သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးကော်မတီနဲ့ အပစ်ရပ်သုံးဖွဲ့ဆွေးနွေး


မြန်မာအစိုးရ စေ့စပ်ညှိနှိုင်းရေးအဖွဲ့နဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တို့ကြား ၂၀၁၂ ခုနှစ်က ရွှေတြိဂံနယ်မြေအတွင်း၊ ကန်တောင်မှာ နှစ်ဘက် စာရွက်စာတမ်းများလဲလှယ်အပြီး အပြန်အလှန် လက်ဆွဲနှုတ်ဆက်နေကြစဉ်၊ (မေလ ၁၉၊ ၂၀၁၂)
မြန်မာအစိုးရ စေ့စပ်ညှိနှိုင်းရေးအဖွဲ့နဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တို့ကြား ၂၀၁၂ ခုနှစ်က ရွှေတြိဂံနယ်မြေအတွင်း၊ ကန်တောင်မှာ နှစ်ဘက် စာရွက်စာတမ်းများလဲလှယ်အပြီး အပြန်အလှန် လက်ဆွဲနှုတ်ဆက်နေကြစဉ်၊ (မေလ ၁၉၊ ၂၀၁၂)
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ SSA တောင်ပိုင်းအဖွဲ့၊ SSA မြောက်ပိုင်း အဖွဲ့၊ ပအို့ဝ်လက်နက်ကိုင်အဖွဲ့တို့ သောကြာနေ့က တောင်ကြီးမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ SSA အဖွဲ့တွေနဲ့ အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ကြားမှာပဲ အခုလို တွေ့ဆုံ ဆွေးနွေးခဲ့ကြတာမှာ ဘယ်လိုအကြောင်းအရာတွေကို အဓိကထား ဆွေးနွေးခဲ့ကြသလည်းဆိုတာ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ ထားပါတယ်။

ဒီကနေ့ တောင်ကြီးမြို့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ဆွေးနွေးကြတဲ့အဖွဲ့တွေကတော့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO အဖွဲ့တွေ ဖြစ်ပါတယ်။

ဒီအဖွဲ့ ၃ ဖွဲ့က ကိုယ်စားလှယ်တွေဟာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ဟာ တောင်ကြီးမြို့ တောင်ကြီးဟိုတယ်မှာ မွန်းလွဲ ၂ နာရီကနေ ညနေ ၄ နာရီလောက်အထိ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာက ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီကနေ့ တွေ့ဆုံပွဲကတော့ စာနဲ့ကိုပဲ ဖိတ်ပြီးတော့ တွေ့တာပါပဲ။ ဒီအဖွဲ့သုံးဖွဲ့ကို ဝန်ကြီးဦးအောင်မင်းအနေနဲ့ Nationwide Cease fire ဆောင်ရွက်ဖို့ကိစ္စ စဉ်းစားထားတဲ့ပြင်ဆင်မှု၊ နောက်တစ်ခုကတော့ အားလုံးပြောနေတဲ့ Political Dialogue ပေါ့နော်- ကိစ္စရပ်တွေကို ရှင်းပြတယ်ခင်ဗျ။ ရှင်းပြပြီး သူတို့လည်း မရှင်းလင်းတဲ့အချက်အလက်တွေကို ပြန်မေးပါတယ်။”

ဆွေးနွေးပွဲတက်ရောက်တဲ့ အပစ်ရပ်အဖွဲ့က ကိုယ်စားလှယ်တွေဘက်ကတော့ လတ်တလောဖြစ်ပွားနေတဲ့ ဒေသတွင်းက အခြေအနေကို တင်ပြခဲ့တယ်လို့ ဦးလှမောင်ရွှေက ဆက်ပြောပါတယ်။

“SSPP ဘက်ကတော့ သိပ်ပြီးတော့ အများကြီးတင်ပြတာ မတွေ့ဘူးဗျ။ ဒါပေမဲ့ RCSS ဘက်ကတော့ ဗိုလ်မှူးချုပ်ပေါင်ခေးတို့ကတော့ တိုက်ပွဲဖြစ်တာတွေ ဆွေးနွေးပါတယ်။ ဝန်ကြီးဦးအောင်မင်းလည် ပြန်ဆွေးနွေးတယ်။ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က G-1 တစ်ဦးကလည်း ပြန်ရှင်းပြပါတယ်။ ရှင်းပြတဲ့အတွက် ဆက်သွယ်ရေး ပိုပြီးတော့ထားပြီး အပြန်အလှန်ညှိနှိုင်းတိုင်ပင်ဖို့ဆိုတဲ့ အချက်တော့ ဆက်ပြီးတော့ ဆောင်ရွက်နိုင်မယ့်သဘော ရှိပါတယ်။”

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်း အစိုးရ တပ်ဖွဲ့တွေ အကြားမှာ ဒီလ ၁၇ ရက်နေ့က မိုင်းယောင်းမြို့နယ်အတွင်းနဲ့ ၁၄ ရက်နေ့က မောက်မယ်မြို့နယ်အတွင်းမှာ တိုက်ပွားတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ RCSS/SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစိုင်းစံမိန်းကတော့ အပစ်အခတ်ရပ်စဲပြီးမှာ တိုက်ပွဲတွေ ပိုများလာကြောင်းနဲ့ ဆက်ဆံရေးရုံးတွေ ပိုမိုဖွင့်လှစ်ဖို့ကို တင်ပြခဲ့တယ်လို့ ပြောပါတယ်။

ဝန်ကြီးဦးအောင်မင်းတို့ဘက်က တင်ပြတဲ့ တပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးဖို့နဲ့ ပတ်သက်ပြီး RCSS/SSA တောင်ပိုင်းရဲ့ သဘောထားကို ဗိုလ်ကြီးစိုင်းစံမိန်းက အခုလို ပြောပါတယ်။

“တတိုင်းပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးဆိုတာကို တိုင်းရင်းသားတွေအနေနဲ့လည်း တောင်းဆိုတာပေါ့နော်။ ဒီအချက်ပေါ်မှာလည်း ကျနော်တို့ကလည်း ကောင်းမယ်ပေါ့။ ဒါပေမဲ့ ဒီအပစ်အခတ်ရပ်စဲရေးတွေ၊ ငြိမ်းချမ်းရေးတွေ လုပ်လာတယ်၊ ဒီဘက်လည်း ပြန်ပြီးတော့ တိုက်ခိုက်နေကြတယ် ဆိုတာ ဒီလိုမျိုး ခဏ ခဏ ပြန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လက်မှတ်ရေးထိုးတာလည်း ရေးထိုးပြီးတော့ အာမခံချက်တွေ မရှိဘူးဆိုတဲ့ သဘောမျိုး သက်ရောက်နေတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က အပစ်အခတ် ရပ်စဲရေး ဆိုတာ နိုင်ငံရေးဆွေးနွေးဖို့၊ ဒါကြောင့်မို့လို့ နိုင်ငံရေးဆွေးနွေးဖို့ သွားဖို့အတွက်ကို ကျနော်တို့လိုလားတယ်။ ဒီအတွက် ဘာတွေ အာမခံချက်ရှိမလဲပေါ့နော်။ တင်ပြဆွေးနွေးတာပေါ့။”

ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLOကတော့ သူတို့ရဲ့ သဘောထားကို အဖွဲ့ရဲ့ဒုဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်သူရိန်က အခုလို ပြောပါတယ်။

“ကျနော်တို့အနေနဲ့တော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးကို ဦးတည်တာဖြစ်တယ်။ နောက်တစ်ခု တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး နောင်ညီ ဖက်ဒရယ်ရေး၊ တန်းတူရေး၊ ဒီမိုကရေစီရေးကို ဦးတည်တာဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ PNLO ရဲ့ မူအရလည်းဆိုရင်တော့ ကိုက်ညီတာဖြစ်တဲ့ အတွက်ကြောင့် ဒီကိစ္စမှာဆိုရင်တော့ ကျနော်တို့ ပါဝင်နိုင်ဖို့အတွက် အဖွဲ့အတွင်းမှာ အကျေအလည် ဆွေးနွေးသွားပြီးတော့မှ လုပ်ဆောင်သွားဖို့ ရှိပါတယ်။”

PNLO အဖွဲ့ဟာ သြဂုတ်လက အစိုးရနဲ့အပစ်အခတ်ရပ်စဲခဲ့ပြီး အပစ်ရပ်ပြီးနောက်မှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိခဲ့ပါဘူး။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနဲ့ကတော့ စက်တင်ဘာ ၁၇ရက်နေ့က နမ္မတူမြို့နယ်အတွင်းမှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ ရှမ်းသံတော်ဆင့်သတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ရှမ်းပြည် တိုးတက်ရေး ပါတီပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမဲ့ အစည်းအဝေးအတွင်းမှာ ရောက်နေတာကြောင့် အခြေအနေအသေးစိတ်ကို မေးမြန်းခွင့်မရခဲ့ပါဘူး။

ဒီကနေ့ တွေ့ဆုံဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စု ဝန်ကြီးတွေဖြစ်တဲ့ ဦးခင်မောင်စိုး၊ ဦးဝင်းမြင့်နဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းက ဗိုလ်မှူးချုပ်ပေါင်ခေးနဲ့ အဖွဲ့ဝင်၂ ယောက်၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းက ဗိုလ်မှူးကြီးစိုင်းထူးနဲ့ အဖွ့ဲဝင် ၃ ယောက်၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကတော့ ဒုဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်သူရိန်နဲ့ အဖွဲ့ဝင် ၂ ယောက်တို့ တက်ရောက်ခဲ့ပါတယ်။

မနက်ဖြန်မှာတော့ ရှမ်း၊ ကယား၊ မွန် သုံးပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို တောင်ကြီးမြို့မှာ ကျင်းပမှာဖြစ်ပြီး ဒီကနေ့ ဆွေးနွေးကြတဲ့ အဖွဲ့တွေအားလုံး ပါဝင် တက်ရောက်ကြမှာ ဖြစ်ပါတယ်။
XS
SM
MD
LG