သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံး အပစ်ရပ်ရေး ဆွေးနွေးပွဲ ပထမမူကြမ်း သဘောတူညီမှုရရှိ


(ဓာတ်ပုံ - ဦးညိုအုန်းမြင့်)
(ဓာတ်ပုံ - ဦးညိုအုန်းမြင့်)
၄ ရက်တာကျင်းပခဲ့တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ကနေ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် မူကြမ်းတရပ်ကို နှစ်ဘက် အကြား ရေးဆွဲနိုင်ခဲ့ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လာမယ့် မေလဆန်းမှာ ဆွေးနွေးပွဲပြန်စဖို့ရှိပြီး၊ ဒီမူကြမ်းကို အပြီးသတ် သဘောတူ အတည်ပြုဖို့ ဖြစ်လာနိုင်တယ်လို့ နှစ်ဘက်စလုံးက
ပြောပါတယ်။ ဆွေးနွေးပွဲကျင်းပရာ မြန်မာငြိမ်းချမ်းရေးစင်တာကို သတင်းသွားယူခဲ့တဲ့ ကိုသားညွန့်ဦးက ဒီအကြောင်း သတင်းပေးပို့ထားပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက် အစိုးရဘက်က အဆိုပြုတဲ့မူကြမ်းနဲ့၊ တိုင်းရင်းသားတွေဘက်က အဆိုပြုချက် မူကြမ်းနှစ်ရပ်အပေါ် အခြေခံညှိနှိုင်းပြီး အခုဆွေးနွေးပွဲမှာတော့ နှစ်ဘက်လက်ခံနိုင်မယ့် မူကြမ်းတရပ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC ) နဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ကိုယ်စားလှယ်တွေဟာ ဆွေးနွေးပွဲအတွင်း ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးပြီး၊ အခုလို အားလုံးလက်ခံနိုင်မယ့် သဘောတူညီချက် ပထမမူကြမ်း ရရှိလာတာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က ဆွေးနွေးပွဲအပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“၃။ အားလုံး သဘောတူညီမှု တခုတည်းသော တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် single text မူကြမ်းတစောင် ရရှိရေးအတွက် ယခင်ဆွေးနွေးပွဲတုန်းက အတည်ပြုခဲ့သော ခေါင်းစဉ် များဖြစ်သည့် ---- အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။ တခုတည်းသော သဘောတူညီချက် single text ပထမမူကြမ်းကို သဘောတူညီခဲ့ကြပါသည်။
၄။ နှစ်ဘက်ကိုယ်စားလှယ်များမှ ၂၀၁၄ ခုနှစ် မေလ ပထမအပတ်တွင် ထပ်မံ တွေ့ဆုံဆွေးနွေးရန် သဘောတူညီခဲ့ကြပါသည်။
၅။ နှစ်ဘက်ကိုယ်စားလှယ်များအားလုံးသည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခြင်းဖြင့် နိုင်ငံရေး
တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံးပေါ်ပေါက်လာအောင် ဆက်လက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြပါသည်။”

အခုဆွေးနွေးပွဲကို NCCT ဘက်က ကိုယ်စားလှယ်တွေအပြင် NCCT ထဲ မပါဝင်ကြတဲ့ ABSDF ကျောင်းသားတပ်၊ RCSS-SSA ရှမ်းပြည်တောင်ပိုင်းတပ်နဲ့ UWSA ဝတပ်တို့က ကိုယ်စားလှယ်တွေကို သီးခြား ဖိတ်ကြားခဲ့တာပါ။ ဒါကြောင့် သဘောတူညီချက် မူကြမ်း အခုရရှိဖို့အတွက် လက်နက်ကိုင်အဖွဲ့အားလုံးရဲ့ သဘောထား ပါဝင်ထပ်ဟပ်စေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အခုအခြေအနေကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဆင့်တခုကို တက်လှမ်းလိုက်နိုင်ပြီလို့ ယူဆတဲ့အကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။

“ကျနော့်အနေနဲ့ကတော့ ဒီနေ့ ၄ ရက်တာလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲဟာ ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ နောက်အဆင့်တခုကို တက်လှမ်းနိုင်တယ်လို့ ကျနော် နိုင်ငံသားတယောက်အနေနဲ့ ယုံပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆွေးနွေးပွဲဟာ ၂ ရက်လောက်ပဲ ကျနော်တို့ ကျင်းပဖို့ ရည်ရွယ်ခဲ့ပေမဲ့ ဒီဆွေးနွေးပွဲ အရှိန်ကောင်းနေတာကိုတော့ positive ပေါ့လေ အများကြီး တိုးတက်မှုတွေ ရှိတဲ့အတွက် နှစ်ဘက်ခေါင်းဆောင်တွေက ဆက်ပြီးတော့လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။”

အခုရရှိတဲ့ ပထမမူကြမ်းကို နှစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်တွေကို ပြန်လည် တင်ပြကြမှာဖြစ်ပြီး အခုလာမယ့် မေလဆန်း ဆွေးနွေးပွဲ ထပ်လုပ်ဖြစ်တဲ့အခါမှာ ဒီမူကြမ်းကို အချောသပ် အတည်ပြုချက်ယူဖို့ ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါကြောင့်လည်း လာမယ့် မေလဆန်း အစည်းအဝေး ပြန်လုပ်တဲ့အခါမှာ သဘောတူညီချက် ထွက်လာတဲ့အထိ မပြီးမချင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အစိုးရဘက်ကရော တိုင်းရင်းသားတွေဘက်ကပါ ပြောပါတယ်။

အခု ပထမမူကြမ်းမှာ ဘာတွေ ပါဝင်သလဲဆိုတာကိုတော့ တာဝန်ရှိတဲ့ နှစ်ဘက်စလုံးက အသေးစိတ် မပြောပါဘူး။ တပ်ပိုင်းဆိုင်ရာ လိုက်နာရမယ့် စည်းမျဉ်းနဲ့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်မှု စနစ်တရပ်ထားဖို့ကိုလည်း နှစ်ဘက်စလုံးက သဘောတူထားတယ်လို့ NCCT ကိုယ်စားလှယ် ဒေါက်တာလျှံမုန်းဇာခေါင်က ပြောပါတယ်။

“military code of conduct ရယ်၊ တပ်ပိုင်းဆိုင်ရာကိစ္စရယ်၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ လိုအပ်တယ်ဆိုတာ နှစ်ဘက်စလုံးက သဘောတူထားပါတယ်။ ဆိုတော့ ကျနော်တို့အနေနဲ့ တပ်ပိုင်းဆိုင်ရာကိစ္စကို ဘာခေါ်မလဲ ချဉ်းကပ်တဲ့ပုံစံမှာသာ နည်းနည်းကွာတာရှိပါတယ်။ ချဉ်းကပ်တာ ကွာတယ်ဆိုတာကတော့ ဥပမာ - ကျနော်တို့အနေနဲ့က military code of conduct ကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်နဲ့ အတူတကွ လက်မှတ်ထိုးချင်တယ်။ သူတို့ကတော့ လုပ်ငန်းလုပ်ဖို့ လိုအပ်မှာဖြစ်တဲ့အတွက် ရက်ပေါင်း ၃၀ အတွင်းမှာ လုပ်ချင်တယ် ဆိုတဲ့ဟာမျိုးပေါ့နော်။ ဆိုတော့ နည်းနာပိုင်းမှာပဲ ကွဲတာရှိပါတယ်။ မူအားဖြင့် ကွဲတာမျိုး မရှိတော့ပါဘူး။”

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုတော့ မေလထဲမှာ လက်မှတ်ထိုးနိုင်ဖို့ နှစ်ဘက်စလုံးက မျှော်လင့်ထားကြပါတယ်။ တကယ်လို့ မေလအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးနိုင်မယ်ဆိုရင်တော့ ဒီနှစ်အတွင်းမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတရပ် ဖြစ်လာဖို့ အလားအလာ ရှိတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

အခု ၄ ရက်ကြာ ဆွေးနွေးပွဲကိုတော့ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး အပါအဝင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ၆ ဦး တတ်ရောက် ဆွေးနွေးခဲ့တာကြောင့်၊
မြန်မာစစ်တပ်ဘက်က ကိုယ်စားပြု ပါဝင်မှုအပေါ်မှာ ကျေနပ်အားရမိတယ်လို့ တိုင်းရင်းသားတွေဘက်က ပြောပါတယ်။ တိုင်းရင်းသားတွေဘက်ကတော့ အခု မူကြမ်းတရပ် ထွက်လာမယ်ဆိုရင်တော့ လက်မှတ်မထိုးခင်မှာ တိုင်းရင်းသား ထိပ်သီးညီလာခံတခု ခေါ်ယူဖို့ လိုအပ်လာနိုင်တယ်လို့ ဒေါက်တာ လျှံမုန်းဇာခေါင် က ပြောပါတယ်။

အခု ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်ကို လွှတ်တော်ပြင်ပအနေနဲ့ လုပ်ဆောင်နေပေမဲ့လည်း သဘောတူညီချက် ဖြစ်လာရင်တော့ ဒါကို လွှတ်တော်က အတည်ပြုပေးဖို့ လိုမယ်လို့လည်း ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကိစ္စ၊ တပ်ပိုင်းဆိုင်ရာ စုဖွဲ့မှု စတဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေဟာ အခု အပစ်အခတ်ရပ်စဲရေးအဆင့်မှာ ပါဝင်မှာမဟုတ်ဘဲ၊ နောက်ပိုင်း နိုင်ငံရေး
ဆွေးနွေးပွဲကျမှ ဆွေးနွေးမယ်လို့လည်း သိရပါတယ်။
XS
SM
MD
LG