သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ဆန္ဒပြသူတွေကို အရေးယူမည်


ရန်ကုန်မြို့ အင်းလျား ကန်ဘောင်ပေါ်တွင် ပြည်တွင်းစစ် ရပ်စဲရေး လိုလားသူ ပြည်သူတွေက ငြိမ်းချမ်းရေး ဆန္ဒပြနေကြစဉ်
ရန်ကုန်မြို့ အင်းလျား ကန်ဘောင်ပေါ်တွင် ပြည်တွင်းစစ် ရပ်စဲရေး လိုလားသူ ပြည်သူတွေက ငြိမ်းချမ်းရေး ဆန္ဒပြနေကြစဉ်
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲတရပ်ကို ရန်ကုန်မြို့မှာ တတ်ကြွလှုပ်ရှားသူတွေ စုဝေးပြုလုပ်ခဲ့ကြပါတယ်။ ရန်ကုန်တိုင်းရဲမှုးကတော့ ခွင့်ပြုချက်မရပဲ ဆန္ဒပြတာကြောင့် ဦးဆောင်စီစဉ်သူတွေကို တရားစွဲဆိုသွားမယ်လို့ ပြောပါတယ်။ ဆန္ဒပြပွဲ စတင်ချိန် မြို့တွင်းမှာ လူ သုံးရာ ဝန်းကျင်ပဲ ရှိပေမယ့်၊ နောက်ပိုင်း ဒေသခံပြည်သူတွေပါ ပူးပေါင်း ပါဝင်လာတာကြောင့် ဆန္ဒပြသူ ထောင်ဂဏန်းအထိရှိလာပါတယ်။

ဆန္ဒပြမှုကိုတော့ ကချင်နက်ဝပ်၊ ပန်းရဲ့လမ်း၊ Generation Wave စတဲ့ အဖွဲ့အစည်းတွေ စုစည်း ပြုလုပ်ခဲ့ကြတာလို့သိရပါတယ်။ ဆန္ဒပြသူတွေဟာ ရန်ကုန်မြို့တဝှမ်း ချီတက်လှည့်လည်ပြီး၊ ညနေပိုင်း ၄ နာရီလောက်မှာ ပြည်လမ်း အင်းလျားကန်ဘောင်နား ငြိမ်းချမ်းရေးကျောက်တိုင် စိုက်ထူခဲ့ကြပါတယ်။ ဒီနောက် ငြိမ်းငြိမ်းချမ်းချမ်းပဲ လူစုခွဲခဲ့ကြတာပါ။ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့တော့ ရန်ကုန်မြို့က ဗွီအိုအေသတင်းထောက် ကိုသူရစိုးကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။ ။ ရန်ကုန်မြို့မှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ချီတက် ဆန္ဒပြခဲ့တဲ့ ပွဲမှာ ခေါင်းဆောင်တဲ့သူ တချို့ကို ဖမ်းဆီးတယ်လို့ ကြားရပါတယ်။ အခြေအနေ ဘာများ ကြားမိပါသလဲ။

ကိုသူရစိုး။ ။ ဟုတ်ကဲ့။ ဆန္ဒထုတ်ဖော်ပွဲဲပြီးတော့ ညနေ ခြောက်နာရီလောက်မှာ ကျနော်တို့လည်း ကြားလို့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုမိုးသွေးကို ဖုန်းဆက်ပြီး မေးမြန်းကြည့်တဲ့အခါ သူ့ကို ထောက်လှမ်းရေးအဖွဲ့က လက်ကို လာဆွဲအခါမှာ သူက ဒီလိုမလုပ်ပါနဲ့ပေါ့။ အေးအေးချမ်းချမ်း လုပ်ပါလို့ ပြောပြီးတော့ ကားနဲ့ သူတို့ ထွက်ပြေးသွားတယ်ပေါ့။ သူတို့နောက်က တောက်လျောက် လိုက်နေတယ်ပေါ့။

ကိုသားညွန့်ဦး။ ။ ဖမ်းတာဆီးတာရော ကြားမိသလားခင်ဗျ။

ကိုသူရစိုး။ ။ အဲ့ဒီ့နောက်ပိုင်း ဖုန်းဆက်လို့မရတော့ဘူး။ သူတို့ဖုန်းတွေက ပိတ်ထားတယ်လို့ ့ပြောတယ်ခင်ဗျ။ သူတို့ထဲမှာ ခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုနေမျိုးဇင်ကို ကျနော်ဆက်တယ်။ ပြီးခဲ့တဲ့ ၇နာရီလောက်က ဆက်တဲ့အခါ ကိုနေမျိုးဇင်က သူ့ဆီတော့ ဘာမှ မလာသေးဘူးပေါ့။ သူလည်း လာဖမ်းလို့ရှိရင် အဆင်သင့် ပြင်ထားတယ်လို့ ပြောပါတယ်။

ကိုသားညွန့်ဦး။ ။ ဆန္ဒပြပွဲနဲ့ပတ်သက်ပြီးတော့ သတင်းစာရှင်းလင်းပွဲလုပ်တယ်လို့ ကြားပါတယ်ခင်ဗျ။ ဘယ်မှာလုပ်တာလဲ။ ဘယ်သူပြောလဲ။

ကိုသူရစိုး။ ။ ငြိမ်းချမ်းရေးကျောက်တိုင် စိုက်နေတဲ့အချိန်မှာပဲ ၄နာရီခွဲလောက်မှာပဲ ရန်ကုန်တိုင်း လွှတ်တော်ရုံးမှာ ရဲမှုးကြီး မြင့်ထွေးခေါင်းဆောင်ပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်ခင်ဗျ။ သတင်းစာရှင်းလင်းပွဲမှာ ရဲမှုးကြီး မြင့်ထွေးပြောတာက ဆန္ဒပြတဲ့သူတွေကို ပုဒ်မ ၁၈နဲ့ မြို့နယ် ၁၀ မြို့နယ်ကို တရားစွဲဆိုမယ်ပြောပါတယ်ခင်ဗျ။ နောက်သူရှင်းပြတာကတော့ အနိမ့်ဆုံး ထောင်ဒဏ် တနှစ်နဲ့ ငွေဒဏ် သုံးသောင်းချခံရနိုင်တယ်လို့ ပြောပါတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ ဆန္ဒပြပွဲထဲမှာရော ဆန္ဒပြမှုတွေဖြစ်တဲ့အခါမှာရော လုံခြုံရေးတာဝန်ရှိသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှု တွေဖြစ်ခဲ့သလား။

ကိုသူရစိုး။ ။ တာမွေအဝိုင်းနားမှာတော့ အဲ့ဒီ့က မြို့နယ်မှုးက ထွက်တားတာပေါ့။ ထွက်တားတဲ့ အခါကျတော့ ဆန္ဒပြခေါင်းဆောင်တယောက်ကတော့ ရှင်းပြတာပေါ့။ သူတို့ ခွင့်ပြုချက် တောင်းတယ်။ မရတဲ့အခါ တိုက်ပွဲတွေဖြစ်နေတဲ့ အပေါ် လျစ်လျူရှု မနေနိုင်တဲ့ အတွက် သူတို့ကို ဆက်ပြီး သွားခွင့်ပြုပါပေါ့။ ဥပဒေကြောင်းအရ အရေးယူမယ်ဆိုလည်း ယူပါ ဆိုပြီး သူတို့ကပြောတယ်ခင်ဗျ။ အဲ့ဒီ့အခါ မြို့နယ်မှုးက ခွင့်ပြုလိုက်ပါတယ်။

နောက်ဒီနေ့ညနေ ကန်ဘောင်ပေါ်မှာ ကချင်ပြည်နယ်ကလာတဲ့ ဒုက္ခသည်အမျိုးသမီးတွေက ငြိမ်းချမ်းရေးအတွက် ရည်ရွယ်တယ်ဆိုပြီး နှင်းဆီပန်းဖြူတွေကို လုံခြုံရေး တပ်ဖွဲ့တွေကို ပေးတယ်ခင်ဗျ။ တော်တော်များများကတော့ ယူကြပါတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ ဆန္ဒပြစဉ် ကာလတလျောက်လုံး ကိုသူရစိုးလည်း သတင်းယူနေတယ်ဆိုတော့ ဆန္ဒပြသူတွေရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲခင်ဗျ။

ကိုသူရစိုး။ ။ ဆန္ဒပြသူတွေကို မေးကြည့်တဲ့အခါ သူတို့က ကချင်ငြိမ်းချမ်းရေးအတွက် လမ်းလျောက်ကြတာပါ စစ်ပွဲတွေ ရှိနေသရွေ့ ဒီတိုင်းပြည်ဟာ ငြိမ်းချမ်းမှာ မဟုတ်ဘူး ဒါကြောင့် အားလုံးပေါင်းပြီး ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်ကြတာပါလို့ ရှင်းပြပါတယ်။

စစ်ပွဲတွေဖြစ်နေတဲ့အတွက် ပညာရေးတွေရော စီးပွားရေးတွေရော အကုန်ရပ်တန့်ထားရပါတယ်။ ဒီဟာတွေကို ရပ်တန့်မယ်ဆိုတဲ့ ဟာမျိုးကိုတော့ ဘယ်သူမှ ရပ်တန့်တောင် မလုပ်နိုင်ပါဘူး။

အဲ့ဒီ့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြမူကို လမ်းပိတ်မယ်ဆိုတာမျိုး အနှောင့်အယှက်ဖြစ်မယ်ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့တော့ တားမြစ်ပါတယ်။ အဲ့လိုပြောတဲ့အတွက် ဆန္ဒပြသူတွေအနေနဲ့ မနာခံနိုင်ဘူး ဒါကြောင့် ဆက်ပြီး လမ်းလျောက်ကြတာဖြစ်ကြောင်း နဲ့ ပြည်သူတွေဟာ ငြိမ်းချမ်းရေးကို ဘယ်လောက် လိုလားတောင့်တနေတယ်ဆိုတာ ဒီငြိမ်းချမ်းရေးလမ်းလျောက်ပွဲကို ကြည့်ခြင်းအားဖြင့် သက်ဆိုင်ရာ အာဏာပိုင်တွေ အစိုးရပိုင်းတွေ သိနိုင်ပါတယ် ပြည်သူတွေဟာ အတားအဆီး အနှောင့်အယှက်အမျိုးမျိုး ကြားထဲကကို အရဲစွန့်ပြီး လုပ်ကြတာပါလို့ ဆန္ဒပြသူတွေက ပြောကြပါတယ်။

ဆန္ဒပြသူအများစုဟာ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တတိုင်းပြည်လုံးမှာဖြစ်နေတဲ့ စစ်ပွဲတွေ ရပ်စေချင်တယ်ခင်ဗျ။ ပြည်ထောင်စုတိုင်းရင်းသားအချင်းချင်း ဖြစ်နေတယ်။ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေလည်း တော်တော်ဒုက္ခရောက်နေတယ်ဆိုတဲ့အခါကျတော့ ဒါကို သူတို့ ရပ်စေချင်တယ်။ သူတို့က ဆန္ဒထုတ်ဖော်တဲ့သဘောပါ။ အားလုံးက တသဘောထားတည်းပါပဲ။

ကိုသားညွန့်ဦး။ ။ ကိုသူရစိုး ကျေးဇူးတင်ပါတယ်။

ရန်ကုန် အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုသူရစိုးကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG