သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး အောင်မြင်ဖို့ ကာလုံ သဘောထား အရေးကြီး


မြန်မာစစ်တပ် စစ်ရေးပြအခမ်းအနား။
မြန်မာစစ်တပ် စစ်ရေးပြအခမ်းအနား။

တိုင်းရင်းသားတွေ လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရဖို့ လုပ်ငန်းစဉ်တွေ မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်သွားမယ်ဆိုပေမဲ့ - ကာလုံ လို့ခေါ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး အဖွဲ့အစည်းကြီးကို အရင်ဆုံး ပြုပြင်ပြောင်းလဲနိုင်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင် မယ်လို့ မြန်မာ့ အရေး သုံးသပ်သူတဦးက ပြောဆိုလိုက်ပါတယ်။ တချိန်က တပ်မတော်သားဟောင်းတဦးလည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းတဦး လည်းဖြစ်တဲ့ ဦးမျိုးမြင့်ကို မနန္ဒာချမ်းက ဆက်သွယ်မေးမြန်းတဲ့အခါမှာ - ရွေးကောက်ပွဲအနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရတရပ် ဖွဲ့စည်းနိုင်ရုံနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်လာအောင် လုပ်နိုင်ဖို့မှာ အခက်အခဲတွေ အများကြီး ရှိတယ်လို့ သူက အခုလို စ ဖြေခဲ့ပါတယ်။

"ကျနော့်အမြင်ပြောရရင်တော့ဗျာ။ ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ကိစ္စက အမျိုးသား လုံခြုံရေး နဲ့ ဆိုင်တဲ့ ကိစ္စဗျ။ အဲ့တော့ အမျိုးသားလုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စလို့ ပြောတဲ့နေရာမှာ ဗမာပြည်မှာ အမျိုးသားလုံခြုံရေးနဲ့ဆိုင်တဲ့ ကိစ္စကို ဆုံးဖြတ်တဲ့ နေရာမှာ ကာလုံ လို့ခေါ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး အဖွဲ့အစည်း ၁၁ဦး ပါတဲ့ အဖွဲ့အစည်းကြီးက ဆုံးဖြတ်တာဗျ။ အဲ့ဒီ့ကာလုံအဖွဲ့ ၁၁ ဦးထဲမှာက ခြောက်ဦးက ကာကွယ်ရေးဦးစီးချုပ်ရဲ့ လူတွေဗျ။ အဲ့တော့ NLD က အစိုးရ ဖွဲ့စည်းနိုင်ပြီ ဆိုရင် အဲ့ဒီ့ ကာလုံထဲက ဆုံးဖြတ်တဲ့နေရာတွေမှာ မဲ အများစုနဲ့ စစ်တပ်ကို အသာစီးရဖို့ NLD က ဘယ်နှစ်နေရာ ရမလဲဆိုတဲ့ ပြဿနာ ရှိတယ်။ အဲ့တော့ အစိုးရ အဖွဲ့ကို ဖွဲ့ လိုက် နိုင်ရုံနဲ့ ငြိမ်းချမ်းရေး Process တွေကိုပေါ့ဗျာ ကိုယ့်စိတ်တိုင်းကျပေါ့ဗျာ။ တကယ့် ငြိမ်းချမ်းရေး ရအောင် လုပ်ဖို့ ဆိုတာကတော့ အခက်အခဲ နည်းနည်း ရှိတယ်ဗျ။

တပ်မတော်သားဟောင်းဦးမျိုးမြင့်
တပ်မတော်သားဟောင်းဦးမျိုးမြင့်

နောက်တချက်က ဥပမာဗျာ ကာလုံထဲမှာ ပါနေတဲ့သူတွေ က အရပ်သားတွေလည်း ပါတယ်။ စစ်သားတွေလည်း ပါတယ် ပြောကြပေမဲ့ ဒီနေရာမှာ ကျနော်က အရပ်သား စစ်သား ခွဲတာထက်ပေါ့ဗျာ လူထုဘက်ကလူနဲ့ စစ်တပ်ဘက်က လူ ဘယ်နှစ်ယောက် ပါကြလဲ ဆိုတာ ကျနော်က ခွဲကြည့်ချင်တယ်။ အဲ့တော့ NLD အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NLD အနေနဲ့က လွတ်လွတ်ကျွတ်ကျွတ် အစိုးရလည်း ဖွဲ့ခွင့်ရပြီ။ အခုနကလို နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ကိစ္စလည်း ဖြစ်တယ်။ ငြိမ်းချမ်းရေး ကိစ္စကိုလည်း လုပ်ခွင့်ရပြီ ဆိုဦးတောင်မှ ကျနော်တို့ က ကာလုံလို့ခေါ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး အဖွဲ့အစည်းကြီး ကို ဘယ်လောက်အထိ သြဇာသက်ရောက် နိုင်လိမ့်မလဲ၊ ဘယ်လောက်အထိ သြဇာလွှမ်းမိုးနိုင်မလဲ ဆိုတဲ့ အခြေအနေအပေါ်မှာ မူတည်တယ်ဗျ။

အဲ့တော့ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်က လွတ်လွတ်ကျွတ်ကျွတ် အစိုးရ ဖွဲ့ခွင့်လည်း ရပြီ။ ငြိမ်းချမ်းရေး Process မှာလည်း ပါတော့မယ် ဆိုလို့ရှိရင် ကာလုံလို့ခေါ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး အဖွဲ့အစည်းကြီး ဆိုတဲ့ ဟာကြီးကို အရင်ဆုံး ပြုပြင်ပြောင်းလဲ ဖို့ လိုမယ်ဗျ။ အဲ့တာကြီးကို မပြောင်းလဲနိုင်ပဲ နဲ့တော့ စစ်တပ်ကို သိမ်းသွင်းဖို့ သို့မဟုတ် ဖြောင်းဖြဖို့ သို့မဟုတ် နားချဖို့ ငြိမ်းချမ်းရေး Process ထဲမှာ ပါဝင်လာဖို့ပေါ့ဗျာ။ ဘာမှ လုပ်မရဘူးလို့ ကျနော် ထင်တယ်ဗျာ။

မနန္ဒာချမ်း။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလုပ်နေတဲ့ တလျောက်လုံးမှာ တဘက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးတယ်။ တဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်တယ် ဒီအပေါ်မှာ ပြောတော့ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင်က တိုက်ပွဲတွေ ရပ်ဖို့ ဆိုပြီး ပြောလိုက်တာ ရှိပါတယ်။ ဒါပေမဲ့လည်း တပ်မတော်က သူ့ဘာသာ ဆက်တိုက်နေတာပဲ ဆိုတော့ NLD အစိုးရ တက်လာတဲ့အခါကျရင်ရော တပ်မတော်ကို ပြောဆိုတဲ့ အခါတွေမှာ တပ်မတော်က နားထောင်မှာ မဟုတ်ဘူး။ သြဇာညောင်းမှာ မဟုတ်ဘူးလို့ ဆိုလိုတဲ့ သဘောလားရှင့်။

ဦးမျိုးမြင့်။ ။ အဲ့ အခုနက ကျနော်ပြောသလိုပေါ့ဗျာ။ ဒီမိုကရေစီနိုင်ငံတွေမှာလို စစ်တပ်သည် အရပ်သားအစိုးရကို နာခံရမယ်ဆိုတဲ့ မူ အတိုင်းပေါ့ဗျာ။ အဲ့ဒီ့အတိုင်း ဖွဲ့စည်း အုပ်ချုပ်ပုံမှာ ရှိတယ်ဆိုလို့ရှိရင်တော့ စစ်တပ်က မဖြစ်မနေ နာကို နာခံရမှာပဲဗျ။ အခုက ဖြစ်နေတာက ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရကို စစ်တပ်သည် လက်ရှိတက်နေတဲ့ ဘယ်အစိုးရဖြစ်ဖြစ်ပေါ့။ စစ်တပ်က မနာခံလို့ရတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး တွေရှိနေတယ်။ အဲ့တော့ ဆိုလိုတာက ဘယ်အစိုးရပဲ တက်တက် တက်ချင်တဲ့ အစိုးရ တက်ပေါ့ဗျာ။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမှာ စစ်တပ်သည်လူထုကရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရတရပ်ကို နာကိုနာခံရမယ်ဆိုတာမျိုး မပြုပြင် မပြောင်းလဲနိုင်သရွေ့ ဟိုဘက်ပိုင်းမှာ ဒီပြဿနာတွေက ဆက်ရှိနေမှာပဲလို့ ကျနော် ထင်တယ်ဗျ။

မနန္ဒာချမ်း။ ။ ဟုတ်ကဲ့ရှင့်။ နောက်ဆုံးတခု အနေနဲ့က တကယ်လို့ ထားပါတော့ ဒီငြိမ်းချမ်းရေးကိစ္စတွေကို စားပွဲပေါ်မှာ ထိုင်ကြပြီ။ ပြောကြပြီ ဆိုခဲ့ရင် အဓိက တိုက်ပွဲတွေ ဖြစ်နေတဲ့ ကချင်ဘက်မှာ ကချင်ဒေသက ကျောက်စိမ်း နယ်မြေဖြစ်တယ်။ သဘာဝ သယံဇာတ တွေ စစ်တပ်နဲ့ ပတ်သက်တဲ့ ခရိုနီတွေ ဖြစ်စေ စစ်တပ်ပဲဖြစ်ပစေ အကျိုးအမြတ်တွေ အများကြီး ရနေတာတွေ ရှိတော့ ဒီသယံဇာတ ခွဲဝေယူရေး ကိစ္စ မပါပဲနဲ့ရော ဒီငြိမ်းချမ်းရေးက ဖြစ်နိုင်ပါ့မလား။

ဦးမျိုးမြင့်။ ။ သယံဇာတ ခွဲဝေယူရေးဆိုတဲ့အပိုင်းမှာလည်း အဲ့ကိစ္စကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ NLD က ပြောထားတဲ့ ဖက်ဒရယ်မှုကို ဘယ်လိုကျင့်သုံးမလဲ ပေါ့လေ။ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာ ၊ တရားဥပဒေပြုရေး အာဏာ တွေမှာ အဲ့ဒီ့လို ပြည်နယ်တွေ အလိုက် ထွက်ရှိတဲ့ သယံဇာတ တွေကို ဘယ်လိုခွဲဝေ ကြမလဲဆိုတဲ့အပိုင်းကလဲ အခုနကပြောသလို စားပွဲဝိုင်းမှာပဲ ဆွေးနွေးရမှာဗျ။ ကျနော်ထင်တာ မဟုတ်ပါဘူး။ ကျနော် ယုံပါတယ်။ အခု တိုင်းရင်းသားလူမျိုးစုတွေ အားလုံးဟာ သူတို့ဒေသအသီးသီးမှာ ထွက်နေတဲ့ သယံဇာတ ခွဲဝေရေး ကိစ္စတွေကိုလည်းပဲ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးကြမှာပါ။ ဆွေးနွေးကြလို့ရှိရင်လည်း ပြေလည်ဖို့ အလားအလာတွေလည်း အများကြီး ရှိတယ်လို့ ကျနော်ယုံကြည်ပါတယ်ခင်ဗျ။

တပ်မတော်သားဟောင်းတဦးလည်းဖြစ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းတဦး လည်းဖြစ်တဲ့ ဦးမျိုးမြင့်ကို မနန္ဒာချမ်းက ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG