သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးစာချုပ်ချုပ်လျှင် မြောက်ကိုရီးယား နျူကလီးယားအစီအစဉ် ရပ်မည်


အမေရိကန်နဲ့ ငြိမ်းချမ်းရေးစာချုပ်အတွက် အလဲအလှယ်လုပ်တဲ့အနေနဲ့ မြောက်ကိုရီးယားနိုင်ငံ ဟာ နျူကလီးယားစမ်းသပ်မှု လုပ်နေတာကို ရပ်တန့်မယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရနဲ့ တောင်ကိုရီးယားအစိုးရတို့အကြား ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတာကိုလည်း ရပ်တန့်ပေးရမယ်လို့ တောင်းဆိုလိုက်ပါတယ်။

ဒီအဆိုပြုချက်ကို မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက သောကြာနေ့ နှောင်းပိုင်းမှာ ကြေညာသွားခဲ့တာပါ။ ဒါဟာ အရင် မြောက်ကိုရီးယားအစိုးရဘက်က ကမ်းလှမ်းခဲ့ဖူးပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဘက်က ချက်ခြင်းပဲ ပယ်ချခဲ့တဲ့ အဆိုပြုချက်တွေနဲ့ ဆင်တူပါတယ်။

သူတို့ရဲ့ နျူကလီးယားစမ်းသပ်မှုတွေကို ရပ်တန့်ပေးပြီး အပြန်လှန်အနေနဲ့ အမေရိကန်ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို ရပ်ပေးဖို့ ငြိမ်းချမ်းရေးစာချုုပ်ချုပ်တာ အပါအဝင် ကိုရီးယားကျွန်းဆွယ်နဲ့ အရှေ့မြောက်အာရှ ဒေသတခုလုံးမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းထားဖို့အတွက် အဆိုပြုချက်အားလုံးဟာ တရားဝင်ဆဲ ဖြစ်တယ် - လို့ မြောက်ကိုရီးယားအစိုးရပိုင် KRT ရုပ်သံက သတင်းကြေညာသူက နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကားပြီး ပြောသွားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ အဆိုပြုချက်နဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် John Kirby ကို သောကြာနေ့က မေးမြန်းတဲ့အခါမှာ အဲဒီလို ကမ်းလှမ်းတာကို သူ့အနေနဲ့ မကြားမိသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြောက်ကိုရီးယားနိုင်ငံက စတုတ္ထအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့တဲ့အတွက် တကမ္ဘာလုံးက ပြစ်တင်တာခံခဲ့ရပြီး၊ ကိုရီးယား ကျွန်းဆွယ်မှာ တင်းမာမှုတွေ တိုးလာခဲ့ပါတယ်။

XS
SM
MD
LG