သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၆ ပွင့်ဆိုင် ဆွေးနွေးပွဲ မကြာခင်ကျင်းပဖွယ်ရှိ


နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားလှယ် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်တို့ တွေ့ဆုံကြတဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ။
နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားလှယ် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်တို့ တွေ့ဆုံကြတဲ့ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ။

မြန်မာ့နိုင်ငံရေး လောက-က ထိပ်တန်းခေါင်းဆောင်တွေရဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲတွေ မကြာခင် ပြန်လည်ကျင်းပနိုင်ဖို့ မျှော်လင့်ရတဲ့အကြောင်း ဆွေးနွေးပွဲမှာ အဓိကပါဝင်သူ တိုင်းရင်းသားကိုယ်စားလှယ်တဦးက ပြောပါတယ်။ ဆွေးနွေးပွဲတွေပြုလုပ်ဖို့ တိုက်တွန်းထားတဲ့ လွှတ်တော် ဒီသီတင်းပတ်ကုန်တဲ့အခါ ခေတ္တရပ်နားထားတဲ့ကာလအတွင်း ကျင်းပဖြစ်နိုင်ဖို့လည်း ကြိုးစားနေကြတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာအေးမောင်က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအလွန်ကာလ ကိစ္စတွေအပါအဝင် မြန်မာ့နိုင်ငံရေး ပြဿနာတွေကို အဓိကထား ဆွေးနွေးကြတဲ့ ခေါင်းဆောင် ၆ ဦးရဲ့ ဧပြီလမှာ ပထမဆုံးအကြိမ် တွေ့ဆုံချိန်အတွင်း ထပ်မံဆွေးနွေးဖို့ သဘောတူထားတဲ့အတိုင်း မကြာခင် နောက်တကြိမ်တွေ့ဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလ ၁၁ ရက်နေ့ တနင်္လာကပြန်လည် စတင်ခဲ့တဲ့ လွှတ်တော်တွင်း ဆွေးနွေးပွဲတွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးကြဖို့ရှိပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းပြင်ဆင်နိုင်ရေးနဲ့ပတ်သက်လို့ လွှတ်တော်၊ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား ကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးမှုက ရလာဒ်အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေ ဘက်က စောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပါတယ်။

မေလ ၂၂ ရက်နေ့မှာ ပြန်လည်ရပ်နားဖွယ်ရှိတဲ့ လွှတ်တော်နားရက်တွေအတွင်းမှာ ခြောက်ပွင့်ဆိုင် ဆွေးနွေးမှုဖြစ်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဒေါက်တာအေးမောင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့က ပါလီမန် ခေတ္တနားတဲ့ကာလလေးမှာ ခြောက်ပွင့်ဆိုင်များဖြစ်လာဖို့လို့ ကျနော်တို့က မျှော်မှန်းပါတယ်။ ခြောက်ပွင့်ဆိုင်မဖြစ်ဘဲနဲ့ ပါလီမန် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ အင်မတန်ခက်ခဲနက်နဲပြီးမှ ရွေးကောက်ပွဲမတိုင်ခင်ကာလ မတည်ငြိမ်မှုဖြစ်မှာကို စိုးရိမ်မှု အင်မတန်ကြီးမားတယ်လို့ ကျနော်တို့က သုံးသပ်ပါတယ်။ အဲဒါကြောင့် ရွေးကောက်ပွဲမတိုင်မီကာလလေးမှာ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်းနဲ့ သဟဇာတဖြစ်ရေးအပါအဝင် နိုင်ငံရေးတည်ငြိမ်မှုရှိအောင် ကျနော်တို့ လာမယ့်ပါလီမန်- တနည်းအားဖြင့်လာမယ့် ဇူလိုင်လ ၆ ရက်နေ့မှာ ပြန်ဖွင့်လှစ်နိုင်ဖို့ရှိတဲ့ ပါလီမန်အတွင်းမှာမှ သာလျှင် ဖွ့ဲစည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ဥပဒေကြမ်းကို ဆွေးနွေးညှိနှိုင်းနိုင်အောင် ဒီကြားထဲမှာ ၆ ပွင့်ဆိုင်တွေ့ဆုံရေး လိုအပ်မှုနဲ့ စိပ်စိပ်လေးနဲ့ အချိန်များများပေးပြီးကာမှ ရလဒ်တခုထွက်နိုင်အောင် ဆောင်ရွက်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ကျနော်တို့ စောင့်ခဲ့တယ်ဆိုတဲ့သဘောကို တင်ပြချင်ပါတယ်။”

ခြောက်ပွင့်ဆိုင်ဆွေးနွေးမှုကနေ ရရှိလာမယ့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ရလဒ်တွေကို လာမယ့် ၁၃ ကြိမ်မြောက် ဆွေးနွေးပွဲတွေမှာမှ ဖွဲ့စည်းပုံပြင်ဆင်ရေး အပြီးသတ်ဆွေးနွေးနိုင်ခြေရှိတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကပြောပါတယ်။

“၁၃ ကြိမ်မြောက် ပါလီမန်စခြင်းသည် ပွင့်ပွင့်လင်းလင်းပြောရရင် အခြေခံဥပဒေနဲ့ပတ်သက်တဲ့ ပြင်ဆင်တဲ့ဥပဒေကြမ်းတခုကို ဆွေးနွေးနိုင်အောင်ဆိုတဲ့ ဦးတည်ချက်မှလွဲ၍ တခြားကိစ္စမရှိနိုင်ပါ။ အဲဒီဦးတည်ချက်က အဓိကဖြစ်ဖို့ များပါတယ်။ အဲဒါကြောင့် ၂၀၁၅ ခုရဲ့ ဇူလိုင်လ ၆ ရက်နေ့မှာ ပြန်ကျင်းပနိုင်ခြေရှိတဲ့ ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ပုံမှန် ပါလီမန်အစည်းအဝေးမတိုင်ခင် ၂၂ မေကစပြီးလို့ရှိရင် တလခွဲနီးပါးလောက်ရှိပါတယ်။ အဲဒီကာလမှာ ခြောက်ပွင့်ဆိုင်တွေ့ဆုံမှု၏ - အခုနက ကျနော်ပြောတဲ့အတိုင်းပါပဲ၊ ရလဒ်ကောင်း- ရလဒ်ကောင်းထွက်ဖို့အတွက် အချိန်ကို စိပ်စိပ်လေးနဲ့ ထိထိရောက်ရောက် ဆွေးနွေးနိုင်မယ်ဆိုမှသာလျှင် လာမယ့် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ကျနော်တို့က ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ လမ်းကြောင်းကို လျှောက်လှမ်းနိုင်မှာဖြစ်လို့ အင်မတန် အရေးကြီးပါတယ်။”

အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကလည်း ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးမှာ အဓိကကျတဲ့ ၄၃၆ ပုဒ်မကို ကျော်လွန်နိုင်တဲ့ ပြင်ဆင်ရေးအတွက်တော့ လွှတ်တော်တွင်း အလားအလာမမြင်ဘူးလို့ဆိုပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာတော့ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်၊ တပ်မတော်နဲ့ အစိုးရတို့ ဘက်က အတိုင်းအတာတခုထိ ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်ခြေရှိတယ်လို့ သုံးသပ်ပါတယ်။

“၄၃၆ ကလွတ်တဲ့ဟာတွေတော့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ အမြန်ဆုံးပြီးလာလိမ့်မယ်လို့ ကျနော် လုံးဝ ယုံကြည်တယ်။ ဘာကြောင့်လဲဆိုတော့ ‘ငါတို့ အခြေခံဥပဒေကို ပြင်ပေးတယ်လေ’-ဆိုတဲ့ နာမည်လည်း လိုသေးတာကိုးဗျ။ အဲဒါကြောင့် ၄၃၆ နဲ့လွတ်တဲ့၊ ၄၃၆ က နည်းနည်းခက်တယ်၊ အများကြီးလေ process က တနှစ်လောက်ယူရမယ်။ ဒါကြောင့် ၄၃၆ ကလွတ်တဲ့ဟာတွေတော့ မြန်မြန်ထက်ထက် အစိုးရကော၊ လွှတ်တော်ကော၊ တပ်မတော်ကော အကုန်လုံးက ဝိုင်းဝန်းပြီးတော့ လုပ်လိမ့်မယ်လို့ ကျနော်ထင်တယ်။ ဒါမှ ငါတို့လည်း အခြေခံဥပဒေကို ပြင်ပေးတာပဲလေ- ဆိုတဲ့ စကားလုံးတခုတော့ ရသွားတာပေါ့ဗျာ။ ဟုတ်ဘူးလား။”

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တုန်းက နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားလှယ် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်တို့ ပါဝင်တဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲကို နေပြည်တော်သမ္မတ အိမ်တော်ဝင်းအတွင်း ကျင်းပခဲ့တာဖြစ်ပြီး နောက်တကြိမ်ဆွေးနွေးပွဲတွေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအပါအဝင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပခြင်းနဲ့ ရွေးကောက်ပွဲလွန် ကာလ တည်ငြိမ်အေးချမ်းရေး ကိစ္စများနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးဖို့ သဘောတူခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးက ခြောက်ပွင့်ဆိုင်အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG