သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်စစ်တပ်က Anthrax ဗိုင်းရပ် မတော်တဆပို့ပေးမိ


 Anthrax Virus ရောဂါပိုး စစ်ဆေးနေစဉ်။
Anthrax Virus ရောဂါပိုး စစ်ဆေးနေစဉ်။

အမေရိကန် ပြည်ထောင်စုက ပြည်နယ် ၉ ခုနဲ့ တောင်ကိုရီးယား နိုင်ငံက အရပ်ဖက်သုံး ဓာတ်ခွဲခန်းတွေကို အမေရိကန် စစ်တပ်က ဒေါင့်သန်းရောဂါ ဗိုင်းရပ်စ်ပိုး နမူနာတွေကို မတော်တဆ ပေးပို့မိခဲ့ပြီးနောက်၊ လူပေါင်း ၂၀ ကျော်ကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဆေးကုသ ပေးနေရပါတယ်။

အမေရိကန်က ဓာတ်ခွဲခန်းဝန်ထမ်း ၄ ဦးအပြင် တောင်ကိုရီးယားနိုင်ငံ Seoul မြို့တော် အပြင်ဖက်မှာရှိတဲ့ Osan လေတပ်စခန်းက ဝန်ထမ်း ၂၂ ယောက်တို့ဟာ၊ အမေရိကန် အနောက်ဖက်ခြမ်း Utah ပြည်နယ်မှာရှိတဲ့ စစ်စခန်းတခုကနေ တင်ပို့လိုက်တဲ့ ဒေါင့်သန်းရောဂါ ကူးစက်ခံရမယ့် အန္တရာယ်နဲ့ ကြုံခဲ့ရတဲ့အကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာပါ။

ဇီဝပိုးမွှားတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေကို လက်တွေ့ကြုံရတဲ့အခါ သိရှိနိုင်အောင် စမ်းသပ်ဖို့ ရည်ရွယ်ထားတဲ့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ အစီအစဉ်အရ ဒေါင့်သန်းရောဂါ ဗိုင်းရပ်ပိုး အသေတွေကို တင်ပို့ရမှာ ဖြစ်ပေမဲ့ မတော်တဆမှားယွင်းပြီး၊ လူသေလောက်တဲ့အထိ အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်ပိုးအရှင်တွေကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဝါရှင်တန်မြို့တော်အနီးက မေရီလန်းပြည်နယ်မှာရှိတဲ့ ဓာတ်ခွဲခန်းကတော့ ပြီးခဲ့တဲ့သီတင်းပတ် နှောင်းပိုင်းမှာ ဗိုင်းရပ်စ်ပိုး အရှင်တွေကို လက်ခံရရှိခဲ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့တာပါ။ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် ပြောခွင့်ရသူ ဗိုလ်မှူးကြီး Steven Warren ကတော့ ဓာတ်ခွဲခန်း ဝန်ထမ်းတွေ ရောဂါကူးစက်ခံရမယ့် အန္တရာယ်ရှိတာမျိုး၊ ကူးစက်ခံရတယ်လို့ အတည်ပြုနိုင်တာမျိုး လတ်တလော မရှိသေးဘူးလို့လည်း အမေရိကန် လူထုကို ထပ်မံအာမခံ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG