သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံဃာတွေ လူဝတ်လဲ ဖမ်းဆီးခံရမှု သာသနာ့ ဥသျှောင် အဖွဲ့ ဝေဖန်


မဟာသန္တိသုခကျောင်းတိုက်ကို အာဏာပိုင်တွေ ဝင်ရောက်စီးနင်းချိတ်ပိတ်စဉ် ညကမြင်ကွင်း - (ဓာတ်ပုံ - အေပီခင်မောင်ဝင်း)
မဟာသန္တိသုခကျောင်းတိုက်ကို အာဏာပိုင်တွေ ဝင်ရောက်စီးနင်းချိတ်ပိတ်စဉ် ညကမြင်ကွင်း - (ဓာတ်ပုံ - အေပီခင်မောင်ဝင်း)
တာမွေမြို့နယ်တွင်း မဟာသန္တိသုခကျောင်းကို ဝင်ရောက်စီးနင်းပြီး၊ အဲဒီက သံဃာတော်တချို့ကို ဖမ်းဆီး အတင်းလူဝတ်လဲတာဟာ တရား ဓမ္မလက်လွတ်လုပ်တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုပြီး ပီနန်ဆရာတော်ကြီး ဦးစီးတဲ့ သာသနာ့ဥသျှောင်အဖွဲ့က ဝေဖန်ပြစ်တင်လိုက်ပါတယ်။

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုပြီးတဲ့နောက် မြန်မာအာဏာပိုင်တွေကို တချိန်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ သာသနာ့ဦးသျှောင်အဖွဲ့ရဲ့ ဦးဆောင်သူတွေကို အငြိုးထားပြီး လုပ်တဲ့လုပ်ရပ်လို့လည်း ရှုမြင်တယ်လို့ သာသနာ့ဥသျှောင် ပြောခွင့်ရဆရာတော်က မိန့်ပါတယ်။ အသေးစိတ်ကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မဟာသန္တိသုခကျောင်းတိုက်ကို ဇွန်လ ၁၀ ရက်နေ့တုန်းက အာဏာပိုင်တွေနဲ့ နိုင်ငံတော် သံဃာ့မဟာနာယက (မဟန) အဖွဲ့က ညအချိန်မတော် ဝင်ရောက်စီးနင်း ချိတ်ပိတ်ပြီးတဲ့နောက်၊ အဲဒီမှာ သီတင်းသုံးနေတဲ့ သံဃာတချို့ကို အတင်းလူဝတ်လဲ ဖမ်းဆီးမှုတွေ လုပ်ခဲ့တာပါ။ အတင်း လူဝတ်လဲခံရတဲ့ အထဲမှာဆိုရင် လန်ဒန်မြို့ သာသနရံသီ ဝိဟာရကျောင်းတိုက်က ကျောင်းထိုင်ဆရာတော် ဦးဥတ္တရလည်း ပါဝင်ပါတယ်။

ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် နိုင်ငံတကာမှာ သာသနာပြုနေတဲ့ ဦးဥတ္တရကို အခုလို အတင်းလူဝတ်လဲ ဖမ်းဆီးတာနဲ့၊ အခုလို မဟာသန္တိသုခကျောင်းတိုက်ကို ဝင်ရောက်စီးနင်း ချိတ်ပိတ်တဲ့အပေါ်မှာ သာသနာ့ဥသျှောင်အဖွဲ့က ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။ ဒါဟာ တရားဓမ္မနဲ့ မညီညွတ်ဘူးလို့ သာသနာ့ဥသျှောင်အဖွဲ့ ပြောခွင့်ရသူ အရှင်ဇဝနက ဗွီအိုအေကို မိန့်ပါတယ်။

“ကျောင်းတိုက်တခုကို အငြင်းပွားမှုဖြစ်တဲ့အခါကျရင် တရားနည်းလမ်းတကျ ဖြေရှင်းရမယ်ဆိုတဲ့ဥစ္စာ ဘုရားက သတ်မှတ်ပြီးသား နည်းလမ်းတွေရှိတယ်။ အဲ့ဒီနည်းလမ်းတွေအတိုင်းပဲ ဦးဇင်းတို့ အဆက်ဆက် ဆုံးဖြတ်ခဲ့ပြီးသားဖြစ်တယ်ပေါ့။ ဒီလို နည်းလမ်းတကျ နည်းတွေရှိပါလျက် တရားဓမ္မနည်းအရ လုပ်ဆောင်လို့ရတဲ့ နည်းလမ်းတွေရှိပါလျက်နဲ့ တကယ့်ကို လူမိုက်ဂိုဏ်းဆန်ဆန် အာဏာကို လက်ကိုင်ထားပြီးတော့ တရားဓမ္မ လက်လွတ် လုပ်တဲ့ကိစ္စကျတော့ တရားဓမ္မနဲ့မညီတဲ့ကိစ္စကို ကျနော် ထောက်ပြပြောဆိုတာ ဖြစ်ပါတယ်။”

မေး။ ။ တင်ပါ့ဘုရား သံဃာတော်တွေကို အတင်းလူဝတ်လဲ ထောင်ထဲထည့်တဲ့ကိစ္စနဲ့ ပတ်သက်လို့ရော ဒါက ဒီဝတ်နည်းအရ တဘက်ကပြောရင် သံဃာ့စည်းမျဉ်းအရရော ဘယ်လိုရှိပါသလဲဘုရား။ အဲ့ဒါ ညီညွတ်ပါရဲ့လား။
ဖြေ။ ။ “ရဟန်းတော်တပါးကို လူဝတ်လဲဖို့ဆိုတာ သူ့ဟာသူ ဝိနည်းဥပဒေမှာ ရှိထားပြီးသား။ ရဟန်းတော်တပါး လူဝတ်လဲရတဲ့ ပြစ်မှုတွေက သူ့ဟာသူ ရှိထားပြီးသား။ အဲ့ဒီလို ရဟန်းတော်တပါး လူဝတ်လဲရလောက်တဲ့ ပြစ်မှုမျိုးဖြစ်ရင်တောင်မှ ဒီပြစ်မှု မြောက်လား၊ မမြောက်လားဆိုတာကို စစ်ဆေးမေးမြန်းပြီးတော့ ကာယကံရှင်က ဝန်ခံတဲ့အပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်ရတာဖြစ်တယ်။ တကယ်လို့ သူ ပြစ်မှုကျူးလွန်နေတယ်၊ ကာယကံရှင်ကလည်း ဝန်မခံသေးဘူးဆိုရင်တောင်မှ ဒီကျန်တဲ့ပုဂ္ဂိုလ်က သူ့ကို နိဝသုတ္တံ နာသုဒ္ဒါပေါ့ စင်ကြယ်တယ်လည်းမဟုတ်၊ မစင်ကြယ်တယ်မဟုတ် ဆိုတဲ့ အနေအထားနဲ့ပဲ ဆက်ဆံရတယ်။ အတင်း လူဝတ်လဲရမယ်ဆိုတဲ့အချက်ကို ဘုရားက မသတ်မှတ်ထားဘူးပေါ့နော်။ ဝန်ခံခြင်း - ဝန်ခံတဲ့အတိုင်း ဆုံးဖြတ်ရမယ်ဆိုတဲ့ဟာကို ဆုံးဖြတ်ထားပြီးသား ရှိပါတယ်။ အတင်း လူဝတ်လဲရမယ်ဆိုတဲ့ဥစ္စာ ဝိနည်းမှာလည်း ဥပဒေမရှိပါဘူး။ အဲ့ဒီဥစ္စာကိုက တရားလက်လွတ်၊ တရားမဲ့ ပြုကျင့်တဲ့အချက် ဖြစ်ပါတယ် ဒကာကြီး။”

မေး။ ။ အခု လူဝတ်လဲခံရတဲ့ အရှင်ဥတ္တရက သာသနာ့ဥသျှောင်အဖွဲ့ကပဲ ထင်ပါတယ်ဘုရား။ မှန်ပါလားဘုရား။
ဖြေ။ ။ “ဟုတ်ပါတယ်။ သာသနာ့ဥသျှောင်မှာ တာဝန်ရှိတဲ့ ရဟန်းတော်တပါးပါ။”

သာသနာ့ဥသျှောင်အဖွဲ့ဟာဆိုရင် ၂၀၀၇ ခုနှစ် Saffron Revolution လို့ လူသိများတဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီးမှာ ဖွဲ့စည်းခဲ့တာပါ။ ဆန္ဒပြသံဃာနဲ့ လူထုကို အာဏာပိုင်တွေက အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အပေါ် အဲဒီတုန်းက မြန်မာစစ်အစိုးရကိုရော သံဃာ့မဟာနာယက (မဟန) အဖွဲ့ကိုပါ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ပီနန်ဆရာတော်ကြီးဟာ ဦးဆောင်သံဃာတပါး ဖြစ်ပါတယ်။ ဒီအငြိုးတွေနဲ့ ပီနန်ဆရာတော်ကျောင်းကို ချိတ်ပိတ်တာဖြစ်သလို၊ မြန်မာ့ဒီမိုကရေစီရေးမှာ ပြည်ပကနေ တတ်တတ်ကြွကြွ ပါဝင်လှုပ်ရှားတဲ့ ဦးဥတ္တရကို အတင်းလူဝတ်လဲ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ယူဆတဲ့အကြောင်း သာသနာ့ဥသျှောင် ပြောခွင့်ရသူ အရှင်ဇဝနက မိန့်ပါတယ်။

“သီတဂူဆရာတော်ဘုရားကြီးအမိန့်ရှိသလို တကယ့် လက်နက်စွဲကိုင်ပြီး တိုက်ခဲ့တဲ့သူတွေတောင်မှ စားပွဲဝိုင်းမှာ ထိုင်နိုင်နေပြီ။ တရားဓမ္မအတိုင်း ကျင့်ကြံမယ်ဆိုတဲ့ သံဃာ့အဖွဲ့အစည်းက တယောက်နဲ့တယောက် ဘာဖြစ်လို့ ဒီလိုမျိုး အငြိုးအတေး အာဃာတတွေ ထားသလဲဆိုတဲ့ ဒီဆရာတော်ဘုရားကြီးတွေရဲ့ ပြောစကားဟာလည်း တော်တော်ကို အံဝင်ဂွင်ကျဖြစ်ပါတယ်။ အဲတော့ မိမိတို့တွေဟာ အငြိုးအတေး အာဃာတ လောဘ၊ ဒေါသ၊ မောဟတွေ ခွာပြီးတော့ ပြဿနာကို ဖြေရှင်းရမယ့်သူတွေဖြစ်ပါလျက်ကယ်နဲ့ အာဃာတအငြိုးအတေးတွေနဲ့ ဖြေရှင်းတယ်ဆိုတဲ့ဥစ္စာက တရားနည်းလမ်းမကျဘူးလို့ ဦးဇင်းအနေနဲ့ မြင်ပါတယ်။”

အခုလို ကျောင်းတိုက်ပိုင်ဆိုင်မှု အငြင်းပွားပြီး ဖြစ်သွားတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ သံဃာ့မဟာနာယက (မဟန) အဖွဲ့ ဆုံးဖြတ်ချက်ကပဲ အတည်ဖြစ်ပြီး၊ အစိုးရ အုပ်ချုပ်ရေးပိုင်းအနေနဲ့ ဝင်စွက်ဖက်ပြောဆိုလို့ မရဘူးလို့ မြန်မာသမ္မတ ပြောခွင့်ရသူကတော့ တုံ့ပြန်ထားပါတယ်။ ဒါပေမဲ့လည်း ကျောင်းတိုက်ပိုင်ဆိုင်မှု အငြင်းပွားမှုဖြစ်နေတာမှာ မဟနအဖွဲ့နဲ့ ပီနန်ဆရာတော်တို့အကြား ဖြစ်နေသလို၊ ဝင်ရောက်စီးနင်း ချိတ်ပိတ်ရာမှာလည်း အုပ်ချုပ်ရေးဆိုင်ရာ လုံခြုံရေး အာဏာပိုင်တွေ ပါဝင်နေကြတာမို့ လက်တွေ့နဲ့ ပြောဆိုချက်တွေမှာ အငြင်းပွားစရာတွေတော့ ဖြစ်နေပါတယ်။
XS
SM
MD
LG