း အရှိန်မြင့်လာနေသလို၊ တချိန်တည်း မှာပဲ နိုင်ငံရေးပါတီ တချို့ရဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာ အပါအဝင် မဲဆွယ်စည်းရုံးရေး လုပ်နေစဉ်အတွင်း အနှောင့်အယှက်ပေးတာတွေ ခြိမ်းခြောက် ရန်ပြုတာတွေကိုပါ ရင်ဆိုင်လာနေရပါတယ်။

နိုင်ငံရေးပါတီတွေဘက်က သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်တန်းတဲ့ အခါမှာလည်း ရဲအရေးပိုင်မှု နဲ့ ကော်မရှင်က ကိုင်တွယ်ဆောင်ရွက်နိုင် တဲ့ အမှု ၂ မျိုးရှိကြောင်း ၊ ပါတီတွေရဲ့ တိုင်ကြားမှု အများစုဟာ ရဲအရေးပိုင်မှုဖြစ်တယ် ဆိုပြီး ကော်မရှင်ဘက်က ပြောပါတယ်။

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကလည်း သူတို့ရင်ဆိုင်နေရတဲ့ အနှောက်အယှက်တွေနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ ဘက်ပေါင်းစုံက ဆောင်ရွက်နေ တယ် လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

"ကျနော်တို့ ဥပဒေနဲ့အညီ အကုန်ဆောင်ရွက်တယ်။ ကျနော်တို့ ရဲကို တိုင်ထားတယ်။ အခုအချိန်ကို ၄၊ ၅ ၊ ၁၀ ခုလောက်ရှိနေပြီ။ ဒါပေမဲ့ သူ့ Process က ဘယ်အဆင့်ကို ရောက်လို့ ဘာဆက်ဖြစ်မယ်ဆိုတာတော့ နောက်ဆုံး သတင်း ကျနော် မပြောနိုင်ဘူး။ သို့သော် ကျနော်တို့က ရဲနဲ့ဆိုင်တဲ့ဟာ၊ ရဲအရေးပိုင်တဲ့ဟာ၊ ရဲလုပ်ရမယ့်အလုပ်တွေ ကို လုပ်နိုင်ဖို့ သက်ဆိုင်ရာ ရဲတွေမှာ တိုင်ကြားဖို့ ကျနော်တို့ ညွှန်ကြားထားပါတယ်။ ကျနော်တို့ တိုင်ပြီးပြီ။ တရားဥပဒေအရ ဘယ်လိုရှိတယ် ဆိုတာ ကျနော်တို့သိပါတယ်။ အဲ့တော့ တရားဥပဒေနဲ့အညီ သူတို့ လုပ်မလုပ် ဆိုတဲ့ပြသနာက ကျနော်တို့ စောင့်ကြည့်ရမှာ။ သူတို့ မလုပ်ရင် သူ့ထက် အဆင့်မြင့်တဲ့သူဆီ ကျနော်တို့ သွားရမှာပဲ။ "

ပါတီတွေ အခုလို မဲဆွယ်စည်းရုံးရေးအတွင်း ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင် ကို တင်ပြဆွေးနွေးဖို့ အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ခွင့်တောင်းထားတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

SNLD
SNLD

ပြီးခဲ့တဲ့ ရက်ပိုင်းတွေ အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီရဲ့ ဆိုင်းဘုတ်တွေကို တိုက်ခိုက် ဖျက်ဆီးတာတွေ ခံခဲ့ရသလို၊ မန္တလေးတိုင်း မိုးကုတ်မြို့က SNLD ပါတီရဲ့ ပါတီရဲ့ ကြော်ငြာဆိုင်းဘုတ် အောက်တိုဘာလ ၁ ရက်နေ့က ဖျက်ဆီးခံခဲ့ရတယ်လို့ မိုးကုတ်မြို့ SNLD ပါတီက ဦးစိုင်းမျိုးဇင်က ဗီအိုအေကို ပြောပါတယ်။

" ၁ရက်နေ့ပေါ့နော်။ မနေ့က ၁၀ပေ ၆ ပေပေါ့နော်။ ဗီနိုင်း အဆွဲဖြဲခံရတာပေါ့ဗျာ။ မိုးကုတ် ပိတ်စွယ် ရပ်ကွက် နယ်မြေ(၁) မှာ။ ဗီနိုင်းကို တမင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တဲ့ပုံစံပေါ့ဗျာ။ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့ပုံစံပါပဲ တော်တော်လေး မပြဲမချင်း ကျနော်တို့ ဓာတ်ပုံ အကုန်ရိုက်ထားတယ်လေ။ "

ပါတီရဲ့ ကြော်ငြာဆိုင်းဘုတ် တိုက်ခိုက်ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ဦးစိုင်းမျိုးဇင်က အခုလို ဆက်ပြောပါတယ်။

" ဒါကတော့ ကျနော်တို့ ဘယ်လိုပြောရမလဲ။ ကျနော်တို့ ဗီနိုင်းက ဖြစ်ကတက်ဆန်း ထားတာမဟုတ်ဘူးလေ။ သူက သေချာ ခိုင်ခိုင်ခန့်ခန့်ထားထားတယ်။ ကျန်တဲ့ပါတီက တခုခုလုပ်တယ်လို့ ဒီလိုတော့ ယူဆလို့ရပါတယ်။ "

နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေးကာလ အတွင်း ရင်ဆိုင်နေရတဲ့ အနှောက်အယှက်တွေကို ကော်မရှင်အနေနဲ့ ဘာတွေ စီမံဆောင်ရွက် ပေးနေသလဲ ဆိုတာကို သိရဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

XS
SM
MD
LG