သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမှာ ဓားစာခံတွေ ကယ်တင်ဖို့ အမေရိကန်ကြိုးပမ်းခဲ့မှု မအောင်မြင်


နောက်ထပ် အမေရိကန်လူမျိုး သတင်းထောက်တဦးကို သတ်ပစ်မယ်လို့ Islamic State စစ်သွေးကြွတွေက ခြိမ်းခြောက်နေတဲ့ကြားမှာပဲ၊ အီရတ်မှာရှိတဲ့ Islamic State စစ်သွေးကြွတွေကို အမေရိကန်က ဗုဒ္ဓဟူးနေ့မှာ နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ သူ့နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ လုပ်ဆောင်စရာတွေကို ဆက်လုပ်သွားမယ်လို့ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။ Islamic State စစ်သွေးကြွအဖွဲ့ကနေ အမေရိကန် သတင်းထောက် James Foley ကို ခေါင်းဖြတ်သတ်ခဲ့တဲ့ ဗွီဒီယိုထုတ်ပြန်ခဲ့တာကို ပြန်စစ်ပြီး၊ ဒီဗွီဒီယိုဟာ တကယ့်အမှန် ဖြစ်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက အတည်ပြုလိုက်ပြီးနောက် သမ္မတအိုဘားမားက အခုလို ပြောလိုက်တာပါ။

ဒီဗွီဒီယိုကိုကြည့်လို့ တကမ္ဘာလုံးက မယုံနိုင်အောင် တုန်လှုပ်ရတယ်လို့လည်း မစ္စတာအိုဘားမားက ပြောပါတယ်။ ဒီလူသတ်သမားတွေနဲ့ အကြမ်းဖက်သမားတွေဟာ သူတို့ရဲ့ ပျက်စီးယိုယွင်းနေတဲ့ အတွေးအခေါ်နဲ့အတူ အဆုံးသတ် ကျဆုံးသွားရလိမ့်မယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။ James Foley ကို သတ်ဖြတ်ခဲ့တာမျိုးကို ဘယ်ဘုရားသခင်ကမှ လက်ခံမှာ မဟုတ်တာကြောင့်၊ Islamic State စစ်သွေးကြွအဖွဲ့ဟာ ဘယ်ဘာသာရေးကိုမှ ကိုယ်စားပြု ပြောနေတာ မဟုတ်ဘူးလို့လည်း သမ္မတအိုဘားမားက တုန့်ပြန်ခဲ့ပါတယ်။

Foley ဟာ ဆီရီယားနိုင်ငံတွင်း သတင်းယူရင်းနဲ့ ၂၀၁၂ နိုဝင်ဘာလကတည်းက ပျောက်ဆုံးသွားခဲ့တာပါ။ စစ်သွေးကြွတွေကတော့ အမေရိကန်ဘက်က နောက်လုပ်လာမယ့် ခြေလှမ်းပေါ်မူတည်ပြီး ပြန်ပေးဆွဲထားတဲ့ နောက်ထပ် အမေရိကန်သတင်းသမားတဦးကိုလည်း သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။

အဲဒီ စစ်သွေးကြွအဖွဲ့ ဖမ်းထားတဲ့ အမေရိကန်ဓားစားခံတွေကို ကယ်တင်နိုင်ဖို့ အမေရိကန်က ကြိုးပမ်းခဲ့ပေမယ့်၊ စစ်ဆင်ရေး မအောင်မမြင် ဖြစ်ခဲ့ရတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG