သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာ သန္တိသုခကျောင်း သိမ်းပိုက်မှု ဖြေရှင်းဖို့ ပီနန်ဆရာတော် တောင်းဆို


(ဓာတ်ပုံ - အေပီခင်မောင်ဝင်း)
(ဓာတ်ပုံ - အေပီခင်မောင်ဝင်း)
မဟာသန္တိသုခ ကျောင်းတိုက်ကို အာဏာပိုင်တွေနဲ့ သံဃာတော်တချို့က ညဉ့်နက်သန်းခေါင် အင်အားသုံး ဝင်စီးပြီး ချိတ်ပိတ်လိုက်တဲ့ကိစ္စကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံတော် သံဃာ့နာယက အဖွဲ့ကို အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းပေးဖို့ တောင်းဆိုမယ်လို့ မူလက သာသနာပြု ပီနန်ဆရာတော်ကြီး ဦးပညာဝံသက မိန့်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့လည်း သာသနာရေးဦးစီးဌာနဘက်က သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ အသေးစိတ် မဆုမွန် က တင်ပြထားပါတယ်။

အင်္ဂါနေ့ညဦးပိုင်းမှာ ရန်ကုန်တိုင်း တာမွေမြို့နယ်အတွင်းမှာရှိတဲ့ မဟာသန္တိသုခ ကျောင်းတိုက်ကို ရဲအင်အားသုံး ဝိုင်းပြီးတော့မှ အတွင်းက သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို နိုင်ငံတော် သံဃာ့နာယကအမိန့်နဲ့ ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ သံဃာတော်တွေကို ကမ္ဘာအေး နိုင်ငံတော် သံဃာ့နာယကရုံးကို မဟန ဆရာတော်ကြီးတွေ သြဝါဒခံယူဖို့ဆိုပြီး ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

ပီနန်ဆရာတော်ကြီး ဦးပညာဝံသ နဲ့ နိုင်ငံတော် သံဃာ့မဟာနာယက မဟနအဖွဲ့ကြား မဟာသန္တိသုခ ကျောင်းတိုက် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အခြေအတင် အငြင်းပွားနေကြတဲ့အချိန် အခုလို အခြေအနေ ဖြစ်သွားခဲ့တာပါ။ အခုလို ကျောင်းတိုက်တွင်း ညဉ့်သန်းခေါင်ယံ ဝင်ရောက် စီးနင်းပြီး သံဃာတွေကို အင်အားသုံး ခေါ်ဆောင်သွားတဲ့အပေါ် သမ္မတ ဦးသိန်းစိန်ကို ဖြေရှင်းပေးဖို့ တောင်းဆိုမှာ ဖြစ်တယ်လို့ ဂျပန်ကို ခေတ္တရောက်နေတဲ့ ပီနန်ဆရာတော်က ဗွီအိုအေမြန်မာပိုင်းကို မိန့်ပါတယ်။

“ဓမ္မသတ်အစီအစဉ်ဆိုရင် အကြောင်းကြားရမှာပေါ့။ အခုအတိုင်းကတော့ စိတ်ကောင်း၊ စေတနာကောင်းနဲ့ လုပ်ပေးတယ်။ အခု ဒီလိုဖြစ်တယ်ဆိုတော့ တခုတော့ရှိတယ် သံဃာ့နာယကက သူတို့က ဓမ္မစက်တဲ့၊ အစိုးရက အာဏာစက်တဲ့။ ဓမ္မစက်က မြင့်တယ်တဲ့။ သံဃာ့နာယကက လုပ်ချင်တာလုပ်တဲ့။ သူတို့ကို ဘယ်သူမှ တရားမစွဲနိုင်ဘူးတဲ့။ ဘုန်းကြီးတို့က သူတို့ကို ဘာလုပ်မလဲဆိုတော့ သူတို့လုပ်တာ ဘုန်းကြီးတို့ ကြည့်ရဦးမယ်။ သူတို့လုပ်တာမျိုးတော့ ဘုန်းကြီးတို့က အာဏာရှိတဲ့လူတော့ မဟုတ်ဘူးပေါ့လေ။ သူတို့လုပ်တာကို ကြည့်ပြီးတော့ နောက်ဘုန်းကြီးတို့က လုပ်သင့်လုပ်ထိုက်တာတွေကို လောကကြီးမှာ လုပ်စရာတွေ အများကြီးပါပဲလို့ ဘုန်းကြီးပြောချင်တယ်လေ။”

ပီနန်ဆရာတော် မြန်မာပြည်ကို ပြန်ကြွလာချိန်မှာလည်း ကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဖြေရှင်းကြဖို့ စီစဉ်ထားချိန်မှာ အခုလို အင်အားသုံး ဝင်စီးနင်းခဲ့တဲ့ ကိစ္စအပေါ် ပီနန်ဆရာတော်က စိတ်မသက်မသာ ဖြစ်ရတယ်လို့ မိန့်ပါတယ်။

“အခုဘုန်းကြီးတို့က နိုင်ငံခြားသွားတဲ့ အခါကျတော့မှ သူတို့က အခုလို ကျောင်းကို စစ်တပ်လို၊ Terrorist တွေလို၊ ဓားပြတိုက်သလို၊ တခါတည်း ဝင်တိုက်ပြီးတော့ လူကြားမကောင်း၊ သူကြားမကောင်း သူတော်ကောင်းတွေရဲ့ စိတ်နှလုံး မသာယာအောင်လုပ်တဲ့ အဲဒီသံဃာ့နာယကဆိုတော့ စဉ်းသာစဉ်းစားကြည့်တော့။ နာမည်နဲ့ သူတို့ သံဃာ့နာယကခိုင်းလို့ သာသနာရေးဌာနက လုပ်ရပါတယ်လို့ ပြောတယ်။ အဲဒီတော့ သံဃာ့နာယကကလည်း ခိုင်းလို့၊ တိုင်းသံဃာ့နာယကကလည်း လုပ်ရတယ်လို့ ပြောတယ်။ အဲဒီတော့ ဘုန်းကြီးတွေမှာ ဝါးရင်းတုတ်တွေလည်း ပါလာတယ်တဲ့။ Walkie Talkie တွေလည်း ပါလာတယ်ဆိုတော့ ဘုန်းကြီးတွေကလည်း အခုနကလို Terrorist တွေလို ဖြစ်နေတယ်။ အဲဒီမှာလည်း စစ်တပ်ရော၊ ခုနက ရဲရော၊ သာသနာရေးဌာနရော ပါတယ်လို့ပြောတော့ မြန်မာပြည်ရဲ့ ဒီမိုကရေစီဟာ ဒီကနေ့ မဟာသန္တိသုခကျောင်းကို အကြမ်းပတမ်း ဝင်စီးခြင်းကို ကြည့်ခြင်းအားဖြင့် ဒီမိုကရေစီသွားတဲ့ နမူနာလား၊ ပြယုဂ်လား၊ example လားဆိုတာ အားလုံး သဘောပေါက်ဖို့ လိုတယ်လို့ ဘုန်းကြီးကတော့ အဲဒီလိုလည်း ထင်တယ်လေ။”

အင်္ဂါနေ့ညက မဟာသန္တိသုခ ကျောင်းတိုက်ဝင်းအတွင်းကို လာရောက်ဝိုင်းခဲ့တဲ့ သံဃာတော်တွေနဲ့ အခေါ်ဆောင်ခံသွားရတဲ့ သံဃာတော်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူ တဦးဖြစ်တဲ့ ဦးညိုထွန်းက အခုလို ပြောပြပါတယ်။

“ကျောင်းကိုဝင်ပြီးတော့လုပ်ပုံက တကယ့်ကို တိုက်ပွဲတပွဲကို ဝင်စီးတဲ့ပုံစံမျိုးတွေဗျ။”

ဂျပန်နိုင်ငံကို ခေတ္တရောက်နေတဲ့ ပီနန်ဆရာတော် ဘုရားကြီးအနေနဲ့ မြန်မာနိုင်ငံတွင်းကို ပြန်လည်ကြွရောက်မှာဖြစ်ပြီး သက်ဆိုင်ရာ သံဃာ့မဟာနယကအဖွဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှာ ဖြစ်တယ်လို့လည်း မိန့်ပါတယ်။ အခုလို ဖြစ်ပျက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီးလည်း မဟာသံဃာ့နာယကအဖွဲ့ဘက်က သာသနာရေး ဦးစီးဌာနရုံးမှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

“နေ့ခင်းဘက် လုပ်တယ်ဆိုလို့ရှိရင်လည်းပဲ လူကြီးသက်သေရော၊ ပရိတ်သတ်တွေရော ဆိုလို့ရှိရင် ကျနော်တို့က ကျနော်တို့ရဲ့ အေးချမ်းစွာ အကောင်အထည်ဖော်ဆောင်မှုကို အနှောက်အယှက် ဖြစ်မှာကို ကျနော်တို့လည်း စိုးရိမ်တာပါပါတယ်။ ကျနော်တို့က တဘက်သံဃာတွေကိုလည်း အေးအေးချမ်းချမ်း ဖြစ်စေချင်ပါတယ်။”

မဟာသန္တိသုခ ကျောင်းတော်ကြီးကို ပီနန်ဆရာတော်နာမည်နဲ့ လှူဒါန်းထားတာဖြစ်ပြီး သံဃာ့လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့တဲ့ ဆရာတော်ကို ပြည်ဝင်ခွင့်ပိတ်ပင်ခဲ့ပြီးနောက် စစ်အစိုးရလက်ထက်မှာ ကျောင်းကို သံဃာနာယကအဖွဲ့က ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG