သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေး အပြုအမူ ကြောင့် ငြိမ်းချမ်းရေး အလားအလာ ထိခိုက်နိုင်


မြန်မာ့စစ်တပ် စစ်ရေးလေ့ကျင့်နေစဉ်။
မြန်မာ့စစ်တပ် စစ်ရေးလေ့ကျင့်နေစဉ်။

မကြာမီက ပြီးဆုံးသွားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မျက်နှာစုံညီ အစည်းအဝေးက ရှေ့လုပ်ငန်းစဉ်ချမှတ်ရာမှာ လက်ရှိဆွေးနွေး ပွဲတွေ အောင်မြင်ဖို့ ပံ့ပိုး သွားဖို့ဆွေးနွေးခဲ့ပြီး အစိုးရနဲ့ ဆက်လက်ဆွေးနွေးဖို့ အသင့်ရှိနေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

UNFC ပထမ ညီလာခံက ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ကောင်စီဝင်တွေရဲ့ ပထမဆုံး အကြိမ် မျက်နှာစုံညီ အစည်းအဝေးကို ဒီလ ၂၀ရက်ကနေ ၂၂ရက်ထိ ကျင်းပပြီးတဲ့နောက် သူတို့ရဲ့ သဘောထားကို ထုတ်ဖော်ပြောဆို လာတာ ဖြစ်ပါတယ်။ UNFC ရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ သဘောထား ကို အထွေထွေ အတွင်းရေးမှူး ခူုးဦးရယ်က အခုလို ပြောပါတယ်။

"UPWC နဲ့ ညှိနှိုင်းဆွေးနွေးတဲ့ အဆင့်ကတော့ ကျနော်တို့ တိုင်းရင်းသားဘက်မှာ NCCT နဲ့ ညှိနှိုင်းဆောင်ရွက်နေတဲ့ အဆင့်မှာပဲ ရှိပါတယ်။ ဆိုတော့ ကျနော်တို့ ဘယ်လို လုပ်ငန်းစဉ် ချပြီးတော့ ညှိနှိုင်းဆောင်ရွက်သွားမလဲ ဆိုတာထက်ပေါ့နော်။ NCCT ရဲ့ လုပ်ငန်းတွေကိုပဲ ဝန်းရံပံ့ပိုးပြီးတော့ အခြေခံ ချမှတ်သွားနိုင်ဖို့ကိုပဲ ကျနော်တို့ ဝိုင်းရံကြမယ့် သဘောမျိုး ကျနော်တို့ ဆွေးနွေးကြပါတယ်။ ကျနော်တို့ NCCT ဘက် ကတော့ သတ်မှတ်တဲ့ အချိန်မှာ ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ပဲ ကျနော်တို့ နားလည်ရပါတယ်။"

UPWC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT တို့ဟာ စက်တင်ဘာလ က နောက်ဆုံးတွေ့ဆုံခဲ့ရာမှာ နှစ်ဖက် အကြားဆွေးနွေးတာတွေဟာ မတင်မကျဖြစ်နေခဲ့ပါတယ်။

ဒီဆွေးနွေးပွဲပြီးနောက်ပိုင်းမှာ မြန်မာ့တပ်မတော်က ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်တွေ မှာ စစ်ဆင်ရေး အဆက်မပြတ် ဆောင်ရွက်လာသလို တခြားပြည်နယ်တွေမှာ လည်း စစ်ရေးအရ ပြင်ဆင်တာတွေ ရှိလာတဲ့ အတွက် ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်လိုလားမှုရှိ ၊ မရှိ သံသယဖြစ် ရကြောင်းလည်း UNFCရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ရေးဆောင်ရွက်ချက်တွေ၊ စစ်ရေးတင်းမာမှုတွေကို မလျော့ချနိုင် ရင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့လည်း မလွယ်ကူနိုင်ဘူးလို့ ခူးဦးရယ်က သုံးသပ်ပါတယ်။

" ဒီလိုစစ်ရေး လှုပ်ရှားမှုတွေ၊ တင်းမာမှုတွေကို မလျှော့ချနိုင်ဘူး ။ တွေ့ ဆုံဆွေးနွေးခြင်းနဲ့ အဖြေ မရှာနိုင်ဘူးဆိုရင်တော့ အခု သွားနေ တဲ့ တွေ့ဆုံဆွေးနွေးမှု ကလည်း ရပ်တန့်သွားနိုင်တယ်။ ရပ်တန့်သွားမယ်ဆိုရင်တော့ ကျနော်တို့ သွားချင်တဲ့ မြင်ချင်တဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့တော့ သိပ်လွယ်လှမယ်တော့ မထင်ဘူးပေါ့ဗျာနော်။"

အစိုးရစစ်တပ်ဖက်ကလည်း စက်တင်ဘာလဆန်းက ပြီးဆုံးခဲ့တဲ့ UNFCရဲ့ ပထမဆုံး ညီလာခံက ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းဖို့၊ စစ်ရေး အရပြင်ဆင်ဖို့တွေ ဆွေးနွေးတယ်လို့ ဆုံးဖြတ်ကြောင်း သတင်း ထွက်ပေါ်လာတဲ့ အပေါ်မှာ သံသယ ရှိနေတာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ UNFCက ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်ရေး အတွက် UNFC အဖွဲ့ဝင်မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ အတူကြိုးပမ်း သွားမယ်လို့လည်း သဘောထား ထုတ်ပြန်ထားပါတယ်။

UNFC ရဲ့ ထုတ်ပြန်ချက် အပေါ်မှာ အစိုးရဖက်က သဘောထားကို သိနိုင်ဖို့ အစိုးရပြော ခွင့်ရသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တချို့ဖုန်းတွေကို ခေါ်ဆို မရခဲ့သလို တချို့ကတော့ တုံ့ပြန်ဖြေကြားတာ မရှိခဲ့ပါဘူး။

XS
SM
MD
LG